ကျွန်တော်၏ တက္ကသိုလ်အလွမ်း

Type
၆၆

 

စိုင်းထွန်းဦး

 

ကျွန်တော့်ကို ၂၃-၁၂-၁၉၃၃ ရက်နေ့မှာ မွေးပါသည်။ ဇာတိက တောင်ကြီး (ရှမ်းပြည်နယ်) ပါ။ ၁၉၃၈ ခုနှစ်မှာ တောင်ကြီး St. Anne's မှာ လေးနှစ်နေပြီး ဒုတိယကမ္ဘာစစ်ကြီးဖြစ်၍ ဗုံးတွေချတော့ ၁၉၄၁ ခုနှစ်မှာ တောကို ပြေးရပါသည်။ ၁၉၄၂ ခုနှစ်မှာ မြို့ထဲပြန်လာပြီး ဂျပန်စာသင်ကျောင်းမှာ နေပါသည်။ ၁၉၄၄ ခုနှစ် မဟာမိတ်များ၏ ဗုံးဒဏ်၊ စက်သေနတ် ဒဏ်ကြောင့် တောကို ပြေးရပြန်ပါသည်။ ၁၉၄၅ ခုနှစ် ဂျပန်လက်နက်ချတော့ တောကနေမြို့ကို ပြန်လာရပါသည်။ BMA ကျောင်းမှာ နေရပါသည်။ British Military Administration School ဖြစ်ပါသည်။ ၎င်းနောက် ပဒေသရာဇ်အစိုးရ အထက်တန်းကျောင်း မြောက်ကျောင်းနှင့် တောင်ကျောင်းဆိုပြီး ကျောင်းနှစ်ကျောင်းရှိလာရာ ကျွန်တော်က မြောက်ကျောင်းမှာ နေပါသည်။ တောင် ကျောင်းအုပ်က ဆရာကြီး ဦးတင်ဧ (ပင်လုံ စာချုပ်) တွင် ပါဝင်သူ ဖြစ်ပါသည်။ ၅ တန်းမှာ သင်ကြားနေတုန်း လွတ်လပ်ရေးအကြိုခေတ် အထွေထွေသပိတ်ကြီးမှောက်တော့ သပိတ် ကျောင်းသားလေးအဖြစ် ကျောင်းသားတပ်ဦး ဝတ်စုံနှင့် သပိတ်စခန်းရှိရာ နဂါးပတ်ကျောင်း ဇရပ်သို့ အိပ်ရာလိပ်နှင့် ရောက်ရှိသွားပါ တော့သည်။ သပိတ်မှောက်ကျောင်းသား တပ်ဦး ရဲဘော်အဖြစ်နှင့် စစ်သင်တန်းလည်း ပြည်သူ့ရဲဘော်ကသင်ပေးလို့ တက်ရပါသည်။ နိုင်ငံရေးမှာ ထင်ရှားသည့် ပင်လုံညီလာခံ ၁၉၄၇ ခုနှစ်မှာလည်း သွားရောက်ဆန္ဒပြ ကြွေးကြော်ခဲ့ပါသည်။

လွတ်လပ်ရေးရပြီး အစိုးရက ဖွင့်လှစ် သော P.P.S Post Primary School မှာ နေရပါသည်။ ထိုကျောင်းကိုပင် G.H.S ဆိုပြီး ရှမ်းပြည်နယ်အစိုးရ၏ Government High School လို့ အမည်ပြောင်းပြီးနောက် ဆက် တက်ခဲ့ရပါသည်။ ရှမ်းပြည်နယ်အစိုးရ၏ ဘတ်ဂျက်နှင့် ပညာရေးဌာနတစ်ခုလုံး ကျောင်းအားလုံးကို ပညာမင်းကြီးတစ်ဦး တည်းက ကိုင်တွယ်အုပ်ချုပ်ပါသည်။ ၁၉၅၁ ခုနှစ်မှာ ကျွန်တော် High School Final Examination မြန်မာနိုင်ငံပညာရေးဌာနက စစ်ဆေးသော အထက်တန်းကိုအောင်ပါသည်။ ထိုစဉ်က ပညာရေးစနစ်အရ ထိုအထက်တန်း အောင်သော်လည်း တက္ကသိုလ်ကို တက်ခွင့် မရပါ။ တက္ကသိုလ်ကိုတက်လိုလျှင် တက္ကသိုလ် က မေးခွန်းထုတ်တဲ့ Matriculation ကို အောင်ရပါမည်။ ၁၉၅၃ ခုနှစ်တွင် ကျွန်တော် Matric အောင်ပါသည်။ High School အောင်ထားသည့်အတွက် Matric ကို အင်္ဂလိပ်စာ တစ်ဘာသာတည်း ဖြေရပါသည်။

၁၉၅၃-၅၄ ခုနှစ် စာသင်နှစ်မှာ ကျွန်တော် မန္တလေးတက္ကသိုလ်တက်ပါသည်။ ကျောင်းအုပ်ကြီးက ဆရာကြီး ဦးကိုလေး (ဇေယျာမောင်) ဖြစ်ပါသည်။ ရန်ကုန် တက္ကသိုလ်ကျောင်းခွဲ သဘောပါပဲ။ မေးခွန်းတူ ဖြေရပါသည်။ သင်ယူမည့် ဘာသာရပ်များ ကတော့ ကျောင်းသား၏ ရွေးချယ်မှုပါပဲ။ အင်္ဂလိပ်စာနှင့် မြန်မာစာနှင့် ဘာသာရပ်သုံးခု ယူရပါသည်။ ဆရာဝန်ဖြစ်လိုလျှင် Biology, Physics နှင့် Chemistry ယူရပြီး အင်ဂျင် နီယာဖြစ်လိုလျှင် Physics, Chemistry နှင့် Maths ယူရပါသည်။ ဝိဇ္ဇာဘာသာရပ်တွေက တော့ အတော်များပါသည်။ ရွေးရတောင် ခက်ပါသည်။

Matric ကို ဘာနှင့်ပဲ အောင်ပါစေ၊ တက္ကသိုလ်ရောက်တော့ ကိုယ်ယူချင်သည့် ဘာသာ စိတ်ကြိုက်ယူလို့ ရပါသည်။ မန္တလေး တက္ကသိုလ်မှာ ဝိဇ္ဇာဘာသာရပ်ယူသည့် ကျောင်းသား များသည်ထင်ပါသည်။ အဲဒီ ဘာသာတွဲက စိတ်ကြိုက်မြန်မာစာ၊ ဒဿနိက နှင့် သမိုင်းဘာသာတွဲဖြစ်ပါသည်။ ဝါဏိဇ္ဇ ဘာသာတွဲ ယူလိုကလည်း ယူလို့ရပါသည်။ ထူးဆန်းသည်မှာ ပထဝီနှင့်တွဲ၍လည်း ဝါဏိဇ္ဇ B.com ယူ၍ ရပါသည်။ ပထဝီ၊ သင်္ချာ၊ သမိုင်းနှင့် ရိုးရိုးဝိဇ္ဇာဘာသာလည်း ယူကြပါ သည်။ ကျွန်တော်ကတော့ သင်္ချာ၊ ဒဿနိက နှင့် သမိုင်းဘာသာတွဲ ယူပါသည်။ ကျွန်တော် တက္ကသိုလ်ရောက်ရောက်ချင်း ရုံးကိုသွားပြီး စာရင်းသွင်းရာ ၄၃ ကျပ်ကျပါသည်။ အဆောင် က ရတနာပုံဆောင် ရပါသည်။

