
နံနက်ခင်းအိပ်ရာထတာနဲ့ ဒီနေ့ဟာ ကိုယ့်ဘဝအတွက် တကယ်ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်တယ်လို့ ခံယူလိုက်ပါ။
ကံကောင်းတဲ့နေ့ဖြစ်တယ်လို့ မှတ်ယူ လိုက်ပါ။
နံနက်ခင်းလေးကို ပစ္စုပ္ပန်ကျကျ မိသားစုနဲ့ အတူ ကျေနပ်စွာနေလိုက်ပါ။
ဘာကြောင့်လဲ အိပ်ရာထလန်းလန်းဆန်းဆန်း၊ ကျန်းကျန်းမာမာနဲ့ ထနိုင်တာကိုက လာဘ်ကြီး တစ်ပါးဖြစ်လို့ပါပဲ။ ကိုယ့်ရဲ့ပျော်ရွှင်မှုအပြုံး၊ လှိုက်လှဲတဲ့အပြုံးဟာ တစ်နေကုန် အသုံးဝင်တယ် လို့ သတိပြုလိုက်ပါ။ မိမိကျေနပ်မှုတွေ၊ စိတ် ရွှင်လန်းမှုတွေကိုအရင်းခံရင်း ကိုယ်နဲ့တွေ့တဲ့ သူတွေကို စိတ်ချမ်းသာမှုပေးနိုင်ပါလိမ့်မယ်။
ကျွန်တော်တို့တစ်တွေ တွေ့ဆုံကြတာ၊ စာသင်နေကြတာ၊ သူငယ်ချင်း၊ မိတ်ဆွေဖွဲ့ကြတာ၊ အလုပ်လုပ်ကြတာ၊ ဇနီးခင်ပွန်းအဖြစ်ပေါင်းသင်း ကြတာ၊ သားသမီးတွေရှိကြတာ ဘဝရပ်တည် ရာမှာ စိတ်ချမ်းသာပျော်ရွှင်နေဖို့ပဲဖြစ်ပါတယ်။ စိတ်ကသိကအောင့် မကျေနပ်မှုတွေနဲ့ စိတ်တို နေတာနဲ့ ကောင်းသောမင်္ဂလာနံနက်ခင်းလေးကို မကုန်လွန်စေချင်ပါဘူး။ တစ်နေ့တာ ခရီးတိုလေး ကို မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နံနက်ခင်းနဲ့ စလိုက်ရင် အဆင်ပြေတာကို တွေ့ရလိမ့်မယ်။
ကြည့်တတ်မြင်တတ်
လူ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေ ဟာ မဇ္ဈိမပဋိပဒါ အစွန်းတရားကင်းတဲ့သူတွေ ဖြစ်ပါတယ်။ အခက်အခဲ ပြဿနာတွေကြုံလာတဲ့ အခါမှာပင် စိတ်အေးလက်အေးထား အလုပ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ထမ်းရွက်ခြင်းဖြင့် လူ့ဘဝကို တည်ထောင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စိတ်အေးချမ်းမှုရှိတဲ့ နိုင်ငံတွေအကြောင်း ဖတ်တဲ့အခါ နယ်သာလန်နိုင်ငံဖြစ်နေကြောင်း တွေ့ရပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေမှာပင် ပြဿနာ တွေရှိတာ တွေ့ရပါတယ်။ တိုးတက်နေတဲ့နိုင်ငံ တွေက ပြည်သူတွေဟာ လူ့ဘဝယန္တရားကြီးကို ကြည့်တဲ့အခါ အလွန်တရာလှပတဲ့ မျက်မှန်နဲ့ မကြည့်သကဲ့သို့ မျက်မှန်မည်းကြီးနဲ့လည်းကြည့် လေ့မရှိဘူးလို့ဆိုပါတယ်။ သူတို့ရဲ့ဆန္ဒမျှော်လင့် ချက်နဲ့ စိုးရိမ်ပူပန်မှုတွေကိုကျော်လွန်ပြီး သမ္မာဒိဋ္ဌိ ရှိရှိ ကြည့်တတ်မြင်တတ်တယ်လို့ဆိုပါတယ်။
