ကျွန်တော်လွမ်းမိသော ငြိမ်းချမ်းရေးပုံရိပ်များ (ကရင်ပြည်နယ်)

Type
1

 

မြင့်စိုး (နတလ)

ဒေါနတောင်တန်းအနောက်ခြမ်းခရီးစဉ်


DKBA (ကလိုထူးဘော) အဖွဲ့မှ      စစ်ဦးစီးချုပ် ဦးစောမိုရှေး  ကွယ်လွန်သွားသည့်  သတင်းကြား လိုက်ရသောအခါ  များစွာစိတ်မကောင်းဖြစ်မိသည်။ လွန်ခဲ့သည့်ငါးနှစ်က  တိတိကျကျပြောရလျှင် ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းမှာ  သူနှင့် ကျွန်တော် ရေစက်ဆုံခဲ့သည်။  ဒေါနတောင်အရှေ့ခြမ်းနှင့် အနောက်ခြမ်းဒေသများတွင်  အခြေချနေထိုင်လျက် ရှိကြသော  DKBA  တပ်ဖွဲ့ဝင်မိသားစုများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ      ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးရန် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျွန်တော့်အား တာဝန်ပေးအပ်လာပါသည်။    ကက(ကြည်း) ၏ လမ်းညွှန်ချက်အရဟူ၍လည်း သိရ၏။ ထိုခရီးစဉ် အတွက် ဦးစောမိုရှေးနှင့် သူ့တပည့်များက ဘားအံ မှ  စောင့်ကြိုခေါ်ယူပါသည်။  ကျွန်တော်တို့အဖွဲ့မှာ ဖဖရ(ဘားအံ)ရုံးမှ  ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးသက်နောင်၊(ညွှန်မှူး-ငြိမ်း)၊ လက်ထောက် ညွှန်မှူးဦးတင်ဝင်း    (ယခု ဒုညွှန်မှူး-မောင်တော ခရိုင်ရုံး)၊ ဒေသခံများဖြစ်ကြသော  ဦးအောင်ကျော်ထွဋ်၊ ဦးခင်မောင်ဝင်း၊  ကိုထိခေါင်တို့ ပါဝင်ပါသည်။


ရှေးဦးစွာ ကော့ကရိတ်မြို့နယ်   ဟောင်သရော မြစ်ကမ်းဘေးက  ကြာအင်းဆိုသော ရွာလေးသို့ မော်တော်ယာဉ်များဖြင့်    ထွက်ခွာလာကြသည်။ ထိုရွာလေးအနီးမှာ  ကြာအင်းတံတားသစ်ကြီးက ဆောက်လုပ်ပြီးစ    အနေအထားဖြင့်   တွေ့ရ၏။ နောက်ခရီးစဉ်တစ်ခုသို့         ဆက်ရန်အတွက်မူ စက်လှေများ   ပြောင်းစီးရ၏။    ကျွန်တော်တို့နှင့် ဦးစောမိုရှေးက တစ်စင်း။ အနီးကပ်လုံခြုံရေးလိုက် ပါလာသော သူ့တပည့်များက တစ်စင်း၊ ဟောင်သရော မြစ်အတိုင်း  စုန်ဆင်းလာခဲ့ကြရာ   ကမ်းပေါ်အချို့ နေရာများတွင်လည်း  လုံခြုံရေးယူပေးထားကြောင်း တွေ့ရသည်။  စက်လှေစီးလာကြရင်း    ကလိုထူး ဘော၏အဓိပ္ပာယ်ကို    မေးမြန်းကြည့်ရာ   ကရင် ဘာသာအားဖြင့် ကလိုဆိုသည်မှာ   ဖားစည်၊ ထူးက ရွှေ၊ ဘောဆိုတာက အဝါရောင်၊ အားလုံးပေါင်းသော် ရွှေဝါရောင်ဖားစည်ဟု        အဓိပ္ပာယ်ရကြောင်း ကိုထိခေါင်က    ရှင်းပြသည်။   သူက   ပျော်ပျော် နေတတ်သူဖြစ်၏။  ကိုထိခေါင်ရေ... စိုးလွင်လွင်ရဲ့ ဒုံးယိမ်းညသီချင်းထဲက  ထိခေါင်.ထိခေါင်.ထိခေါင် လားဟေ့  ဆိုတာပါတယ်ဗျ၊         ခင်ဗျားနာမည်နဲ့ အဓိပ္ပာယ်တူလား  မေးလိုက်သောအခါ၊ တူပါတယ်... တိုင်းပြည် (သို့မဟုတ်) နိုင်ငံပေါ့ဗျာ...တဲ့။