ထို ၄၃ ကျပ်သည် အဆောင်ကြေး၊ ထမင်း၊ မနက်စောစာ ကော်ဖီ၊ ညနေစာ၊ မုန့် နှင့် ကော်ဖီအတွက် အစုံပါပါသည်။ အိပ်ခန်း မှာ ခုတင်၊ စာကြည့်စားပွဲ ကုလားထိုင်၊ မီးအား လုံးစုံပါသည်။ တက္ကသိုလ်ကျောင်းသားဘဝ အကျိုးကျေးဇူးမှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းများ ရရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်ရသောအခန်းမှာ အခန်းကျယ် ဖြစ်ပြီး ခုနစ်ယောက် အိပ်နိုင်ပါသည်။ မှတ်မိ သလောက် 7. A ဖြစ်ပါသည်။ မြစ်ကြီးနားက မေအောင် , Hamrage, Marzunda ၊ မကွေးမှ စိန်အောင်နှင့် စိုးမြင့်၊ မော်လိုက်မှ မြင့်မောင် တို့ဖြစ်သည်။ ကျွန်တော်အလွန်ပျော်ပါသည်။ အကြောင်းမှာ ဥပစာဝိဇ္ဇာ (က) တန်းမှာ နာမည်ကြီးဆရာ ဆရာမများ သင်ကြား ပေးခြင်းကို အလွန်သဘောကျပါသည်။ သင်္ချာ ဘာသာကို ဆရာကြီး ဦးနက်၊ ဦးဘကြည်၊ သမိုင်းကို ဆရာဦးတင်အောင်၊ ဆရာမ ဒေါ်သောင်းသောင်း၊ ဒဿနိကကို Mr.Dyer ၊ အင်္ဂလိပ်စာကို ဂါဝန်ကြီးဝတ်တတ်သော Ms. Ruston တို့က သင်ကြားပေးခဲ့ကြပြီး မြန်မာ စာမှာတော့ ဒိတ်ဒိတ်ကြဲ ဆရာဦးဆန်းထွန်း (မန်းတက္ကသိုလ်)နှင့် ဆရာဦးမောင်မောင်တင် ( မဟာဝိဇ္ဇာ) တို့ ဖြစ်ကြသည်။

၁၉၅၄ - ၅၅

မန္တလေးတက္ကသိုလ် ဒုတိယနှစ် ဥပစာ(ခ) တန်းရောက်တော့ အဆောင်သစ် ရွှေပြည်အေး အခန်းနံပါတ် ၁၀၀ အပေါ်ထပ်ရပါသည်။ ထိုနှစ်တွင်ပင် မန္တလေးဆေးတက္ကသိုလ် စဖွင့် ပါသည်။ ရန်ကုန်မှ ဥပစာသိပ္ပံ Bio နှင့် အောင် သူများ ရောက်လာကြပြီး ရွှေပြည်အေး အဆောင်သစ် အောက်ထပ်မှာ တစ်ယောက် တစ်ခန်း ရကြပါသည်။ ကျွန်တော်တို့ သူငယ်ချင်းထပ်တိုးပါသည်။ တောင်ကြီးက နှစ်ယောက်ပါပါသည်။ ကို Leonard နှင့် Peter Ba Yin တို့ ဖြစ်ပါသည်။ Peter မှာ ဆက် မတက်လို၍ ရန်ကုန်ပြန်ပြီး ရိုးရိုးဝိဇ္ဇာဘာသာ ယူ၍ ဥပဒေတန်းပါအောင်မြင်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၌ အလုပ်ဝင်ရာ ရာထူးကြီးအဆင့် အထိ ရောက်သွားပါသည်။ အခြားသူငယ်ချင်း အသစ်များကတော့ နာမည်ကျော် ဆရာဝန် ဒေါက်တာ အောင်ခင်ဆင့်၊ ဒေါက်တာ ဆက် ထွားနှင့် ဒေါက်တာချစ်ချစ်တို့ ဖြစ်ကြပါ သည်။ ဆေးတက္ကသိုလ်မှ စိုက်ပျိုးရေး တက္ကသိုလ်ကိုပြောင်းပြီး ဘွဲ့ရ၍ တပ်ထဲဝင် သွားကြသည့် ဗိုလ်ကြီးများလည်း ရှိကြပါ သည်။ ဥပစာဝိဇ္ဇာ (ခ)တန်းတွင် သင်ကြားပေး ခဲ့သော ဆရာများမှာ ဆရာဦးနက် (သင်္ချာ) ၊ ဆရာဦးချမ်းမြ (မြကေတု)၊ Mr. Dyer (ဒဿနိ က)၊ ဆရာဦးတင်အောင် (သမိုင်း)၊ Mr. Muni (အင်္ဂလိပ်စာ) ဖြစ်ကြပါသည်။

ကျွန်တော် ဥပစာဝိဇ္ဇာ (က) တန်း တက် နေစဉ်မှာ အောက်တိုဘာအရေးတော်ပုံနှင့် ကြုံကြိုက်ခဲ့ရပါသည်။

ကျွန်တော် ယနေ့ထက်တိုင် မန္တလေး တက္ကသိုလ်ကြီးကိုရော၊ ရေနီမြောင်းကိုရော မမေ့ပါ။ မန္တလေးရောက်တိုင်း ကျောင်းတော် ကြီးနှင့် ဆရာကြီး ဦးကိုလေးကြေးရုပ်၊ ဆရာကြီး ဦးရာဇတ် ကြေးရုပ်၊ ရာဇတ်ခန်းမ၊ ရတနာပုံ၊ ရွှေပြည်အေးဆောင်ကို အလွမ်း ပြေ သွားကြည့်ပါသည်။ ၁၉၅၅-၅၆ ခုနှစ်မှာ ကျွန်တော် ရန်ကုန်တက္ကသိုလ်ကို ပြောင်း ပါသည်။ နာမည်ကြီးဆရာများနှင့် တွေ့နေ ပြန်ပါသည်။ သင်္ချာဆရာမှာ ဆရာ ဦးကာ ဖြစ်ပါသည်။ လက်ရေးအလွန်လှပါသည်။ Algibra I သင်ပေးပါသည်။ အလွန် ကြည်ညို ဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ အရပ် အမောင်း ကောင်းကောင်း မောင့်ကျက်သရေ ခေါင်းပေါင်း ပေါင်းပြီး မြန်မာတိုက်ပုံပုဆိုး ကွက်ကျားနှင့် အတန်းထဲဝင်လာသောသူ၏ ပုံရိပ်ကို ယနေ့တိုင်မမေ့နိုင်ပါ။

ထိုနှစ်မှာပဲ ကျွန်တော် ဥပစာ (ခ) အောင် ပါသည်။ ဝိဇ္ဇာ(က)တန်း တက်ရပါတော့မည်။ မည်သည့်ဘာသာတွဲယူရမည်ကို ရွေးချယ်ရ ပါတော့သည်။ ရွေးရန်လည်း ဘာသာတွေက အတော်များပါသည်။ ကန့်သတ်ချက်မရှိဘဲ ရွေးလိုရာ ရွေးလို့ရပါသည်။ ဥပစာ (ခ)မှာ သင်္ချာပါခဲ့သည့်အတွက် Double Maths+ statistic ယူလို့လည်း ရပါသည်။ ကျွန်တော်က ဥပစာဝိဇ္ဇာမှ လာသဖြင့် ဘွဲ့ယူသည့်အခါ ဝိဇ္ဇာ ဘွဲ့သာ ရပါသည်။ ဥပစာသိပ္ပံမှ လာသူဆိုလျှင် ယူသည့်ဘာသာရပ်ချင်း တူသော်လည်း ဝိဇ္ဇာ သိပ္ပံဘွဲ့ ရရှိပါသည်။ ဝိဇ္ဇာ (က)တန်းတက်ရာ တွင် စာသင်ချိန်ချင်းမထပ်သည့် ရွေးချယ်မှု ဖြင့် ရွေးရပါသည်။ ဝိဇ္ဇာ (က) တန်း တက်ရာ တွင် စိတ်ကြိုက်မြန်မာစာဖြင့် ဥပစာတန်း အောင်လာသူများက များသောအားဖြင့် မြန်မာစာ B.Lit အင်္ဂလိပ်စာပေနှင့် သမိုင်း ယူကြပါသည်။ သမိုင်းမှာလည်း အရှေ့တိုင်း သမိုင်းနှင့် Modern History ဟူ၍ နှစ်မျိုး ရှိပါသည်။