ပျော်ရွှင်တဲ့လူအများစုရဲ့ အံ့ဩလောက် အောင်ကောင်းတဲ့ အရည်အချင်းတစ်ခုဟာ လူ့ဘဝ ရဲ့ ကောင်းခြင်းကြန်အင်လက္ခဏာတွေ မြတ်နိုး တန်ဖိုးထားတတ်တာဖြစ်တယ်လို့ ဆိုပါတယ်။ နံနက်ခင်းမှာ သတင်းစာဖတ် အလုပ်သွားရင်း သတင်းစာချိုင်းအောက်ထား၊ ရထား၊ ကားစီးပြီး အလုပ်ဆင်းကြတယ်။ အိမ်မှာကျန်ရစ်သူမိသားစုတို့ ကလည်း အိမ်မှုတာဝန်ထမ်းဆောင်မယ်၊ သူငယ်ချင်း မိတ်ဆွေတွေဆီလည်ကြမယ်၊၊ ရံဖန်ရံခါ ညစာ စားပွဲလေးလုပ်ကြမယ်။ သဘာဝတရားကြီးကပေးတဲ့ နေရောင်ခြည်၊ ရေမြေတောတောင်အောက်မှာ အလှအပတွေကို ခံစားစံစားကြပါတယ်။ ဒါတွေဟာ ဘဝရဲ့ ပျော်ရွှင်မှုအရင်းအမြစ်ပဲဖြစ်ပါတယ်။
စိတ်ကြည်လင်နေဖို့
ဘဝတစ်လျှောက်လုံး ကျွန်တော်တို့ဟာ အပြင်ကိုပဲကြည့်လေ့ရှိပါတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေလဲဆိုတာကိုပဲ သဲကြီးမဲကြီးကြည့်တဲ့ အလေ့အထဟာ စွဲနေတတ်ပါတယ်။ အခြားသူတွေ ဘာတွေလုပ်နေလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို အာရုံထားကြလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ်စစ်ဆေး ဆန်းစစ်မှုလုပ်ဖို့ မရှိသလောက်ရှားပါတယ်။ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပကတိအခြေအနေကို အကဲခတ်ဖို့ပင် မကြိုးပမ်းနိုင်ဘဲဖြစ်နေတတ်ပါ တယ်။ ကြိုးပမ်းရင်တောင် မိမိစိတ်ဟာကြည်လင်နေ ဖို့လိုပါလိမ့်မယ်။ ဒီအတွက် စိတ်ကိုမသန့်စင်အောင် လှုံ့ဆော်နေတတ်တဲ့ စေတသိက်တွေကို အတတ်နိုင် ဆုံးဖယ်ရှားကြဖို့လိုပါလိမ့်မယ်။
“လူတို့ရဲ့ စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပြည့်ကျပ်နေတဲ့အတွက် ဒုက္ခပင်လယ်ထဲမှာ တဝဲ လည်လည် ဖြစ်နေကြရတယ်” လို့ ဗုဒ္ဓက အလင်းပြ ခဲ့ပါတယ်။ ဘဝဟာ မဖြစ်ချင်တာတွေ ဖြစ်တယ်။ ဖြစ်ချင်တာတွေဟာဖြစ်မလာတတ်ဘူး။ ဒါဟာ ပြဿနာအပေါင်းရဲ့ ဇာစ်မြစ်ဖြစ်ပါတယ်။ ရောင့်ရဲတင်းတိမ်ကျေနပ်ဖွယ်မဲ့တဲ့ ဘဝရဲ့သဘောသဘာဝ ဖြစ်ပါတယ်။
ယနေ့ ကမ္ဘာတစ်လွှားမှာ အကြမ်းဖက်မှု၊ လူထု အုံကြွမှု၊ ဒေါသအမျက်ချောင်းချောင်းထွက်နေမှုတွေဟာ ထိန်းရခက်၊ ထိန်းမနိုင်လောက်အောင်ကျယ်ပြန့် ပါတယ်။ ပြင်းလဲပြင်းထန်ပါတယ်။ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေးအားပြိုင်တာတွေဟာ လောဘ၊ ဒေါသနဲ့ မောဟတွေမှာ မြစ်ဖျားခံပါတယ်။
