ကန်ပက်လက်မြို့နယ်ရှိ CDF လက်နက်ကိုင်အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးတို့အား မီးရှို့ဖျက်ဆီး

နေပြည်တော်  နိုဝင်ဘာ  ၂၅


ချင်းပြည်နယ်  ကန်ပက်လက်မြို့နယ်ရှိ  CDF လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်   မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးတို့အား နိုဝင်ဘာ  ၂၃ ရက်က  မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ည ၉ နာရီ  မိနစ်  ၄၀ တွင် ကန်ပက်လက်မြို့နယ် မြို့မ(၁)ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့နယ်လဝကရုံးတို့အား CDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှုဖြစ်ပွား ခဲ့ပြီး မြို့နယ်လဝကရုံးမှာ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ ည ၁၁ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားခဲ့သည်။ 


မီးလောင်မှုအား   လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်   မီးသတ် တပ်ဖွဲ့ဝင်များပူးပေါင်း၍  နိုဝင်ဘာ   ၂၄ ရက်  နံနက်  ၇ နာရီ      ၄၅ မိနစ်တွင်  သွားရောက်စစ်ဆေးခဲ့ရာ  CDF အကြမ်းဖက် သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အလျား ပေ ၄၀၊ အနံ ပေ ၂၀ ရှိ မြို့နယ်လဝကရုံးတစ်ရုံးနှင့် ရုံးအတွင်းထားရှိသည့်  ရုံးအသုံးအဆောင်ပစ္စည်းများ  ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅ သိန်းနှင့်   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  ရုံးဝင်း အတွင်းရှိ အလျား ပေ ၈၀၊  အနံ ပေ ၃၀  အစည်းအဝေးခန်းမ တစ်လုံး၊ အလျား ပေ ၆၀၊  အနံ  ၂၈ ပေ ရုံးအဆောက်အအုံ တစ်လုံး၊ ရုံးအတွင်းထားရှိသည့် ရုံးအသုံးအဆောင်ပစ္စည်းများ(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၆၀)နှင့်     ရုံးခန်းအတွင်းရှိ မီးခံသေတ္တာအတွင်း၌ ထိန်းသိမ်းထားရှိသည့် စိုက်ပျိုးစရိတ် ချေးငွေကျပ်  ၃၂၅ ဒသမ ၅ သိန်းအနက်မှ ငွေကျပ် ၅၈၃၄၃၀၀ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သည်။


ထိုကဲ့သို့ နိုင်ငံတော်ပိုင်ရုံးအဆောက်အအုံများအား မီးရှို့ ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်  နယ်မြေခံတပ်မတော်စစ်ကြောင်းနှင့်   ပူးပေါင်း၍       လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း  သတင်းရရှိသည်။        

                    
သတင်းစဉ်