ထူးဆန်းသည်မှာ မည်သည့် ဥပစာ(ခ) ဝိဇ္ဇာ(သို့) သိပ္ပံဘာသာဖြင့် အောင်စေကာမူ ဝိဇ္ဇာ (က) တွင် ယူလိုရာ ဘာသာတွဲကို ရွေးချယ်နိုင်ပါသည်။ ဒဿနိက Philosophy နှင့် သမိုင်း၊ အင်္ဂလိပ်စာပေတွဲ ယူသူလည်းရှိ ပါသည်။ သိပ္ပံဘာသာရပ်ဖြင့် ဥပစာတန်း အောင်လာသူများ၊ ဆေးကျောင်းဆက် မတက်လိုသူများ၊ အင်ဂျင်နီယာမတက်လို သူများ၊ ဘူမိဗေဒကျောင်းသားများလည်း ဤဝိဇ္ဇာ(က)တန်းကို လာတက်ကြပါသည်။ ဥပစာ(ခ) တန်းအောင်ပြီး B.A.Ed သွားသူများ၊ ဥပစာသိပ္ပံ(ခ) အောင်ပြီး စိုက်ပျိုးရေး သစ်တောတက္ကသိုလ်ဘက် သွားသူများလည်း တွေ့ရပါသည်။ ကျွန်တော်ကတော့ ဆန်းသည် ဟု ပြောရမလား မသိပါ။ ကျွန်တော် အမှန်တကယ် ကြိုက်သည့်ဘာသာတွဲကို တွဲယူလိုက်ပါသည်။ ၎င်းမှာ စိတ္တဗေဒ (Psychology )၊ လူမှုရေးရာပညာ ( Socio-logy)၊ နိုင်ငံရေးရာပညာ (Political Science) ဖြစ်ပါသည်။ Psychology မှာ နှစ်မျိုးခွဲထား ပါသည်။

Higher Logic တွဲလျှင် Philosophy ဘာသာတွဲတစ်ခု ဖြစ်သွားပါသည်။ Experi-mental Psychology နှင့်တွဲလျှင် Psychology ဘာသာတွဲတစ်ခု ဖြစ်သွားပါသည်။

ကြားဖြတ်တင်ပြလိုသည်မှာ သင်ကြား ပေးသောဆရာကြီး ပါမောက္ခများအကြောင်း ဖြစ်ပါသည်။ Psychology I မှာ သင်ပေးသော ပါမောက္ခမှာ Dr. Hla Bu ဖြစ်ပါသည်။ ပိုးပုဆိုး၊ မောင့်ကျက်သရေ ခေါင်းပေါင်း၊ တိုက်ပုံနှင့် အလွန့်အလွန် ကျက်သရေ ရှိပါသည်။ အင်္ဂလိပ်လိုပြောရာ၌လည်း အလွန်ပီသ ရှင်းလင်းပါသည်။ Psychology II ဆရာမှာ ပါမောက္ခ Dr. Hla Thwin ဖြစ်ပါသည်။ ဆရာ ကတော့အနောက်တိုင်းဝတ်စုံ၊လည်စည်းနှင့် စမတ်ကျကျဝတ်ပြီး သင်ကြားပေးသည့် ဆရာဖြစ်ပါသည်။ ထိုစဉ်က Psychology ဌာန၏ သရုပ်ပြဆရာမှာ ဆရာဦးကျော်စိန် (နောင် ပါမောက္ခချုပ် ဒေါက်တာ ကျော်စိန်) ဖြစ်ပါသည်။ Psychology မှာ Practical ရှိပါ သည်။ ကျွန်တော်ယူသည့် ဘာသာရပ်တစ်ခု မှာ P.S ခေါ် Political Science ဖြစ်ပါသည်။ ပထမနှစ် ဝိဇ္ဇာ(က) တန်းမှာ သင်သူက ဆရာမကြီး ဒေါ်စူဇီလှ ဖြစ်ပါသည်။ ပဝါစ အပြာလေးခြုံပြီး ကမ္ဘာ့တွေးခေါ် ပညာရှင်များ ၏ ဒဿနိကများကို အင်္ဂလိပ်လို ရွတ်ချလိုက် သည်ကို ကျွန်တော်တို့ အမီလိုက်ရေးနိုင်ခဲ့ ပါသည်။

ဒုတိယနှစ် ဝိဇ္ဇာ (ခ)တန်းတွင်တော့ သမိုင်းဌာနမှူးမှာ ပါမောက္ခ ဦးဘညွန့် (ဝင်းဦး ၏ဖခင်) ဖြစ်ပါသည်။ သူလည်း ခေါင်းပေါင်း၊ ပိုးပုဆိုးနှင့် ဝင်လာပြီး ကမ္ဘာအရပ်ရပ်က ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်အမျိုးမျိုးကို အလွတ် သင်ကြားပို့ချနိုင်သော ပါမောက္ခကြီး ဖြစ်ပါ သည်။ အင်္ဂလိပ်လို ပို့ချချက်များ အလွန်ပီသ ပါသည်။ ကောင်းစွာ လိုက်ရေး၍လည်း ရပါ သည်။ နောက်ဘာသာရပ်တစ်ခုကတော့ Sociology (လူမှုရေးရာပညာ) ဖြစ်ပါသည်။ ဤဘာသာသည် စတင်သင်ကြားခါစ ဘာသာ ဖြစ်ပြီး သင်ကြားမည့် ဆရာ မရရှိသေးမီ ဒုတိယအဓိပတိကိုယ်တိုင် သင်ကြားပို့ချပေး ပါသည်။ ဒုတိယအဓိပတိမှာ Dr. Htin Aung ဖြစ်ပါသည်။ ဤကဲ့သို့သော ဆရာပါမောက္ခ များနှင့် သင်ကြားခဲ့ရ၍လည်း ကျွန်တော်တို့ ကံကောင်းသည်ဟု ဆိုရပေမည်။ ဤသည် ကြောင့် ဤရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ ပြည့်ချိန်မှာ နောင်လာနောက်သား မြေးမြစ် များကို တက္ကသိုလ်၏ သမိုင်းအချို့ကို မျှဝေ လိုခြင်းဖြစ်ပါသည်။

