ကန်ပက်လက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော်    ဒီဇင်ဘာ   ၄


NUG ၊ CRPH ၊ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကျောင်းနေ အရွယ် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို အနှောင့်အယှက် ဖြစ်စေရန်နှင့်  အေးချမ်းစွာနေထိုင်ကြသော ပြည်သူလူထုကို ထိခိုက် ဒဏ်ရာရရှိစေရန်ရည်ရွယ်၍ အချို့နေရာများတွင် စာသင်ကျောင်း များအား   မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်း  စသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၃ ရက် နံနက် ၁၁ နာရီခွဲတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား CDF အမည်ခံအကြမ်းဖက်အဖွဲ့မှ အင်အား ၅၀ ခန့်က ကျောင်း၏တောင်ဘက် ဘောလုံးကွင်းအနီးမှလည်းကောင်း၊ ကျောင်း၏ မြောက်ဘက်ရပ်ကွက်အတွင်းရှိ လူနေအိမ်များအတွင်းမှ လည်းကောင်း  လက်နက်ငယ်များဖြင့်    လာရောက်ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ  ပစ်ခတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် အကြမ်းဖက် သမားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ အကြမ်းဖက် သမားများ၏ ပစ်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် ရှိ ပြတင်းတံခါးမှန်များ ပျက်စီးခဲ့ကြောင်း သိရသည်။

 


ထိုသို့ လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်တိုက်ခိုက် ခဲ့သည့် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအား နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။               


သတင်းစဉ်