ကျွန်တော်တို့အားလုံး နားလည်တဲ့လောဘ၊ ဒေါသနဲ့ မောဟတွေဟာ စိတ်တွေကို နောက်ကျိစေ ပါတယ်။ မကြည်မလင် ဝိုးတိုးဝါးတား ဖြစ်စေပါတယ်။ စိတ်မှာ ပြင်းထန်နေတဲ့ လောဘ၊ ဒေါသ၊ မောဟတို့ဟာ ပုထုဇဉ်လူသားတို့ကို ဒုက္ခပေးတတ်တာမို့ သာမန် လူပုဂ္ဂိုလ်တွေအနေနဲ့ နိစ္စဓူဝကိစ္စတွေကို ပုံမှန်လည် ပတ်နေနိုင်ပြီဆိုရင် စိတ်ချမ်းသာပျော်ရွှင်စရာ ကောင်းပါပြီလို့ ဆိုလိုတာ ဖြစ်ပါတယ်။
ဝစီကံမှုတွေဟာ နားဝင်ချို
စိတ်ချမ်းသာမှုကို ရှေးရှုသူတို့ဟာ ရွှင်လန်းနေ တာကိုတွေ့ရတယ်။ စိတ်ကြည်လင်နေတော့ ဝစီကံမှု တွေဟာ နားဝင်ချိုတယ်။ ပြောတတ်ဆိုတတ် ဆုံးဖြတ် နိုင်တာကိုတွေ့ရတယ်။ အသိဉာဏ်ကောင်းတယ်။ စိတ် အားထက်သန်တယ်။ ခင်မင်ရင်းနှီးစွာ ဆက်ဆံတတ် တယ်။ လောဘ၊ ဒေါသ၊ မောဟတွေ နည်းလာတယ်၊၊
ဒီလိုအရည်အချင်း ဂုဏ်အင်္ဂါတွေကြောင့် အခက်အခဲကို ကျော်လွှားနိုင်တယ်။ အခက်အခဲ ဖြေရှင်းရတာကို သဘောကျတယ်၊၊ ဒါကြောင့်လည်းပဲ စိတ်ကြည်လင်ချမ်းသာ ကိုယ်ကျန်းမာတဲ့ သဘော ရှိတယ်။ အဲတော့ ဘဝမှာ အပျော်ရွှင်ဆုံးသူ၊ အပျော်ရွှင်ဆုံးလူဆိုတာ ဘယ်သူတွေလဲလို့မေးရင် အကောင်းဆုံး စည်းစိမ်ဥစ္စာ အချမ်းသာဆုံးတွေကိုပဲ ရနေတဲ့သူတွေ မဟုတ်ပါဘူး၊၊ ဂုဏ်ပကာသန အဆောင်အယောင်တွေနဲ့ ကျိကျိတက် ချမ်းသာ နေတဲ့သူတွေကို ချမ်းမြေ့ပျော်ရွှင်နေတယ်လို့ ထင်တတ်ကြပါတယ်၊၊ တကယ်တော့ ကိုယ့်မှာရှိတာနဲ့ အကောင်းဆုံး လုပ်နိုင်တဲ့သူကသာ အပျော်ရွှင်ဆုံးသူ ဖြစ်တာကိုတွေ့ရပါတယ်။
လောဘ၊ ဒေါသနဲ့ မောဟတို့ဟာ သေချာ ပေါက် စိတ်ကိုကြည်လင်မှုကင်းမဲ့စေပါတယ်။ မေတ္တာ၊ ကရုဏာ ၊မုဒိတာ၊ ဥပေက္ခာမဲ့သူတို့ရဲ့စိတ် ဟာလည်း နောက်ကျိစေပြန်ပါတယ်။ နောက်ကျိတဲ့ စိတ်တွေက အမှန်အသိတွေကို ဖုံးကွယ်ထားကြပါ တယ်။ ဒါ့ကြောင့် အမှန်အသိတွေကို မသိနိုင် မမြင်နိုင်ဖြစ်ရပါတယ်။ ကြည်လင်တဲ့မျက်စိတွေက ပုံရိပ်မှန်၊ အဖြစ်မှန်ကို ထင်ထင်ရှားရှား ကွက်ကွက် ကွင်းကွင်း မြင်နိုင်သလိုပါပဲ။
ဆင်ခြင်တုံတရားတွေထား