တက္ကသိုလ် နိုင်ငံရေးနှင့် ကျွန်တော်

မန္တလေးတက္ကသိုလ်မှာ နေခဲ့စဉ်မှာတော့ ကျွန်တော်သည် SUF (Student United Front) တပ်ဦးရဲဘော် ဖြစ်ပါသည်။ အောက်တိုဘာလ အရေးတော်ပုံတွင် ကျောင်း သားထုအစည်းအဝေးကြီးကို ရာဇတ်ခန်းမ မှာ ပြုလုပ်ပြီး သပိတ်မှောက်မိန့်ခွန်းတွေ ဟောပြောကာ ကျောင်းမတက်ရန် ဆုံးဖြတ် ချက်ချ၍ အိမ်ပြန်ကြပါသည်။ ခေါင်းဆောင်က တော့ ရေနံချောင်းက ကိုညီညီ၊ ပခုက္ကူက ကိုမြင့်အောင်၊ မန္တလေးက ကိုသာနိုးတို့ ဖြစ်ပါ သည်။ သိပ်မမှတ်မိတော့ပါ။

ရန်ကုန်တက္ကသိုလ် ပြောင်းတော့ ကျွန်တော်က မောင်ကိုယု အဖွဲ့ထဲ ရောက်သွား ပြီး ကျောင်းသားလှုပ်ရှားမှုတွေ လုပ်ကြပါ သည်။ ကျွန်တော်တို့အဖွဲ့၏ အမာခံ အဆောင် ကတော့ ရွှေဘိုဆောင်ဖြစ်ပါသည်။ ပခုက္ကူက ကိုသန်းလွင် (နောင်သစ်တောအရာရှိ)၊ ဇော်မြင့်၊ (ဇော်ဇော်အောင်) တို့ကိုပဲ မှတ်မိပါ တော့သည်။ တ.က.သ ရွေးကောက်ပွဲ နီးလာ လေလေ ကျွန်တော်တို့ စည်းရုံးရေးလုပ်ငန်း ပိုလုပ်ရလေလေ ဖြစ်သည်။

မှတ်မိသလောက် ၁၉၅၅ မှာ တကသ ဥက္ကဋ္ဌ နန်ဇင်လ (ကချင်)၊ ၁၉၅၆ မှာ ဥက္ကဋ္ဌ စသိန်းဟန်(ကရင်)၊ တွဲဖက်အတွင်းရေးမှူး ရှမ်းပြည်နယ်သား ကိုအယ်ဒီထွန်း၊ စောဒေး ဗစ် ( ဂဠုန် )၊ ကိုခင်မောင်ကြီး (USA) တို့ ဖြစ် ပါသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြင်းအထန် ငြင်းပြီး ဆွေးနွေးကြပေမယ့့် ပြင်ပတွင် ခင်ခင် မင်မင် ရဲဘော်ရဲဘက်များအဖြစ် ဆက်ဆံခဲ့ ကြပါသည်။ ကျွန်တော်တို့ ရှမ်းပြည်နယ်က ရဲဘော်ကိုမြင့်ဦး ( ခေါ် ) မောင်လင်းယုန် (ရှမ်းပြည်)၊ ကိုဗဆွေလေး၊ ကိုသာဘန်း(ရခိုင်)၊ စိုင်းအောင်ဝင်း(ရှမ်း) တို့မှာ ကိုဘကောင်း အုပ်စုမှ ဖြစ်ပါသည်။ ကျွန်တော် ဘွဲ့ရပြီး တက္ကသိုလ်ကြီးမှ ခွဲခွာလာခဲ့သည့်အချိန်မှာ တော့ တကသ ဥက္ကဋ္ဌ ကိုစိုးသိမ်း၊ အတွင်းရေး မှူး ကိုခင်မောင်ညွန့် (မင်းလှ ညွန့်ကြူး)တို့ ဖြစ်ပြီး တွဲဖက်အတွင်းရေးမှူး စောဒေးဗစ် (ဂဠုန်) ဟု ထင်ပါသည်။

ကျွန်တော် နေခဲ့သည့် အဆောင်များ

မန္တလေးမှ ပြောင်းလာခါစမှာ ကျွန်တော် စစ်ကိုင်းဆောင် အောက်ဆုံးထပ် 7.B သဟာ ရနှင့် စာဖတ်ခန်းနှင့် ကပ်လျက် အတွင်း ဘက် (အရှေ့ကို မျက်နှာမူသည့်အခန်း)(တစ်ယောက် တစ်ခန်း) တွင် နေခဲ့ရပါသည်။ လက်ထောက်အဆောင်မှူးက ဆရာ ဗလ သိန်းဖြစ်ပြီး အဆောင်မှူးက စဝ်ထွန်းမှတ်ဝင်း ဖြစ်ပါသည်။ ထိုအခန်းမှ ဥပစာဝိဇ္ဇာ (ခ) အောင်ခဲ့ပါသည်။ ဝိဇ္ဇာ (က) တန်း ရောက် တော့လည်း စစ်ကိုင်းဆောင် အပေါ်ဆုံးထပ် ကျောဘက် (ရေချိုးခန်းနှင့်အနီးဆုံး) ညာဘက်က ထောင့်ခန်း ၁၀၂ မှာ ရပါသည်။ ထိုအခန်းမှပင် ဝိဇ္ဇာ (က) တန်း အောင်ခဲ့ပါ သည်။

နောက်ဆုံးနှစ် ဝိဇ္ဇာ (ခ) တန်းကိုတော့ ဒဂုံဆောင်မှ အောင်ခဲ့ပါသည်။ အဆောင်မှူး ဆရာဦးလှရွှေဖြစ်ပြီး လက်ထောက် အဆောင် မှူး ဆရာဦးအောင်ကျော် ဖြစ်ပါသည်။ ကျွန်တော့်ကို သူ့ဒဂုံဆောင်မှာ လာနေဖို့ အမြဲခေါ်ပါသည်။ အပေါ်ဆုံးအထပ် လက်ထောက် အဆောင်မှူး၏ အခန်းအပေါ် ထပ်ကို ပေးပါသည်။ ဆန်းသည်မှာ ထိုအခန်း သည် နှစ်ခန်းတွဲ နှစ်ဖက်ဝင်ပေါက်ရှိပါသည်။ အခန်းနှစ်ခန်းကို ဖောက်ထားသလိုဖြစ်၍ ကျွန်တော်တို့ တောင်ကြီးမှ သူငယ်ချင်း ကိုချစ်ဆွေကို ခေါ်ထား၍ ရပါသည်။ သူက 3F ဖြစ်၍ စာမေးပွဲသုံးခါကျသဖြင့် အဆောင် နေခွင့် မရှိသူဖြစ်ပါသည်။ ကျွန်တော်နှင့် ကိုဖေဝင်း နာမည်နှစ်ယောက်တွဲလျက် အခန်းရပါသည်။ ထို့ကြောင့် ကိုချစ်ဆွေကို ခေါ်ထား၍ရပါသည်။

လက်ထောက်အဆောင်မှူး ဆရာ ဦးအောင်ကျော်မှာ ကျွန်တော့်ကို အလွန် ခင်သူ ဖြစ်ပါသည်။ ကျွန်တော်သည် အားကစား အထူးသဖြင့် တင်းနစ်တွင် ထူးချွန်စွာ ကစားနိုင်ခဲ့ပါသည်။ မန္တလေး တက္ကသိုလ်မှာနေစဉ် တက္ကသိုလ်ပြိုင်ပွဲမှာ ဒုတိယရခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်မှာ လည်း ၁၉၅၆-၅၇ တင်းနစ်ပြိုင်ပွဲမှာ Semi final တက်နိုင်ခဲ့သဖြင့် Half blue အပြာ တစ်ဝက်အဆင့် ရပါသည်။

