ကျန်းမာသက်ရှည်စေဖို့ တစ်ဦးချင်း ဆီစားသုံးမှုလျှော့ချကြပါစို့

Type
888

 

 

မောင်သောင်းဝင်း(တမန်ဟောင်း)

 

ရှေးယခင်ကတည်းက မြန်မာအများစုသည်ဟင်းချက်ရာတွင် ဆီများစွာထည့်၍ ချက်ပြုတ်စားသုံးလေ့ရှိကြသည်။ တစ်နှစ်ပတ်လုံးစားသုံးနိုင်ရန် မြေပဲ၊ နှမ်း စသည့် ဆီထွက်သီးနှံများကို  ကိုယ်တိုင်စိုက်ပျိုး၍ ဆီကြိတ်ပြီးစဉ့်အိုးထဲထည့်ကာ လှောင်ထားကြသည်။ ကြက်ဆီပြန်၊ ဝက်ဆီပြန်ဟင်းဆိုလျှင်  ထမင်းပို၍ စားကောင်းသည်ဟု ဆိုသည်။  လက်ဖက်သုပ်နှင့် ငါးခြောက်ဖုတ်တို့တွင်လည်း ဆီများနစ်နေအောင် ထည့်ထားလေ့ရှိသည်။ တချို့သောသူများသည် ဆီပေါပေါ များများ စားသုံးနိုင်သည်ကိုပင် ဂုဏ်ယူဝင့်ကြွားလျက်ရှိသည်။ အမှန်တော့ မြန်မာတို့သည် စားသုံးဆီကို လိုသည့်ပမာဏထက် ပိုမိုစားသုံးလျက်ရှိကြသည်။
အထူးသဖြင့်   အညာဒေသမှပြည်သူများသည် စားသုံးဆီကို လွန်လွန်ကဲကဲစားသုံးကြသည်။ ယခင် က ပဲဆီ၊  နှမ်းဆီစစ်စစ်ကို    စားသုံးပြီးကိုယ်လက် လှုပ်ရှားမှုများခြင်းကြောင့် နောက်ဆက်တွဲရောဂါ ပြင်းပြင်းထန်ထန်      ခံစားရလေ့မရှိသော်လည်း  လက်ရှိအချိန်တွင်   အကြိမ်ကြိမ်ကြော်ထားသည့် ဆီများအပါအဝင်   ကျန်းမာရေးနှင့်  မညီညွတ်သော ပြည့်ဝဆီများနှင့်    အသွင်ပြောင်းဆီများကို   စားသုံး ခြင်းကြောင့်   ကျန်းမာရေးကို   များစွာထိခိုက်စေ လျက်ရှိသည်။  ထို့အပြင်    စီးပွားရေးအရလည်း ထိခိုက်လျက်ရှိသည်။
ကျန်းမာရေးနှင့်ညီညွတ်သောဆီ
ကမ္ဘာပေါ်တွင်  ကောက်ပဲသီးနှံနှင့် သား၊ ငါးများ မှ ဆီအမျိုးမျိုးထုတ်ယူစားသုံးလျက်ရှိသည်။ မြေပဲ ဆီ၊   နှမ်းဆီ၊   နေကြာဆီ၊   စားအုန်းဆီ၊   ပဲပိစပ်ဆီ၊ အုန်းဆီ၊  သံလွင်ဆီနှင့် မုန်ညင်းဆီတို့ဖြစ်ကြသည်။   အထူးသဖြင့်  မပြည့်ဝဆီအုပ်စုဖြစ်သည့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့်   ငါးမှရသော   အဆီများကို သင့်တင့်မျှတစွာ   စားသုံးသင့်ပါသည်။  ပြည့်ဝဆီ အုပ်စုတွင် ပါဝင်သည့် စားအုန်းဆီ၊ ဆီကြော် အစား အစာများနှင့်  တိရစ္ဆာန်မှရသောဆီများကို  တတ်နိုင် သမျှ လျှော့ချစားသုံးသင့်ပါသည်။   အာလူးကြော်၊ ကြက်ကြော်၊   စမူဆာ၊   ပဲကပ်ကြော်၊   ကိတ်မုန့်၊ ပေါင်မုန့်    စသည့်အစားအစာများသည်    အသွင် ပြောင်းဆီအုပ်စုတွင်  ပါဝင်သဖြင့်    လုံးဝမစားသုံး သင့်သော အသွင်ပြောင်းဆီများပင်ဖြစ်သည်။