လူသားတွေရဲ့ မှားယွင်းချွတ်ချော်မှုတွေမှာ အပြင်ချင်ဆုံးကတော့ ဒေါသပါပဲ။ ဒေါသကိုပြင်ပါ၊ ဒေါသထွက်ပုံကိုပြင်ပါဆိုတဲ့ စာပိုဒ်လေးကိုသတိရ နေစေချင်ပါတယ်။ ဒေါသပုံထ၊ ယမ်းပေါ် မီးကျထိ မရောက်ဖို့စိတ်ကိုထိန်းကြရမယ်။ ဆင်ခြင်တုံ တရားတွေထားကြရမယ်။ ကောင်း၏၊ မကောင်း၏၊ အကြောင်းနဲ့အကျိုး ဆက်စပ်၏၊ မဆက်စပ်၏ စတာတွေကို ဂဃနဏ သိမြင်နိုင်တဲ့ အသိဉာဏ် ဟာ မြင့်ဖို့လိုအပ်ပါတယ်။ ပူလောင်တဲ့ ဦးနှောက်နဲ့ အေးတဲ့နှလုံးသားဟာ အလုပ်မဖြစ်တတ်ဘူးဆိုတဲ့ စကားဟာလည်း မှတ်သားစရာ ကောင်းပါတယ်။
စိတ်မှာ မှားမှန်းမသိ၊ မှန်မှန်းမသိဖြစ်နေတာ ဟာ မောဟဖြစ်ပါတယ်။ မှန်တာတွေကို မှားတယ် လို့ထင်မြင်တဲ့အတွက် အမှန်တွေမလုပ်မိပြန်ဘူး။ မှားတာတွေကို မှန်တယ်ထင်မြင်တဲ့အတွက် မှားတာတွေလုပ်မိပြန်ရော။ ဒါကြောင့် မောဟစိတ် ဟာ ပိုပြီးကြောက်စရာကောင်းပါတယ်။ မောဟဟာ လောဘ၊ ဒေါသကဲ့သို့ မဟုတ်၊ မထင်မရှားနဲ့ တမြိုက် မြိုက်တငွေ့ငွေ့နဲ့ လောင်နေတဲ့ သဘောရှိပါတယ်။ မှန်၏မှား၏ သဲကွဲစွာမသိဘဲ တွေးတောပြောဆိုပြုမူ မှုတို့ကို စေ့ဆော်တဲ့ ဒီမောဟဟာ အလွန်ကို ကြောက်စရာကောင်းတယ်လို့ ပြောခြင်းဖြစ်ပါ တယ်။ မောဟကို သိဖို့ခက်သလို ပြင်ဖို့လည်း ခက်ပါတယ်၊ ဖယ်ရှားနိုင်ဖို့လည်းခက်လှပါတယ်။ ဒါကြောင့်လည်း လူ့ဘဝဟာ ပူလောင်မှုကင်းတယ်၊ ဒုက္ခကင်းတယ်ရယ်လို့ မရှိနိုင်ပါဘူး။
လူမှာ အဆိုးဆုံး တရားတွေဖြစ်တဲ့-
v လောဘ … လိုချင်တပ်မက်ခြင်း
v ဒေါသ … ခက်ထန်ခြင်း
v မောဟ … မသိခြင်း
v မာန … ထောင်လွှားခြင်း
v ဣသာ… မနာလိုခြင်း
v မစ္ဆရိယ… ဝန်တိုခြင်း
v ဒိဋ္ဌိ … မှားယွင်းစွာနားလည်ခြင်းတို့ကို နည်းနိုင်သမျှနည်းအောင်၊. ကင်းစင်အောင်အထိ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်းဆိုင်ရာတို့ကို မြင့်မား အောင် အားထုတ်ကြရပါမယ်။ မာနထောင် လွှားတာ၊ ဣဿာ မနာလိုတာ၊ မစ္ဆရိယ ဝန်တိုတာ၊ ဒိဋ္ဌိ မှားယွင်းစွာ နားလည်တာတွေ လျော့ပါး လာလေလေ စိတ်ဟာ ပို၍ပို၍ သန့်စင်လာတယ်လို့ တရားသဘောက ဆိုပါတယ်။
စိတ်မှာပေါ်ပေါက်လာသမျှဆန္ဒတွေ မလွန် ကဲအောင်ထိန်းရာမှာ ကိုးကွယ်ကြတဲ့ ဘာသာ တရား အသီးသီးဟာ ကိုယ်ကျင့်တရားရဲ့အရေးကြီး ပုံကို နှစ်ပရိစ္ဆေဒများစွာကတည်းက သွန်သင် နေတာသာဖြစ်ပါတယ်။ လူ့ယဉ်ကျေးမှုကြီးမယိမ်း မယိုင်မပြိုလဲအောင် လူတို့ကိုးကွယ်ရာဘာသာ တရားကြီးနဲ့ပဲ လူရဲ့ခရီးရှည်ကြီးကိုလမ်းပြသွား ကြရမယ်လို့ယုံကြည်ပါတယ်။
u စာမျက်နှာ ၁၆ မှ