Colour ရ အားကစားသမားစုပေါင်း၍ ဘွဲ့နှင်းသဘင်ခန်းမကြီး၏ အရှေ့ဘက် ဆင်ဝင်အောက်မှာ ရိုက်ထားသော ဓာတ်ပုံရှိ ပါသည်။ မှတ်မိသလောက် အတွင်းရေးမှူး ကိုသန်းလွင် ၊ ကိုသန်းအောင်၊ ကိုထွန်းအောင်၊ (VOA) ဂျိုးဘမောင်၊ Ronnie Ba Mg ၊ အောင်သန်းထွန်း၊ ကိုအုန်းခင် (ယခု ရန်ကုန် ရွှေတောင်ကြား)၊ Michael Tun Zan, Herald Than Pe တို့ကိုသာ မှတ်မိပါတော့သည်။ ကျွန်တော်က ရှေ့ဆုံးတန်း ဒူးထောက် အနေအထားနှင့် ဖြစ်ပါသည်။ ကျွန်တော်က ဘယ်ဘက်အစွန်ဆုံးနှင့် ကိုအောင်သန်းထွန်း မျက်မှန်နှင့်က ညာဘက်အစွန်ဆုံး ဖြစ်ပါ သည်။ ဆရာဦးအောင်ကျော်သည် တင်းနစ် အလွန် ဝါသနာပါပါသည်။ ကျွန်တော်နှင့်အတူ ဆရာကြီး ဦးဘညွန့် အိမ်နောက်ကျော က တင်းနစ်ကွင်းမှာ ကစားကြပါသည်။ ထို့ကြောင့် ပိုခင်မင်သွားကြပါသည်။

ထိုကွင်း၌ တင်းနစ်ရိုက်သူထဲမှာ ကျောင်းသားဆို၍ ကျွန်တော်တစ်ယောက် တည်း ပါပါသည်။ လေယာဉ်မှူးကြီး(နောင် ဒုဝန်ကြီး) ဦးတင်ထွန်း (ရွှေဘိုအဆောင်မှူး ဦးစံထား၏ သား)၊ ဆရာဦးအောင်ကျော်၊ ကိုဝင်းညွန့် (ဆရာကြီး ဦးဘညွန့်၏သား) တို့မှာ ကျွန်တော်နှင့် တင်းနစ်ရိုက်ဖက်ဖြစ် ပါသည်။ Benton Hall က Margot Sein ဆရာမလည်း ပါပါသေးသည်။ ရွှေဘိုဆောင်၊ ဒဂုံဆောင်၊ သီရိဆောင်နှင့်နီးသော ကစား ကွင်းဖြစ်ပါသည်။ အများအားဖြင့် ရေးနေကြ သော မပါမဖြစ်သည့် ဦးချစ် လက်ဖက်ရည် ဆိုင်မှာ ကျွန်တော်တို့ တက္ကသိုလ်ရောက်ချိန်၌ ပြည်လမ်းအနောက်ဘက်ခြမ်း ဖက်ကပ်မိုး၊ ထရံကာ၊ ဖန်ခွက်မလုံမလောက်နှင့် လက်ဖက် ရည် မုန့်ရောင်းသည့် ဆိုင်ငယ်လေးသာ ဖြစ်ပါသည်။ ထို ဦးချစ်ဆိုင်၏ မြောက်ဘက် ကိုက် ၁၅၀ လောက်တွင်လည်း လက်ဖက်ရည် ဆိုင်တစ်ဆိုင် ရှိပါသည်။ ဦးချစ်ဆိုင်ထက် နည်းနည်းကြီးပါသည်။ သူ့နာမည်က အဘူး ဖြစ်ပါသည်။ ဆိုင်နာမည်ကို ကျွန်တော်တို့ တောင်ကြီးသားများက Rose Marie Cafe ဟု ထင်းရှူးသေတ္တာခြမ်းပေါ်မှာ မီးသွေးခဲနှင့် ရေးထားပြီး ဆိုင်ရှေ့ကပ်လျက်ရှိသည့် ကုက္ကို ပင်ကြီးမှာ သံမှိုဖြင့် ကပ်ရိုက်ထားပေးလိုက် ပါသည်။ လက်ဖက်ရည်အပြင် Benton Hall နေ အဆောင်သူတွေအတွက် အသုံးအဆောင် များလည်း ရောင်းချပါသည်။ ညဉ့်နက်သည် အထိ ရောင်းပါသည်။

Benton Hall မှ အဆောင်သူတွေ ညဘက်တွင် လက်ဖက်ရည်သောက်လိုလျှင် ဂိုရမ်း ခေါ် ညစောင့် ဒရဝမ်ကို ဝယ်ခိုင်းပါသည်။ ကျွန်တော်တို့တောင်ကြီးသားတွေ အတော် များများ ညဉ့်နက်သည်အထိ ထိုဆိုင်မှာ ထိုင် ကြ၊ စကားပြောကြ၊ ပြီးမှ အဆောင်ပြန်ကြပါ သည်။ စစ်ကိုင်းဆောင်မှာ နေစဉ်ကလည်း Rose Marie ကို အနည်းဆုံးတစ်နေ့ နှစ်ခေါက်တော့ ရောက်ပါသည်။ ဒဂုံဆောင် ရောက်လာတော့ ပိုနီးလာရာ ပို၍ သွားဖြစ်ပါ သည်။ ညဆိုလျှင် သီချင်းအော်ဆို၍ အဆောင် ပြန်ကြပါသည်။ ရံဖန်ရံခါ ဂစ်တာတီးသည့် သူငယ်ချင်းပါလျှင် တီးသံလည်း ပါတတ်ပါ သည်။ ဆိုင်ရှင်အဘူးသည် သဘောအလွန် ကောင်းပါသည်။ ကျွန်တော်တို့ ဘိုင်ပြတ် သည့်အခါ သူ့ထံမှ ပိုက်ဆံချေးပြီး လက်ဖက် ရည်ဖိုးအကြွေးထဲ မှတ်ထားရန်ပြော၍ ငွေချေး၍လည်း ရပါသည်။

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား ဘဝသည်ကား အလွန်ပျော်ရွှင်ဖွယ်ရာ ကောင်းသောဘဝဖြစ်ပါသည်။ Judson Chapel (ယုဒသန်ဘုရားကျောင်း) နှင့် ရွှေဘို ဆောင်သွားလမ်းပေါ်မှ တံတားအုတ်ခုံ၊ Benton Hall ရှေ့မှ မြက်ခင်းပြင်မှာ ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ ထိုင်ခဲ့ ပါသည်။ ယနေ့တိုင် သတိရနေဆဲပါ။

ငွေ၏ အသုံးတန်ဖိုးလည်း ပြောပြလို ပါသည်။ ကျောင်းလခစရိတ်က အပြီးအငြိမ်း ၄၃ ကျပ် (နေစရိတ်၊ စားစရိတ်အပါအဝင်)။ ထမင်းစားဆောင် ဝင်ပေါက်နားက အုတ်ခုံ ဘေးမှာ ဗယာကြော် တစ်မတ်ဖိုးဝယ်ပြီး သူငယ်ချင်း အပိုတစ်ယောက်ကို ထမင်းခေါ် ကျွေး၍ ရပါသေးသည်။ ထမင်းစားသည့်ပုံစံမှာ တစ်စားပွဲ လေးယောက်ထိုင်ဖြစ်ပြီး ကိုယ်နှင့် အဆင်ပြေသည့် သူငယ်ချင်းနှင့် မျက်နှာချင်း ဆိုင်ထိုင်၍ စားကြရပါသည်။ ဒဂုံဆောင် ရောက်တော့ ကျွန်တော်၏ မျက်နှာချင်းဆိုင် သူငယ်ချင်းမှာ ကိုဖေဝင်း အခန်းဖော်ပဲဖြစ်ပါ သည်။ ဗယာကြော် တစ်မတ်ဖိုးဝယ်ပြီး သူငယ်ချင်းကိုချစ်ဆွေကိုပါ ထမင်းကျွေး နိုင်ပါသည်။ ကိုဖေဝင်းကို သက်သတ်လွတ် စာရင်းသွင်းစေပြီး ကျွန်တော်က အသားစုံစား သည့် စာရင်းပြထားသဖြင့် နှစ်ယောက်စလုံး ဟင်းပိုစုံအောင် စားကြရသည်။ သက်သတ် လွတ်သမားအတွက် ငှက်ပျောသီးတစ်လုံး ရပါသည်။ ထိုငှက်ပျောသီးကို တစ်ယောက် တစ်လှည့်စီ စားကြပါသည်။

