
ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၄၀ )
ဦးဟန်ညွန့် (ဥပဒေ)
ကျန်းမာရေးစောင့်ရှောက်မှု
ကျန်းမာရေးစောင့်ရှောက်မှုဆိုသည်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်း ဆိုင်ရာ ကျန်းမာမှု အဆင့်မြှင့်တင်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါ ရှာဖွေခြင်း၊ ရောဂါကုသခြင်း၊ ကျန်းမာရေး ပြန်လည်ထူထောင်ခြင်းနှင့် သုတေသနပြုခြင်းများအပါအဝင် ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုပညာဆိုင်ရာ ဆောင်ရွက်မှုများကို ဆိုလိုသည်။ (ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေ၊ ၂(ခ))
ကျန်းမာရေးလုပ်ငန်းဆိုသည်မှာ
ကျန်းမာရေးလုပ်ငန်းဆိုသည်မှာ ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာနှင့် အပြုအမူများကို မြှင့်တင်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေခြင်း၊ ရောဂါကုသခြင်း၊ ကျန်းမာရေး ပြန်လည်ထူထောင်ခြင်းနှင့် သုတေသနပြုခြင်းများအပါအဝင် ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုပညာဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကို ဆိုလိုသည်။ (ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ ၂(က))
ကျန်းမာရေးဝန်ထမ်း
ကျန်းမာရေးဝန်ထမ်းဆိုသည်မှာ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအသီးသီးတွင် ပြည်သူ့ကျန်းမာရေး လုပ်ငန်း များကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံရသူကို ဆိုသည်။ (ကူးစက် ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ၃(ဆ))
ကျန်းမာရေးစောင့်ရှောက်ပေးသူ
ကျန်းမာရေး စောင့်ရှောက်ပေးသူဆိုသည်မှာ မြန်မာနိုင်ငံ ဆေးကောင်စီ က ထုတ်ပေးသော ဆေးကုသခွင့် လိုင်စင်ကိုဖြစ်စေ၊ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီက ထုတ်ပေးသော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်မှတ်ပုံတင် လက်မှတ် သို့မဟုတ် လိုင်စင်ကိုဖြစ်စေ၊ သူနာပြုနှင့် သားဖွား ကောင်စီက ထုတ်ပေးသော သူနာပြု သို့မဟုတ် သားဖွားလိုင်စင်ကိုဖြစ်စေ ရရှိသူနှင့် နည်းပညာ ကျွမ်းကျင်သူများကို ဆိုလိုသည်။ (ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာဥပဒေ၊ ၂(ဒ))
ပြည်သူတွေ စည်းမျဉ်းစည်းကမ်းလိုက်နာမှု
“ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး နိုင်ငံတကာသတင်းတွေကို လေ့လာမယ် ဆိုရင်လည်း တခြားနိုင်ငံတွေမှာလည်း တော်တော် ပြန့်နေတယ်ဆိုတာတော့ သတိပြုမိမယ်လို့ ထင်ပါတယ်။ ဒုတိယလှိုင်းပေါ့၊ တချို့ကတတိယလှိုင်း တောင်ရောက်နေပြီလို့ ခန့်မှန်းတဲ့သူတွေရှိပါတယ်။ တချို့နိုင်ငံတွေမှာတော့ ဒုတိယလှိုင်း၊ တချို့နိုင်ငံတွေမှာတော့ ရောဂါအခြေအနေကို ထိန်းထားနိုင် တယ်။ ရောဂါအခြေအနေကို ထိန်းထားနိုင်တယ်ဆိုတာ ဘာကြောင့်ထိန်းနိုင် လဲလို့ ကြည့်လိုက်ရင် နိုင်ငံချမ်းသာတာနဲ့လည်း မဆိုင်ဘူး။ ဆင်းရဲတာနဲ့လည်း မဆိုင်ဘူး။
နောက်ဆုံးကျတော့ ပြည်သူတွေ စည်းကမ်းရှိမှု၊ ပြည်သူတွေ စည်းမျဉ်း စည်းကမ်းလိုက်နာမှုနဲ့ပဲ ဆိုင်တယ်ဆိုတာ ထပ်ပြီး ကျွန်မသတိပေး ပါရစေ” ဟု Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂ ရက်နေ့ တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမြွက်ကြားခဲ့ပေသည်။
ငွေဒဏ်ရိုက်မှာဖြစ်ပါတယ်
“နှာခေါင်းစည်းတွေမတပ်ဘဲ စျေးတွေမှာ သွားတာများလွန်းလို့၊ လူစု လူဝေး ရှိတဲ့နေရာတွေ များလွန်းလို့ အခုဆိုရင် ငွေဒဏ်ရိုက်ဖို့ဆိုပြီး ဆုံးဖြတ်ပါ တယ်။ အဲဒီတော့ နှာခေါင်းစည်းမတပ်ဘဲ ဈေးတွေ၊ လူစု လူဝေးရှိတဲ့နေရာတွေ သွားတဲ့သူတွေကို နှာခေါင်းစည်းတပ်ရမယ့်နေရာ တပ်ပါဆိုပြီး ကျန်းမာရေး ဝန်ကြီးဌာနကနေပြီး စည်းကမ်းချက်ထုတ်ထားတဲ့နေရာတွေမှာ နှာခေါင်း စည်းမတပ်ရင် အခုဆိုရင် စပြီးငွေဒဏ်ရိုက်မှာဖြစ်ပါတယ်” စသည်ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် မြွက်ကြားခဲ့ပါသည်။