ရှေးရှေးဘဝ အဆက်ဆက်ကအတိတ်ကို မသိနိုင်ရှာတဲ့ဦးနှောက်၊ သေခြင်းရဲ့ တခြားဘက် မှာ ဘာတွေဘယ်လိုဆိုတာ ဂဃနဏ မသိနိုင် တဲ့ဦးနှောက်မျိုးကို တမင်ဖန်တီးထားလေရော့ လား စဉ်းစားစရာပင်။ ယခုဘဝမှာပင် မနက် ဖြန်သဘက် ဘာတွေဘယ်လိုဆိုတာ အိုမလား၊ နာမလား၊ သေမလား ကပ်ကြီးသုံးပါး၊ ရန်သူမျိုးငါး ပါးနဲ့ ကြုံရမလားဆိုတာ သိနိုင်တဲ့ ဦးနှောက်မျိုး ဖြစ်ခဲ့ရင် လူ့လောကကြီးဟာ စိတ်အေးချမ်းစွာ နေနိုင်ပါ့မလားဆိုတာ တွေးတောစရာကြီးပဲ ဖြစ်ပါ တယ်။ ရှေးရှေးအတိတ်ကိုမစဉ်းစားနိုင်အောင် လောဘ၊ ဒေါသ၊ မောဟတို့က ဖုံးကွယ်ထားသလို နောက်တစ်နေ့နောက်တစ်နာရီမှာပင် မည်သို့ မည်ပုံဖြစ်မှာကို ကြိုတင်မသိနိုင်အောင်လည်း ဖုံးကွယ်ထားနေတဲ့ သဘောပဲလား၊ လားပေါင်း များစွာစဉ်းစားစရာတွေချည်းပါပဲ၊၊ လောဘ၊ ဒေါသ၊ မောဟတို့အပြင် မာန၊ ဣသာမစ္ဆရိယ၊ ဒိဋ္ဌိ ဆိုတဲ့ စေတသိက်တွေက လူ့စိတ်ကိုမသန့်စင် အောင် လှုံ့ဆော်တတ်ကြရာ သံသရာကိုမသိနိုင် အောင်သာမက ဒီဘဝကို ကြိုတင်မြင်နိုင်ဖို့ ခဲယဉ်းနေပါတော့တယ်။
လူနဲ့ပဲဆိုင်
ကျွန်တော်တို့တစ်တွေဟာ မျက်စိတွေပိတ်၊ ပါးစပ်ပေါက်တွေဖွင့်ပြီး မွေးဖွားလာကြပါတယ်။ သဘာဝတရားကြီးကပေးလိုက်တဲ့ ဒီအမှားကြီး ကိုပြင်ဖို့ ကျွန်တော်တို့ရဲ့ အချိန်တွေကို ဘဝ တစ်လျှောက်လုံး သုံးနေဖြုန်းနေကြရသလိုပါပဲ။ သဘာဝတရားကြီးကို အပြစ်တင်တဲ့သဘော မဟုတ်၊ ဘုရားသခင်ကိုလည်း အပြစ်တင်စရာ အကြောင်းမရှိ။ လူ့အခွင့်အရေး ဒီမိုကရေစီ အရေးကိုလည်း ဝေဖန်စောကြောစရာအကြောင်း မရှိ လူနဲ့ပဲဆိုင်ပါတယ်။
ကျွန်တော်တို့တစ်တွေဟာ ဒုက္ခအပေါင်းက ကယ်တင်ကြဖို့၊ ပျက်စီးနေတဲ့ကမ္ဘာပြင်ဖို့ ဒီမိုး၊ ဒီရေ၊ ဒီမြေနဲ့ ဒီကောင်းကင်ကြီးရဲ့အောက်မှာ ရေစက်ဆုံကြတာဖြစ်ပါတယ်။ ရေလွှမ်းရေကြီးတဲ့ ဒေသ ရေမကြီးအောင်၊ ခြောက်သွေ့တဲ့နေရာရေ ရောက်အောင်၊ တောမီးတွေလောင်ရင် မလောင်ရ အောင်၊ ဒုက္ခတွေကပ်တွေဆိုက်ရင် ဒီဒုက္ခအပေါင်းက ကျော်လွှားဆောင်ဆိုတဲ့ကိစ္စဟာ တစ်ရက်တာ တစ်နှစ်တာ အလုပ်မဟုတ်၊ တစ်သက်တာလုံး လုပ်ကြရမယ့်ကိစ္စ၊ တစ်ဦးတစ်ယောက်ကောင်း မဟုတ်၊ လူအပေါင်း စုပေါင်းလုပ်ကြရမယ့်အလုပ် တွေပဲ ဖြစ်ပါတယ်။ ကြီးသည်ငယ်သည် ဆင်းရဲ သည်ချမ်းသာသည်မဟုတ် လောကကြီးမှာ တစ်ခု မဟုတ်တစ်ခုသော ဒုက္ခနဲ့ လူသားတွေဟာ ကြုံတွေ့ကြရပါမယ်။ ဒါဟာ ဓမ္မတာပဲ ဖြစ်ပါတယ်။