ကျွန်တော်တို့သည် အလွန်ခြေများသူ များဖြစ်ပါသည်။ ထိုစဉ်က ဘတ်စ်ကားများ သည် အရုပ်ပုံတို့ ရေးဆွဲ၍ ခွဲခြားထားပါသည်။ အမရဆောင်ရှေ့မှ မြို့ထဲဆူးလေဘုရားအထိ ၃၅ ပြား “နဂါးရုပ်” ကား ဖြစ်ပါသည်။ အင်းစိန် သွားသည့် ဘတ်စ်ကားက “နတ်သမီး” တံဆိပ် ၂၅ ပြား၊ ရန်ကင်းသွားလျှင် ဆင်ဖြူပြီး ဆင်မည်းစီး နှစ်ဆင့်ဆို ပြား ၅၀ ပေးရပါ သည်။ ထောက်ကြံ့သွားလိုလျှင် “ ကြံ့ ” ပုံပါ ကားကို စီး၊ ၂၅ ပြားပဲ ပေးရပါသည်။ ခေါက်ဆွဲတစ်ပွဲ ၁ ကျပ် ထို့ကြောင့် ကျောင်း က ထမင်းချိန်လွန်သွား၍ ပိတ်သည့်အခါ လှည်းလမ်းထိပ်က တရုတ်ရွက်ဖျင်ထိုးထား သည့် ဆိုင်မှ ထမင်းကြော်တစ်ပွဲ ဝယ်စားလျှင် တစ်ကျပ်ဆိုက ဗိုက်ကားအောင် စားရပါ သည်။

ရထားမိုင်းဗုံးကွဲခြင်း

ကျွန်တော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဘဝတွင် မပြောလျှင်မပြီးသည့် ကိစ္စတစ်ခုရှိပါသည်။ ကျွန်တော်တို့သည် တစ်နှစ်လျှင် ရန်ကုန်နှင့် ရွှေညောင်အသွား အပြန် လေးကြိမ်လောက်ရထားဖြင့် သွားလာ ရပါသည်။ ရွှေညောင်ဘူတာမှာ တစ်ညအိပ်ရ ပါသည်။ (Platform ပေါ်မှာ အိပ်ပါသည်) မနက်ကျမှ ရထားစီးရပြီး ညနေ ၅ နာရီ လောက်မှ သာစည်ဘူတာကို ရောက်ပါသည်။ ညသန်းခေါင် မန္တလေးဘက်မှရန်ကုန်သို့ သွားသော ရထားကို အလုအယက်တက်စီးရ ပါသည်။ တစ်ခါတစ်ရံ ညောင်လေးပင် တောကျွဲ အင်းလမ်းပိုင်းမှာ မိုင်းဗုံးကွဲသဖြင့် ရထား ဆက်မသွားနိုင်ဘဲ ခရီးသည်များ လမ်း မှာပဲ အိပ်ကြရပါသည်။ မှတ်မိသလောက် ပြောရမည်ဆိုလျှင် ပဲခူးဘူတာကို သူပုန်ဝင် စီးသည့် အချိန်၊ မော်လမြိုင်ခရီးသည်များ သူပုန်ဖမ်းသွားသည့် အချိန်များသည် ကျွန်တော်တို့ တက္ကသိုလ်တက်နေသည့်အချိန် နှင့် တိုက်ဆိုင်နေပါသည်။ တထိတ်ထိတ်နှင့် ပင် ကျွန်တော်တို့ ခရီးသွားကြရင်းနှင့် ဘွဲ့ရသည်အထိ ပညာသင်ကြရပါသည်။ နောက်ပိုင်းက မိဘများကလည်း စိုးရိမ် တကြီးနှင့် အမြဲပူပင်နေကြရသည့် အခါသမယ ဖြစ်ကြောင်း တင်ပြလိုပါသည်။

ဟိုချီမင်း

၁၉၅၇-၅၈ စာသင်နှစ် ကျွန်တော်ဘွဲ့ရ သည့် နောက်ဆုံးနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ဂုဏ်ထူးဆောင် ပါရဂူဒေါက်တာဘွဲ့ပေးသည့် အခမ်းအနားနှင့် ကြုံခဲ့ရပါသည်။ ဘွဲ့နှင်း သဘင်ခန်းမထဲမှာ တက္ကသိုလ်ကျောင်းသား အပြည့် တက်ရောက်ကြပါသည်။ အဲဒါက တော့ ဗီယက်နမ်သမ္မတကြီး ဟိုချီမင်းကို ဘွဲ့အပ်နှင်းသည့် အခမ်းအနားပါ။ ဒုတိယ အဓိပတိ ဒေါက်တာထင်အောင်က ဩဘာ စကားမြွက်ကြားပါသည်။ ဘွဲ့ဝတ်စုံဖြင့် တက်ရောက်ယူသည့် ဟိုချီမင်းကို ကောင်းစွာ မြင်တွေ့ခဲ့ရပါသည်။

ဒေါက်တာထင်အောင်၏ ဩဘာစကား မှာ အလွန်ကောင်းမွန်သော အင်္ဂလိပ်စကား ဖြစ်ပြီး အလွန်ပြည့်စုံထိရောက်သည့် စကား များ ပါရှိပါသည်။ သမ္မတကြီး ဟိုချီမင်းက လည်း ကျေးဇူးတင်စကား ပြန်လည်တုံ့ပြန် ပြောဆိုပါသည်။ သူပြောသည့် အင်္ဂလိပ်စကား ကလည်း ကျွန်တော်တို့၏ အကျော်အမော် ဒုတိယအဓိပတိကြီး ဒေါက်တာထင်အောင် ပြောစကားထက်ပင် ပိုကောင်းသည်ဟု ခံစား ရပါသည်။ သူပြောသောစကားသံ လေယူ လေသိမ်းမှာ ပြင်သစ်သံပါပါသည်။ သူ့နိုင်ငံက ပြင်သစ် ကိုလိုနီဘဝကနေ တော်လှန်ပြီး အောင်ပွဲခံခဲ့သည့် နိုင်ငံမဟုတ်ပါလား။ ကျွန်တော်မှတ်မိနေသည့် စကားတစ်ကြောင်း က သူ့စကားသည် နိုင်ငံအကြီးအကဲကို မညွှန်းဘဲ တက္ကသိုလ်ကျောင်းသားတွေကို ညွှန်းပြီး ပြောဆိုသည်ကို အံ့ဩစွာ ကြားသိရ ပါသည်။ ထိုစကားလုံးကတော့ ထပ်တလဲလဲ ပြောသော " Comrade Students" ဆိုသည့် စကားလုံးပဲ ဖြစ်ပါသည်။