စားသုံးရန်မသင့်သောဆီများ
လက်ရှိအချိန်တွင်   အစားအသောက်များတွင် ဓာတုပစ္စည်းများထည့်၍  လိုသလိုစီမံပြုပြင်နေကြ သည်။  ဝိသမလောဘသမားများကြောင့် စားသုံးသူ များကို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများစွာ ဖြစ်ပေါ် စေလျက်ရှိသည်။ စားအုန်းဆီများ၊  အရည်အသွေး မမီသောဆီအတုများကိုလည်း  အရောင်အဆင်း၊ အနံ့အရသာများထည့်ကာ  မြေပဲဆီဟူ၍ လိမ်လည် ရောင်းချနေကြသည်။   ထို့အပြင်   အရောအနှော ဆီမျိုးစုံမှာလည်း   ဈေးကွက်ထဲတွင်   ပျံ့နှံ့လျက်ရှိ သည်။   စားသုံးသူများအနေဖြင့်   ဈေးနှုန်းချိုသာ သည့်ဆီများကို ဝယ်ယူစားသုံးရာမှ နောက်ဆက်တွဲ ရောဂါမျိုးစုံခံစားရလျက်ရှိသည်။
ရောဂါမျိုးစုံဖြစ်ပွား
မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းစီ၏  ဆီစားသုံးမှု နှုန်းသည်  တစ်နှစ်လျှင်  ၁၀  ပိဿာကျော်သည်ဟု ဆိုသည်။ တစ်နေ့ကို သုံးကျပ်သားကျော်ခန့် စားသုံး နေခြင်းပင်ဖြစ်သည်။  လိုအပ်သည်ထက်  တစ်ကျပ် သားကျော်ခန့် ပိုမိုစားသုံးလျက်ရှိသည်။ တချို့သော အိမ်များတွင်   ဟင်းချက်ရာ၌    ဆီကို   အလွန်အကျွံ ထည့်၍ စားသောက်ကြသည်။  ထို့အပြင်  လက်ဖက် နှင့်   ငါးခြောက်ဖုတ်များတွင်လည်း   ဆီများနစ်နေ အောင်ထည့်ထားသည်။ အကျိုးဆက်အနေဖြင့် အဝ လွန်ခြင်း၊  အသည်းအဆီဖုံးခြင်း၊   လေဖြတ်ခြင်းတို့ အပြင်   နှလုံးရောဂါ၊  နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့် ကင်ဆာရောဂါများ ပါ   ဖြစ်ပွားနိုင်သည်။    နောက်ဆက်တွဲအနေဖြင့် လူမှုရေးနှင့်    စီးပွားရေးဆိုင်ရာဆိုးကျိုးများကို  ဆက်တိုက်ခံစားနေကြရသည်။      အထူးသဖြင့် ငွေကြေးချွေတာသည့်အနေဖြင့်       ကြော်ပြီးသားဆီ များကို    အကြိမ်ကြိမ်ချက်ပြုတ်စားသုံးခြင်းသည် ကျန်းမာရေးကို    ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။  ထို့အပြင်  မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စားသုံးဆီ မလုံလောက်သဖြင့်    ပြည်ပမှဆီမှာယူတင်သွင်းရ လျက်ရှိသဖြင့် နိုင်ငံခြားဝင်ငွေများစွာ  ကုန်ကျလျက် ရှိသည်။    ထို့ကြောင့်    ပြည်သူတစ်ဦး  တစ်ယောက် ချင်းစီအနေဖြင့် စားသုံးဆီ လျှော့ချစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့်   ညီညွတ်စေမည့်အပြင်   ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို  လျှော့ချနိုင်ပြီး နိုင်ငံတစ် နိုင်ငံ၏ နိုင်ငံခြားငွေသုံးစွဲမှုကို  လျှော့ချနိုင်မည်ဖြစ် သည်။