လူဟာ မွေးဖွားချိန်ကစလို့ လောကထဲရောက် တာနဲ့ ဝေဒနာတွေခံစားစံစားဖို့ပဲ။ ဒုက္ခ၊ သုခတွေရှိကြမယ်ဆိုတာအမှန်ပင်ဖြစ်ပါတယ်။ သို့တစေ ဘဝပတ်ဝန်းကျင်က အကြောင်းခြင်းရာတို့ဟာ လူကိုဖိစီးတာမဟုတ်ပါဘူး၊ သင်က ဘယ်လို ဘယ်ပုံ ဘယ်နည်းတွေနဲ့ သယ်ဆောင်တယ်၊ ရွေ့လျားနေတယ်ဆိုတဲ့အပေါ်မှာ မူတည်တတ်ပါ တယ်။ နေ့စဉ်နေ့တိုင်း မနက်ခင်းအိပ်ရာကထတာနဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣသာ၊ မစ္ဆရိယ၊ ဒိဋ္ဌိတို့ကို သယ်ဆောင်မိပြီဆိုရင် သင့်ရဲ့ တစ်နေ့တာ ဘဝက သင့်ကိုလေးလံစွာဖိစီးနေပါလိမ့်မယ်။
ခံစားဖို့မမေ့စေချင်
ကျွန်တော်တို့တစ်တွေဟာ တစ်နေ့တာ ကာလအတွင်း စိတ်ကြည်နူးစရာတွေလုပ်ဖို့ မေ့နေ တတ်ပါတယ်။ ဥပမာ သစ်ပင်တွေဆီက တိုက်ခတ် ဖြတ်သန်းလာတဲ့ လေပြည်လေညင်းသံ၊ ကျေးငှက် တို့ရဲ့ မြူးထူးသံတွေကိုလည်း နားဆင်လိုက်ပါဦး။ နှင်းဆီပန်းတို့ရဲ့ရနံ့နဲ့ ရိတ်ဖြတ်ထားတဲ့ မြက်ခင်း သစ်ဆီကလာတဲ့ ရနံ့တွေကို လမ်းလျှောက်ရင်း ရှူရှိုက်လိုက်ပါဦး။ တစ်မျှော်တစ်ခေါ်ကြည့်ရင် ဂေါယာကျွန်းဆီ နေမင်းကြီးဝင်သွားတဲ့အချိန်၊ အနောက်ယွန်းယွန်း မိုးကုပ်စက်ဝိုင်းရဲ့ အလှအပ၊ တောင်တန်းကြီးတွေရဲ့ အလှအပ၊ အပြောကျယ်လှ တဲ့ သမုဒ္ဒရာရေပြင်နဲ့ အားမာန်ပြင်းတဲ့ လှိုင်းလုံး ကြီးတွေဟာလည်း ကြည့်လို့မဝ ဖြစ်နေတာကို ခံစားဖို့မမေ့စေချင်ပါ။ ပြောရရင် လောကကြီးမှာ အလကားရတဲ့ ပစ္စည်းတွေဟာ တန်ဖိုးကြီးမားပါတယ် လို့ ပြောချင်ပါတယ်။
ကျွန်တော်တို့ ငယ်စဉ်ကစကြီးပြင်းလာတဲ့ အထိ ပညာသင်ကြားကြတဲ့အခါ
v သိဖို့ (learning to know)
v ကျွမ်းကျင်ဖို့ (learning to do and be skillful)
v ကိုယ်ကျင့်တရားကောင်းဖို့ (learning to be)
v အတူတကွ နေထိုင်ကြဖို့၊ ခွဲခြားမှုမရှိဖို့ (learning to live peacefully together, with no discrimination)
ကိစ္စတွေ ပါဝင်ပါတယ်။ နောက်ဆုံးတစ်ချက် ဖြစ်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ လူ့အဖွဲ့ အစည်းတို့နဲ့ ညီညွတ်မျှတစွာ နေတတ်ဖို့ဟာ အလွန်အရေးကြီးလှပါတယ်။ အတ္တပရ မျှတ၊ အပြုံးမပျက်လုပ်နိုင်ဖို့လိုပါတယ်။ မေတ္တာတွေ လည်း ထားကြရလိမ့်မယ်။ ဒါတွေပဲလား၊မဟုတ် သေးပါဘူး၊ ကျွန်တော်တို့ သဲကြီးမဲကြီး လုပ်နေ ကြတဲ့ ကိစ္စတွေဟာ တစ်ခါတစ်ရံမှာ အဓိကမကျ လှပါဘူး။ အေးအေးဆေးဆေး နွေးနွေးထွေးထွေး၊ ဆွေးဆွေးနွေးနွေးလုပ်ဆောင်တတ်ကြဖို့ လိုပါတယ်။