ကောလိပ်ဂျင်နေဝင်းနှင့် ကျွန်တော်

သူနှင့် သိကျွမ်းကြပုံက ကျွန်တော်တို့မြို့မှ ဘောလုံးကန်ကောင်းသည့် ညီအစ်ကို နှစ်ယောက်သည် ဆရာငြိမ်း အဆောင်မှူး လုပ်သော မန္တလေးဆောင်မှာ နေပါသည်။ ကိုနေဝင်းကလည်း ဆရာငြိမ်းအခန်းမှာပဲ နေတော့ ဟိုညီအစ်ကိုနှစ်ယောက်နှင့် ရင်းနှီး သွားကြသည်။ နံနက်ပိုင်းလေ့ကျင့်ခန်းများကို ဆရာငြိမ်းသင်ပေးသော နည်းစနစ်အတိုင်း သူတို့မန္တလေးဆောင်နေ ဘောလုံးသမားများ က လိုက်လုပ်ကြရသည်။ အဲဒီလိုနှင့်ပဲ သူငယ်ချင်း ကိုစိန်ထွေးက မိတ်ဆက်ပေး သဖြင့် ကျွန်တော်နှင့် ခင်သွားပါသည်။ တက္ကသိုလ်ဘောလုံးအသင်းတွင် ကိုနေဝင်း သည် နာမည်ကြီးပါသည်။ တကယ်လည်း တော်ပါသည်။ ဟိုခေတ်က Burma ပေါ့။ နိုင်ငံတော်အဆင့်ပေါ့။ မာဒေးကား (အရှေ့ တောင်အာရှဘောလုံးပွဲ) မှာလည်း နာမည်ရခဲ့ သည့် ဘောလုံးသမားဖြစ်သည်။ ဘောလုံး နှင့် ထက်ကြပ်မကွာအပြေးနှုန်းအလွန်မြန်သော ဘောလုံးသမားနှစ်ယောက်ကို ပြရမည် ဆိုလျှင် ကိုနေဝင်းနှင့် ဗဟာဒူးကိုပဲ ပြရမည် ဖြစ်သည်။

ဘောလုံးသမား ကိုစိန်ထွေးက အခုထိ သက်ရှိထင်ရှား ရှိနေပါသည်။ အငြိမ်းစား မြို့ပိုင်ဖြစ်ပြီး ကယားပြည်နယ်မှာ ခရစ်ယာန် တရားဟောဆရာ လုပ်နေပါသည်။

ကိုနေဝင်းအကြောင်း ဆက်ပြောရလျှင် သူက မန္တလေးဆောင်ကနေ တောင်ငူဆောင် ကိုဖြတ်ပြီး ကျွန်တော်နေသည့် ဒဂုံဆောင် လမ်းအနောက်ဘက်ဘေးက ကွမ်းယာဆိုင် လေးမှာ ကျွန်တော့်ကို စောင့်သည်၊ စီးကရက် က သူရော ကျွန်တော်ပါ ကြိုက်ပေမယ့် ဘူးလိုက် မဝယ်နိုင်ကြပါဘူး။ တစ်မတ် ၃ လိပ်လောက်ဝယ်ပြီး ကျောင်းခန်းထဲ မဝင် ခင် သောက်ကြသည်။ ကျွန်တော့်အိတ်ကပ် ထဲက ဆေးလိပ်လည်း သူနှိုက်ယူသလို သူ့အိတ်ထဲကလည်း ကျွန်တော်နှိုက်ပြီး သောက်ပါသည်။ သူနှင့် ကျွန်တော်က ဘာသာ တွဲချင်းတော့ မတူပါ။ သူက Philosophy နှင့် Economics နောက်တစ်ခု ကျွန်တော် မသိ။

သူယူသည့် Philosophy မှာ Dr Hla Bu သင်သော Psychology က ပါနေတော့ အဲဒီ တစ်ချိန်မှာ Judson အခန်းတစ်ခုမှာ အတူထိုင်ကြသည်။ ပြီးတော့ သူက ဘာဆက်တက်သလဲ မသိ။ ကျွန်တော်က Dr Hla Thwin သင်တဲ့ Psychology , ဆရာ ကျော်စိန် (သရုပ်ပြဆရာ) သင်ပေးသည့် Experimental Psychology အတန်း ဆက်တက်ရသည်။ ဒီလိုနဲ့ပဲ သူနှင့်ကျွန်တော် နေ့စဉ်နေ့တိုင်း တွဲဖြစ်ကြသည်။

သူနှင့်ကျွန်တော် နောက်ဆုံးတွေ့ကြ သည့်အချိန်ကတော့ ၁၉၆၀ ပြည့်နှစ်လောက် မှာ ဖြစ်သည်။ မမျှော်လင့်ဘဲ ကလောမြို့ လမ်းမဘေးက လက်ဖက်ရည်ဆိုင်မှာပါ။ ကျွန်တော်က လားရှိုးမြို့မ ရာဇဝတ်တရား သူကြီး ခန့်စာရ၍ ကျွန်တော်၏ကား Petrol Nissan Jeep နှင့် တောင်ကြီးမှလားရှိုးအသွား မှာ တွေ့ကြခြင်းဖြစ်ပြီး စကားလက်ဆုံ ကျခဲ့ပါသေးသည်။ သူက ရုပ်ရှင်လောကထဲ ရောက်နေပြီလေ။ ရုပ်ရှင် လာရိုက်သည်တဲ့။ ကျွန်တော်က ဤကဲ့သို့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်မည် မထင်မိသည့် အကြောင်းပြောတော့ ဒီလိုပေါ့ သူငယ်ချင်းရာ အလုပ်တစ်ခုလုပ်တဲ့ သဘောပဲပေါ့ဟု ပြောပါသည်။ သူနှင့်အဲဒါ နောက်ဆုံး တွေ့ဆုံခြင်းပါပဲ။ ကျွန်တော် လားရှိုးသို့ ဆက်ထွက်ခွာခဲ့ပါသည်။

ဟောပြောပွဲ

သောကြာနေ့ ညနေတိုင်းမှာ ဟောပြော ပွဲရှိပါသည်။ Judson ခန်းမ သို့မဟုတ် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက် အအုံကြီးရှေ့က မြက်ခင်းပြင်မှာ ဖြစ်ပါသည်။ ဟောပြောသူများကတော့ ဦးတင်ဧ(ရှမ်းပြည်) ထိုစဉ်က တက္ကသိုလ်စာတည်းမှူး၊ ဝိဓူရ သခင်ချစ်မောင်၊ ဦးလောရုံ (သတင်းစာ အယ်ဒီတာ Nation သတင်းစာ)၊ ပါမောက္ခ ဆရာကြီးဦးအောင်လှ၊ ဆရာမကြီးဒေါ်မြစိန်၊ ပမညတ ဦးကျော်မင်း ၊ အများကြီးပါ ၊ မမှတ်မိ တော့ပါ။ ဟောပြောပွဲမှာ ကျောင်းသား ကျောင်းသူတွေ ခန်းမအပြည့် တက်ရောက် နားထောင်ကြပါသည်။ ခေါင်းစဉ်ကတော့ အမျိုးမျိုးပါပဲ။ မေးခွန်းတွေလည်း ဖြေဆိုကြ ပါသည်။

