ကျန်းမာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်

၁။    ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ  (Coronavirus Disease 2019) (COVID-19) မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ခြင်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူးစက်ရောဂါများ    ကာကွယ်နှိမ်နင်းရေးဥပဒေ ပုဒ်မ ၂၁ ၊  ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus  Disease 2019) (COVID-19)ကို ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်ပြီး ဤအမိန့်ကို မရုပ်သိမ်းသမျှ ကာလပတ်လုံး အတည်ဖြစ်ကြောင်း ၂၈-၂-၂၀၂၀  ရက်စွဲပါစာအမိန့်အမှတ် ၁၉/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။
၂။    ကျန်းမာရေးဝန်ကြီးဌာနသည် အထက်ဖော်ပြပါ ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့်ရောဂါအား မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက်  လိုအပ်သော တားမြစ် ကန့်သတ်ချက်များ ထုတ်ပြန် ခြင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုများသော မြို့နယ်များတွင်  မိမိနေအိမ်တွင်  နေထိုင်ရေးအစီအစဉ်  (Stay at home) များ သတ်မှတ်ကြေညာခြင်း၊ အဆိုပါ အစီအစဉ်တွင် မပါဝင်သော  မြို့နယ်များတွင်လည်း လိုအပ်သော   ကျန်းမာ ရေးဆိုင်ရာ   ကန့်သတ်ချက်များ   ချမှတ်ဆောင်ရွက်ခြင်းနှင့်   လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်ခြင်းများ ဆောင် ရွက်၍ ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို အထူးကြိုးစားဆောင်ရွက်လျက် ရှိပါသည်။
၃။    ယခုအခါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူများ မြန်မာ နိုင်ငံတွင် တွေ့ရှိရသည့်အပြင် အဆိုပါ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းမျိုးကွဲမှာ   အထူးဂရုစိုက်ရမည့်  မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ (Variants of Concern) Delta မျိုးစိတ်ဖြစ်သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ  ရောဂါပိုး ကူးစက်နိုင်မှုနှင့်  ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေမြင့်မား နိုင်ကြောင်း သုံးသပ်ထားပြီး အချို့သော ကိုဗစ်ကာကွယ်ဆေးများ၏ အကျိုး အာနိသင်ကိုလည်း အနည်းငယ်လျော့ကျနိုင်ကြောင်း သိရှိရပါသည်။
၄။    သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြား ရမည့်ကူးစက်ရောဂါအဖြစ် သတ်မှတ်သည့်အမိန့်သည် မရုပ်သိမ်းသမျှကာလ ပတ်လုံး အတည်ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ထုတ်ပြန်ထားသော  အမိန့် ကြေညာချက်များ၊   ညွှန်ကြားချက်များ၊   လုပ်ငန်းလမ်းညွှန်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
    
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ    ၂   ရက်