မြန်မာတို့ဟာ အလွန်တရာရိုးရှင်းတဲ့ဘဝကို လယ်ယာ မြေကိုမှီပြီး မိသားစုအတွက်တာဝန်ကျေ ပွန်ခြင်း၊ လယ်ယာအလုပ်လုပ်ခြင်းနဲ့ အသက်မွေး မှုက ထွက်ပေါ်လာတဲ့ ရလဒ်တစ်ခုဟာပျော်ရွှင်မှု ပီတိပဲဖြစ်ပါတယ်။ မိုးကျတာနဲ့ လယ်တောထွက်ဖို့ အဆင်သင့် ဖြစ်နေကြပါပြီ၊၊
သံသရာခရီး မရှည်ဖို့
မြန်မာလယ်သမားတို့ဟာ ယာတောကို သွားကြပြီး ထွန်ယက်စိုက်ပျိုးနေရတာကို ပျော်ရွှင် နေကြတယ်၊၊ နံနက်ခင်းနံနက်စာစားပြီးတာနဲ့ အလုပ်လုပ်ဖို့ တာစူခဲ့ကြတာချည်းပါပဲ၊၊ ရွာက ဘုန်းတော်ကြီးဟာလည်း တရားဓမ္မတွေဟောပြောတဲ့သာသနာ့အလုပ်ကိုလုပ်နေရတာပျော်ရွှင်နေတာ ဖြစ်ပါတယ်။ မူလတန်းကျောင်း ဆရာတစ်ဦးဟာလည်း ကလေးတွေရဲ့ ပညာရေးအတွက် အလုပ်လုပ်ရတာ ကျေနပ်ပါတယ်။ သီတင်းဝါလကာလမှာလဲ သီလ ဆောက်တည်ကြတာဟာလည်း သံသရာခရီး မရှည်ဖို့ထိ ရည်မှန်းကြတာပဲ ဖြစ်ပါတယ်။
လယ်သမား၊ အလုပ်သမားတွေရဲ့ဘဝဟာ မိုးလေဝသမမှန်ရင်ယိုင်လဲတတ်ပါတယ်၊၊ ရေနံနဲ့ လောင်စာဆီ ပြဿနာပေါ်တဲ့အခါ စက်မှုလုပ်ငန်းနဲ့ ကုန်စီစီးဆင်းမှု လည်ပတ်မှုလုပ်ငန်းတွေဟာ ပုံမမှန် ဖြစ်တတ်ကြပါတယ်၊၊ ကိုဗစ်ကဲ့သို့ကပ် ရောဂါကြီးကျရောက်တဲ့အခါ လူသားတို့ရဲ့ဘဝဟာ ချောက်ချားတဲ့အခြေဆိုက်ပါတယ်။ စစ်မက်ဖြစ်ပွား ရင်လည်း လူထုဟာ ဒုက္ခအပေါင်းကျရောက်ရပါ တယ်။ ဒီလိုကြီးမားတဲ့ ရိုက်ခတ်မှုရှိတဲ့ အခါမျိုးမှာ ပဲပြုတ်သည်ဟာလည်း မနက်ခင်းလင်းတာနဲ့ သူ့မိသားစုအတွက်အလုပ်လုပ်ရတာပါပဲ၊၊ မုန့်ဟင်းခါး သည်ဟာလည်း အိမ်နားရောက်တဲ့အထိ ရောင်းရ တာပါပဲ၊၊ မြို့ကြီးပြကြီးတွေမှာလည်း အလုပ်လုပ် မယ့်သူ၊ စျေးရောင်းချေးဝယ်လုပ်မယ့်သူတွေ၊ ဘုရားပုထိုး သွားလိုတဲ့သူတွေအတွက် ဘတ်စ်ကား၊ မီးရထား မောင်းကြရတာဟာ ပြည်သူ့အတွက် လုပ်ပေးတာဖြစ်ပါတယ်။
နှစ်နှစ်ကာကာ ပေါင်းသင်းကြ
