အယ်ဒီတာ့အာဘော်
ကျန်းမာရေးအသိဖြင့် စိုးရိမ်မှုများဖယ်ရှား
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ မြင့်မားနေဆဲ ဖြစ်သည်။ မြို့နယ်အလိုက် သံသယရှိသူများကို ရောဂါရှာဖွေစစ်ဆေးပေး လျက်ရှိရာ ပိုးတွေ့လူနာများ မြို့နယ်အလိုက် ပေါ်ထွက်နေဆဲဖြစ်ပြီး နေ့စဉ် ပိုးတွေ့လူနာများ ရာနှင့်ချီ၍ရှိနေသည်။ အောက်တိုဘာလ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၅၅၂၅ ဦးရှိပြီး ရောဂါသက်သာပျောက်ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရခဲ့သူ ၄၃၇၈ ဦး ရှိသည်။
ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်သည့် ကိရိယာများ ရောက်ရှိနေပြီဖြစ်ရာ ရောဂါပိုးရှိသူများ ပိုမိုတွေ့ရှိလာမည်သာ ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြရာ၌ “မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန် စမ်းသပ်နိုင်တဲ့ test kit တွေကိုသုံးပြီ ဆိုရင် ရောဂါပိုးရှိတာတွေ ပိုပြီးတော့ တွေ့လာမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မြန်စစ်လိုက်တဲ့အခါကျတော့ မြန်မြန်သိရတယ်။ အဲဒါကြောင့် လည်း စိတ်ဓာတ်မကျပါနဲ့။ ဒီလိုမြန်မြန်သိရတဲ့အခါကျတော့ စောစောစီးစီး ကုသမှုပေးနိုင်တယ်။ ပျောက်နှုန်းက ပိုပြီးတော့ကောင်းလာမယ်” ဟု အသိ ပေးပြောကြားထားသည်။
ယခုအခါ ဆေးရုံများတွင် test kit များနှင့် သံသယရှိသူများအား စစ်ဆေးနေပြီဖြစ်ရာ ရောဂါပိုးရှိ၊ မရှိ မှန်မှန်ကန်ကန် မြန်မြန်သိလာပြီဖြစ်၍ အောက်တိုဘာလ ၂ ရက်နေ့တွင် ပိုးတွေ့လူနာသစ်များ ပိုမိုတွေ့ရှိခဲ့သည်။ ပိုးတွေ့လူနာသစ်များ တိုးပွားနေသော်လည်း စိုးရိမ်ပူပန်ဖွယ်မဖြစ်ကြရန် သတိပြုဖို့လိုသည်။ ရောဂါပိုးကို စောစောတွေ့၍ စောစောစီးစီး ကုသမှု ခံယူနိုင်လျှင် စောစောစီးစီး ရောဂါပျောက်ကင်းလျော့နည်းသွားမည် ဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးဗဟုသုတများ အတော်များများသိရှိထားပြီး ဖြစ်သည်။ ဗဟုသုတနည်းပါးပြီး အသိနည်းသူလည်းရှိမည် ဖြစ်သည်။
ယခုလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေဆဲဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးအသိ သတိကြီးစွာ ထားရမည့်အချိန် ဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ဖွဲ့စည်းပေးထားသော နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ထိုအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ပြည်သူများသိရှိလိုသောအချက်များ၊ သိရှိသင့်သော အချက်များကို အွန်လိုင်းမှတစ်ဆင့် ဖြေကြားပေးနေရာ ပြည်သူများအတွက် ကျန်းမာရေးအသိများ တိုးပွားကာ အကျိုးများမည်မှာ သေချာပါသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ရောဂါလက္ခဏာသဘာဝနှင့် ကုသပေးမှုအခြေအနေ ပြောင်းလဲတိုးတက်မှု တို့ကို ပြည်သူများသိရှိလာရ၍ စိုးရိမ်ပူပန်မှုများ လျော့ကျလာမည်ဖြစ်သည်။ လူတစ်ယောက်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလိုက်ရသောအခါ ရောဂါ လက္ခဏာပျိုးချိန်၊ ရောဂါရချိန်၊ ရောဂါလက္ခဏာရှိသော်လည်း ရောဂါ လက္ခဏာ မပြင်းထန်သောသူ အများစုရှိသည်။ ရောဂါလက္ခဏာ ပြင်းထန်သူ အနည်းစုကို အသက်ရှူအထောက်အကူပြု ကိရိယာများတပ်ဆင်ကာ ကုသပေးရမှုများလည်းရှိသည်။ ထိုအထဲတွင် ရောဂါအခံရှိသူအချို့ အသက် အန္တရာယ် ထိခိုက်ခဲ့ရသည်။
ရောဂါလက္ခဏာပြောင်းလဲလာမှုအရ ပိုးတွေ့လူနာသည် ၁၀ ရက် နောက်ပိုင်းတွင် ပိုးဆက်လက်ရှိကောင်းရှိနိုင်သော်လည်း ပိုးသည်အန္တရာယ် ပေးနိုင်သောအဆင့်မရှိတော့ပေ။ အခြားလူများကိုလည်း ဆက်လက်ကူးစက် နိုင်စွမ်းမရှိတော့ဟု နောက်ဆုံးအခြေအနေသိရှိရသည်။ ထို့ကြောင့် ရောဂါပိုး ရှိသူများအား ဆေးရုံများတွင် အထူးဂရုစိုက်ကုသပေးလျက်ရှိပြီး ရောဂါမရှိ သောလူနာများအား ၁၁ ရက်နောက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြုခြင်း၊ ဆေးရုံဆင်းပြီးသောအခါ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ခြင်းတို့ကို တိတိကျကျ လုပ်ဆောင်နေသည်။ ထိုသို့ပြောင်းလဲကျင့်သုံးဆောင်ရွက်မှုကြောင့် ယခုနောက်ပိုင်းတွင် လူနှစ်ထောင်ကျော် ဆေးရုံမှဆင်းခွင့်ရသွားပြီ ဖြစ်သည်။
သို့ဖြစ်ရာ ပိုးတွေ့ပြီး ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသောသူများသည် မိမိတို့၏နေအိမ်တွင် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ လိုက်နာကျင့်ကြံနေထိုင်လိုက်ပါက ရာနှုန်းပြည့် ကူးစက်မှုမဖြစ်နိုင်သောအနေအထားကို ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိခဲ့သူများ၊ မတွေ့ရှိရသူ ပြည်သူများ အားလုံးသည် ကိုဗစ်-၁၉ ကာကွယ်ရေး ဆေးလေးမျိုးဖြစ်သည့် (၁) နှာခေါင်းစည်း ကိုတပ်ပါ။ (၂) လက်ကို ခဏခဏဆေးပါ။ (၃) အိမ်မှာ နေပါ။ (၄) ခပ်ဝေးဝေးလေးနေပါဟူသည့် ကျန်းမာရေးအသိရှိပါလျှင် စိုးရိမ်ပူပန်မှုများကင်းဝေးကာ ကိုဗစ်-၁၉ ကျော်လွှားနိုင်မည် ဖြစ်ပါ ကြောင်း။ ။