ထိုသို့ပြောကြားခဲ့ခြင်းမှာ ပြည်သူအများ စည်းကမ်းရှိမှု၊ ပြည်သူအများ စည်းမျဉ်းစည်းကမ်း လိုက်နာမှုနှင့် ဥပဒေစောင့်ထိန်းမှုများ ထင်ရှားစေလိုခြင်း ကြောင့် ဖြစ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ်- ၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းကို သတင်းစာ၊ ရုပ်မြင်သံကြားများမှတစ်ဆင့် အခါမလပ် ထုတ်ပြန်ပေးလျက်ရှိပါသည်။ Stay at home အစီအစဉ်တွင် အကျုံးဝင်သော တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းဌာန အသီးသီးမှ အလုပ်သမား ဝန်ထမ်းများနှင့် ပတ်သက်၍လည်း လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့် စပ်လျဉ်း၍ နောက်ဆုံး တွေ့ရှိချက် သတင်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန် ပေးလျက်ရှိပါသည်။ ရောဂါလက္ခဏာတွေ့ရှိသူများအား ဆေးရုံသို့ အချိန်မီ ရောက်ရှိရေး၊ အမြန်ကုသမှုခံယူရေးအတွက်လည်း ဆောင်ရွက်နေပါသည်။
အမေးအဖြေအစီအစဉ်
ကိုဗစ်-၁၉ အကြောင်း သိကောင်းစရာ အမေးအဖြေအစီအစဉ်ကိုလည်း အခါအခွင့်သင့်တိုင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား အစီအစဉ်မှ ထုတ်လွှင့်ပြီး ကျန်းမာရေးဝန်ထမ်းအသီးသီးက ဖြေကြားပေးလျက်ရှိပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ
၂၀၁၃ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၂၁)ဖြင့် ထုတ်ပြန်ခဲ့ သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေတွင် သဘာဝဘေး အန္တရာယ်ဟူသော အဓိပ္ပာယ်ကို ဖွင့်ဆိုထားပါသည်။
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ
သဘာဝဘေးအန္တရာယ်ဆိုသည်မှာ သဘာဝအလျောက်ဖြစ်စေ၊ လူတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု သို့မဟုတ် ပေါ့ဆမှုကြောင့်ဖြစ်စေ၊ မီးလောင်ခြင်း၊ မြေပြိုခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေလွှမ်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ မိုးခေါင်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ ဆူနာမီလှိုင်းဖြစ်ပေါ်ခြင်း၊ ဆီးနှင်း ပြိုကျခြင်း၊ အပူလှိုင်း သို့မဟုတ် အအေးလှိုင်းဒဏ်ခံရခြင်း၊ မီးတောင် ပေါက်ကွဲခြင်း၊ ကမ်းပြိုခြင်း၊ ပင်လယ်ရေကြောင်း အန္တရာယ်ဖြစ်ပေါ်ခြင်း ကြောင့် သော်လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန်များကြောင့် ဖြစ်စေ၊ အပင် ရောဂါကြောင့်ဖြစ်စေ၊ ပျိုးခင်းစိုက်ခင်းများ ပျက်စီးခြင်း၊ ငတ်မွတ်ခေါင်းပါး မှုဖြစ်ခြင်း၊ လူ သို့မဟုတ် တိရစ္ဆာန်များတွင် ကူးစက်ရောဂါ ဖြစ်ပွားခြင်း ကြောင့်သော် လည်းကောင်း၊ အကြမ်းဖက်ခြင်း၊ လက်နက်ကိုင်သောင်း ကျန်းမှုဖြစ်ပွား ခြင်းကြောင့်သော်လည်းကောင်း၊ စက်မှုလုပ်ငန်းကြောင့်ဖြစ်စေ၊ ဓာတုပစ္စည်း ကြောင့်ဖြစ်စေ၊ အဏုမြူကြောင့်ဖြစ်စေ၊ ရေနံယိုဖိတ်ခြင်း ကြောင့် ဖြစ်စေ၊ သဘာဝဓာတ်ငွေ့များ ယိုစိမ့်ခြင်းကြောင့်ဖြစ်စေ အန္တရာယ် ဖြစ်ပေါ်ခြင်းကြောင့် သော်လည်းကောင်း အများပြည်သူ၏ အသက်အိုးအိမ် ဥစ္စာပစ္စည်း၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်း၊ အခြေခံအဆောက်အဦများ၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ဆိုလိုသည်။ ယင်းစကားရပ်တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက သဘာဝဘေး အန္တရာယ်ဟု သတ်မှတ်သည့် အခြားဘေးအန္တရာယ်တစ်ခုခုလည်း ပါဝင် သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။
တာဝန်ရှိသူများ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၁၈ (ဆ) အရ ဘေးသင့်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သည့် ကူးစက်ရောဂါ အန္တရာယ်များမှ ကာကွယ်ပေးခြင်းလုပ်ငန်း ကိုလည်း တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပါသည်။
ပိတ်ပင်တားမြစ်ထားမှုများ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ပြဋ္ဌာန်းဥပဒေနှင့်အညီ တားမြစ်ပိတ်ပင်ထားမှုများ ပြုရပါသည်။ ထွက်ခွာသွားလာခွင့်အပါအဝင် ဆက်စပ်မှုများအားလုံးကို ပိတ်ပင်ရခြင်း ဖြစ်ပါသည်။
စေတနာ
ကျန်းမာရေးစောင့်ရှောက်မှုနှင့် စပ်လျဉ်း၍ ယနေ့တွေ့ကြုံနေရသော ကိုဗစ်-၁၉ ကာကွယ်ရေးအစီအစဉ်အပေါ် ဥပဒေအမြင်တစ်ရပ်အဖြစ် ဆက်စပ်တွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေးမျှသာပါ။ ။
- Log in to post comments