ရာစုသစ်ရဲ့ အကြီးမားဆုံးစိန်ခေါ်မှုဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့လောက်မဟုတ်၊ လောဘ၊ ဒေါသ၊ မောဟကြီးခြင်း၊ မာန၊ ဣသာ၊ မစ္ဆရိယ၊ ဒိဋ္ဌိ စတဲ့ စိတ်ကိုညစ်ညမ်းစေတဲ့ စေတသိက်တွေ အန္တရာယ်က ကာကွယ်ဖို့ဖြစ်ပါတယ်။ စေတသိက် တွေကြောင့် နှုတ်မှု၊ ကိုယ်မှု မကောင်းမှု အကုသိုလ် တွေပြုကြကုန်တယ်။ မာနထောင်လွှားတာ၊ ကိုယ့် ထက်သာသူကို မနာလိုရင် ဣဿာ၊ ဝန်တိုလျှင် မစ္ဆရိယ၊ မှားယွင်းစွာ နားလည်နေရင် ဒိဋ္ဌိတို့ဟာလူမှာအဆိုးဆုံးတရားတွေဖြစ်ပါတယ်။ စိတ်ကိုညစ် ညမ်းစေပါတယ်။ ဒီစိတ်ညစ်စိတ်ပုပ်တို့က လူကို လည်းကောင်း၊ လူ့လောကကိုလည်းကောင်း ဖျက်ဆီးနိုင်ပါတယ်။ ဖြူစင်တဲ့စိတ်၊ ကြည်လင်တဲ့ စိတ်တွေကသာ လူကိုအကာအကွယ်ပြုနိုင်၊ ကယ်နိုင်မှာဖြစ်ပါတယ်။ လူ့လောကကို ဖျက်ဆီး ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ကျင့် တရားနဲ့ ကိုယ့်သိက္ခာကို ညစ်ညမ်းစေတဲ့ စေတသိက်တွေရဲ့ ဘေးအန္တရာယ်မှကာကွယ်၊ ထိန်းသိမ်းစောင့်ရှောက်ဖို့သာဖြစ်ပါတယ်။ လူ့ဘဝ ရောက်လာပြီဆိုရင် ထမင်းစားဖို့၊ ပေါင်မုန့်စားဖို့ မဟုတ်။ အလုပ်လည်းလုပ်၊ အပန်းလည်းဖြေ၊ မိတ်ဆွေတွေနဲ့လည်းနေ၊ နှစ်နှစ်ကာကာ ပေါင်းသင်းကြရလိမ့်မယ်။
ကောင်းပါပြီ..
ကျွန်တော်တို့တစ်တွေရဲ့ ရှေ့ခရီးဟာ ရှည်လျားပါလိမ့်မယ်။
ဒီခရီးမှာ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားသူ ပုဂ္ဂိုလ်ထူးသူတို့ရဲ့စိတ်၊ ရဲဖော်ရဲဖက်စိတ်၊ ကိုယ်ချင်းစာစိတ်တွေ မွေးမြူကြရလိမ့်မယ်။
ကောင်းခြင်းမင်္ဂလာ အဖြာဖြာတို့ကို မျှဝေကြရလိမ့်မယ်။
ပူးပေါင်းဆောင်ရွက်တဲ့စိတ်၊ ကူညီရိုင်းပင်း တဲ့စိတ်တွေကို ဆောင်ရပါမယ်၊၊
ရင်ဆိုင်ထိပ်တိုက် အကြမ်းဖက်မှုတွေကိုရှောင်ရလိမ့်မယ်။
ကိုယ်တိုင်လည်း မေတ္တာတွေခြုံ၊ အရပ် ဆယ်မျက်နှာကိုလည်း မေတ္တာပို့ကြရလိမ့် မယ်။
သဟဇာတ မျှမျှတတ ဟန်ချက်ညီတဲ့ အလှအပတွေ၊ အမှန်တရားနဲ့ သမာသမတ် ရှိမှုတွေကို မြတ်နိုးကြရမယ်၊ ထွန်းကားအောင်လည်းလုပ်ဖို့လိုလိမ့်မယ်။
ဒါတွေကို မမေ့မလျော့သိရှိပြုကျင့်မှသာ လျှင် လူ့ဘဝရောက်ရကျိုးနပ်ပါလိမ့်မယ်၊၊ လူသား အရင်းအမြစ်ရဲ့ အရည်အသွေး၊ အရည်အချင်း၊ ကြံရည်ဖန်ရည်၊ စိတ်ကောင်းစေတနာကောင်းနဲ့ စွမ်းဆောင်ရည်၊ တရားမျှတမှုနဲ့ ကိုယ်ချင်းစာ တရားတွေကိုလည်း တိုးတက်ပွားများအောင် ဆောင်ကြဉ်းပေးခြင်းအားဖြင့် အေးချမ်းသာယာ တဲ့လူမှုဘဝကို တည်ဆောက်နိုင်မှာဖြစ်တဲ့ အကြောင်း မေတ္တာဖြင့်ရေးသားအပ်ပါတယ်။ ။
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
- Log in to post comments