ကိုယ်တွေ့သင်ခန်းစာ
သာဓကအနေဖြင့်  အညာဒေသရှိ စာရေးသူ၏ မိဘနှစ်ပါးသည် ငယ်စဉ်ကတည်းက အဆီအအိမ့်နှင့် အသားများ    လွန်လွန်ကဲကဲမစားခဲ့သောကြာင့် အသက် ၈၀ ကျော်နေပြီဖြစ်သော်လည်း  ကျန်းမာ သက်ရှည်လျက်ရှိသည်။      အဖေနှင့်အမေတို့ သက်တမ်းတစ်လျှောက်တွင် စားသုံးခဲ့သောဆီသည် ကိုယ်တိုင်ကြိတ်ခွဲထားသော  မြေပဲဆီနှင့် နှမ်းဆီ စစ်စစ်များပင်ဖြစ်သည်။ ထို့အပြင်  မိုးလင်းမိုးချုပ် အလုပ်နှင့် လက်မပြတ်သောကြောင့် ခန္ဓာကိုယ်တွင် အဆီအပိုများမရှိဘဲ  ကျစ်လျစ်ကြံ့ခိုင်လျက်ရှိသည်။ ယခုဆိုလျှင် ကျန်းမာသက်ရှည်နေသော မိဘနှစ်ပါး ကို အားကျနေမိသည်။  မိဘနှစ်ပါးလို ကျန်းမာ သက်ရှည်စွာ   နေထိုင်နိုင်ရေးအတွက်   အဆီအအိမ့် နှင့် အငန်တို့ လျှော့ချစားသုံးသွားရမည်ဖြစ်သည်။
ကျန်းမာသက်ရှည်စေဖို့ဆီစားသုံးမှုလျှော့ချစေလို
ဆိုရလျှင်မြန်မာတို့သည်  ဟင်းချက်ပြုတ်ရာ တွင် ဆီကို  လိုအပ်သည်ထက် ပို၍လွန်ကဲစွာစားသုံး လေ့ရှိကြသည်။    ဆီမပါလျှင်   မစားတတ်သလို ဖြစ်နေသည်။  အကျိုးဆက်အနေဖြင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ နှလုံးသွေးကြောပိတ်ခြင်းနှင့် ကင်ဆာရောဂါအပါအဝင်  ရောဂါမျိုးစုံကို ခံစားရ လျက်ရှိသည်။ ထို့အပြင်   ပြည်တွင်း၌   စားသုံးဆီ မလုံလောက်သဖြင့် ပြည်ပမှ    စားအုန်းဆီများကို နိုင်ငံခြားငွေများစွာ အကုန်ကျခံပြီး မှာယူတင်သွင်း ရလျက်ရှိသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ၌ ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ     ရပ်ဆိုင်းထားရသဖြင့် ကုန်ထုတ်လုပ်ငန်းများ ကျဆင်းလျက်ရှိသည်။ ထိုသို့ သော     အခြေအနေမျိုးတွင်    နိုင်ငံသားတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့်  စားသုံးဆီလျှော့ချစားသုံးသွားမည်ဆိုလျှင်    ကျန်းမာသက်ရှည်လာ စေမည့်အပြင်  တစ်ဖက်တစ်လမ်းမှလည်း အသုံးစရိတ်လျှော့ချစေနိုင်မည်ဖြစ်ကြောင်း    အကြံပြု တိုက်တွန်းလိုပါသည်။          ။