ဘွဲ့နှင်းသဘင်နှင့် ကျွန်တော်

ကျွန်တော်တို့တက်ခဲ့သော ဘွဲ့နှင်းသဘင် အကြောင်း အနည်းငယ် တင်ပြလိုပါသည်။ နှစ်စဉ် ဒီဇင်ဘာလတိုင်း ဘွဲ့နှင်းသဘင်ရှိပါ သည်။ ကျွန်တော် တက်ခဲ့တာကတော့ ၁၉၅၈ ဒီဇင်ဘာလ ဘွဲ့နှင်းသဘင်ပေါ့။ အောင်သည့် နှစ်မှာပဲ တက်ခဲ့သည်။ ဟိုတုန်းကတော့ ဘွဲ့ယူသူအားလုံး ဘာသာရပ်ပေါင်းစုံစွာ ဒီဘွဲ့နှင်း သဘင်ခန်းမမှာပဲ အတူဘွဲ့ယူခဲ့ကြရ ပါသည်။ မဟာဝိဇ္ဇာ၊ မဟာသိပ္ပံတွေက ရှေ့ဆုံး တစ်တန်းမှာ နေရာယူရင်း ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညာရေးဘွဲ့၊ သစ်တော စိုက်ပျိုးရေးဘွဲ့တွေ၊ ဥပဒေဝိဇ္ဇာဘွဲ့ စသည် ဖြင့် ဤတစ်ခုတည်းသော ဘွဲ့နှင်းသဘင် ခန်းမမှာ လာရောက်ယူရပါသည်။ ကျွန်တော် တို့ B.A, B.Sc ဘွဲ့တွေကတော့ နောက်ဆုံး ကပေါ့။ ကျွန်တော်တို့ နောက်တွင် ကျောင်းသားမိဘတွေနှင့် ခန်းမတစ်ခုလုံး အပြည့်ပါပဲ။ ညကျတော့ Convocation Dinner ရှိပါသည်။ အစားအသောက်ကို ဘူဖေး စနစ်နှင့် စားရပါသည်။ ကျွန်တော်တက်သည့် ပွဲမှာ ဧည့်ခံတာကတော့ Green Hotel က အစားအစာဖြစ်ပါသည်။ သိုးသားနှင့် စားရ သည်ကိုပဲ မှတ်မိတော့သည်။ ဧည့်ခံကျွေးမွေး သည့် ဟိုတယ်ဝန်ထမ်းများက ဘောင်းဘီ ဖြူ၊ အင်္ကျီဖြူ၊ ဦးထုပ်ဖြူ ဝတ်စုံတွေနှင့်ဖြစ်ပြီး ဘင်ခရာအဖွဲ့၏ တေးသံသာဖြင့် ဧည့်ခံပါ သည်။

ဤမျှသာ မှတ်မိပြီး ဤဘွဲ့နှင်းသဘင် ခန်းမ ကျက်သရေဆောင် အဆောက်အအုံ ကြီးကို ခွဲခွာလာခဲ့ရတာ ယနေ့အထိ ဖြစ်ပါ သည်။ ။

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

------------------------------

အမည်ရင်း - စိုင်းထွန်းဦး

- ၁၉၃၃ ခုနှစ်တွင် တောင်ကြီး (ရှမ်းပြည်) တွင် မွေးပါသည်။

- ဒုတိယကမ္ဘာစစ်ကြီး မတိုင်မီ စိန့်အင်း ကျောင်း (St.Anne's) အထက်တန်း ကျောင်း (တောင်ကြီး) တွင် လေးနှစ် နေပြီး ပထမတန်းအောင်သည်။

- ဂျပန်ခေတ်တွင် ဂျပန်ကျောင်းမှာ နေခဲ့သည်။

- စစ်ကြီးပြီး၍ မဟာမိတ်တပ်များ ပြန်လာချိန် စစ်အုပ်ချုပ်ရေး ကျောင်း British Military Administration (BMA) ကျောင်း၌နေပြီး လွတ်လပ်ရေး အကြိုခေတ်တွင် အစိုးရ အထက်တန်း ကျောင်း (Government High School) မှာ နေသည်။ ၁၉၅၁ ခုနှစ်တွင် High School Final ခေါ် အထက်တန်း အောင်သည်။

- ၁၉၅၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်၍ မန္တလေးတက္ကသိုလ်သို့ တက်သည်။

- ဥပစာ (က) စတက်ရသည်။ သင်္ချာ၊ တက္ကဗေဒ၊ သမိုင်းတွဲယူသည်။

- ဥပစာ (က) တန်းအောင်ပြီး ဥပစာ (ခ)တန်းကို ရန်ကုန်တက္ကသိုလ်သို့ ပြောင်း ပြီး အောင်သည်။

- စစ်ကိုင်းဆောင် 7.B မှာနေသည်။

- ဝိဇ္ဇာ (က) တန်းကို နိုင်ငံရေးသိပ္ပံ၊ စိတ္တဗေဒ၊ လူမှုရေးသိပ္ပံဘာသာတွဲဖြင့် တက်သည်။ ၁၉၅၇-၁၉၅၈ မှာ ဘွဲ့ရသည်။

- ၁၉၅၉ - ရှမ်းပြည်နယ် ဝန်ထမ်း (အကြီး) တန်း ခန့်အပ်ခြင်း ခံရသည်။ သီပေါ ခရိုင်ဝန်ရုံးတွင် မြို့မဝန်ထောက်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။ (ထိုစဉ်က ကျောက်မဲခရိုင် မပေါ်ပေါက် သေးပါ။)

- ၁၉၅၉ - သီပေါခရိုင်အဖြစ်မှ ကျောက်မဲခရိုင်အဖြစ် ပြောင်းလိုက် ရာ ကျောက်မဲခရိုင်ဝန်ရုံး၌ မြို့မဝန် ထောက်ကြီးအဖြစ် တာဝန်ထမ်း ဆောင်သည်။

- ၁၉၆၀ - မိုးနဲနယ်ပိုင် ဝန်ထောက် အဖြစ် ပြောင်းရွှေ့တာဝန်ထမ်း ဆောင်သည်။

- ၁၉၆၁ - မြို့မရာဇဝတ်တရားသူကြီး လားရှိုး

- ၁၉၆၂ - ငွေတိုက်ဝန်ထောက် လားရှိုး

- ၁၉၆၃ - ကွတ်ခိုင်နယ်ပိုင်ဝန်ထောက်

- ၁၉၆၈ - တိုင်းမင်းကြီး အပါးတော် မြဲဝန်ထောက် လားရှိုး

- ၁၉၇၂ - တောင်ကြီးထွေအုပ်ဦးစီးမှူး

- ၁၉၇၈ - ပြည်နယ်ဒုတိယရုံးအဖွဲ့မှူး၊ တောင်ကြီး

- ၁၉၈၁-၁၉၈၃ ရုံးအဖွဲ့မှူးတွဲဖက်

- ၁၉၈၃- ၁၉၈၅ ချင်းပြည်နယ် ကောင်စီရုံးအဖွဲ့မှူး၊ ဟားခါး

- ၁၉၈၅ - ၁၉၉၁ မွန်ပြည်နယ် ကောင်စီရုံးအဖွဲ့မှူး၊ မော်လမြိုင်

- ၁၉၉၁-၁၉၉၅ တိုင်းအုပ်ချုပ်ရေးမှူး၊ မန္တလေးတိုင်း၊ မန္တလေး

- ၁၉၉၅ တွင် သက်ပြည့်အငြိမ်းစား ယူပြီး ယခုဇာတိမြေတောင်ကြီးမှာ နေထိုင်သည်။

- တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်း ကောင်းတံဆိပ်ရသည်။ လုပ်သက် ၃၇ နှစ် ဖြစ်ပါသည်။