ကမ္မရိုက်ဒေသ ဖွံ့ဖြိုးရေး


ဒေါနတောင်တန်း၏  အနောက်ခြမ်းဒေသများ မှာဟု ပြောရမည့်  ကမ္မရိုက်ဒေသတွင်  တောင် ကမ္မရိုက်၊ မြောက်ကမ္မရိုက်၊ လာလယ၊ ကျွဲဖြူအင်း၊ ကော့ခီး၊ ခူနီ၊  ဝင်းဒဝယ်၊  ကညင် ကတိုက်၊ ကညင် ကျောက်ဖျာ၊ မွန်ကုန်း အစရှိသော   ကျေးရွာများ ပါဝင်ပြီး  တောင်ကမ္မရိုက်တွင် အထကကျောင်းနှင့် ဆေးပေးခန်းရှိသည်။  လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ကို အဓိကလုပ်ကိုင်ကြပြီး  စိုက်ဧက  ၄၀၀၀ ကျော် ရှိပါသည်။  ကျွန်တော်တို့အဖွဲ့က  တောင်ကမ္မရိုက်-ကမ္မရိုက်လေးလမ်း ၄ မိုင် ၅ ဖာလုံ   ဖောက်လုပ်ပေးရေး၊ ယင်းလမ်းပေါ်၌   ပေ ၁၀၀  ကွန်ကရစ်တံတား တစ်စင်း   တည်ဆောက်ပေးရေးအတွက် လမ်းအူကြောင်းရှာကြသည်။ လမ်းအူကြောင်းရှာရာ နောက် သို့   ဝမ်းပန်းတသာ   လိုက်လံပြသကြသော ရွာသူ ရွာသားများကား မနည်းမနောပါချေ။  လိုအပ်လျှင် လယ်တွေထဲက ဖြတ်ဖောက်ပါဟုလည်း ဆိုကြ၏။ သူတို့      စိတ်အားထက်သန်မည်ဆိုလျှင်လည်း ထက်သန်စရာပင်၊     သည်လမ်းပေါက်သွားပါက သမိန်ဒွတ်- ကျွဲဖြူအင်း- ဆင်ကူး- ကညင်တိုက် လမ်းနှင့်  ဆက်သွယ်မိပြီး   ကျိုက်မရော မြို့နယ်၊ မော်လမြိုင်မြို့နယ်များသို့လည်းကောင်း၊ ကညင် တိုက်မှတစ်ဆင့်     ကြာအင်းဆိပ်ကြီးမြို့နယ်သို့ လည်းကောင်း     သွားရောက်နိုင်မည်ဖြစ်၏။ လမ်းတံတားကိစ္စ၊ တောင်ကမ္မရိုက်ရွာနှင့် ထိုရွာရှိ အထကကျောင်း၊ ဆေးခန်းများသို့  ဆိုလာမီးများ ထောက်ပံ့ပေးရေးကိစ္စ၊     လယ်ယာစိုက်ပျိုးရေး လုပ်ငန်း အထောက်အကူပြု စပါးခြွေလှေ့စက်များ ဝယ်ယူထောက်ပံ့ရေးကိစ္စအားလုံးကို   တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ခွင့်ပြုပေးပါသည်။  ထိုနေ့ က ကမ္မရိုက်အထကကျောင်းမှ ဆရာ ဆရာမများ ချက်ပြုတ်ကျွေးမွေးသည့် ကရင်ရိုးရာ  ထမင်းဟင်း အရသာများကို ယနေ့တိုင်မမေ့ပါ။


ပြောင်းပြန်စီးသောမြစ်


ကျွန်တော်တို့ဆီက    မြစ်ကြီးမြစ်ငယ်အသွယ် သွယ်တို့သည်  ရေမြေတောတောင်  သဘာဝအရ မြောက်မှတောင်သို့သာ  စီးဆင်းကြစမြဲဖြစ်သည်။သဘာဝအတိုင်း  မစီးသော မြစ်သာမြစ်ကို စစ်ကိုင်း တိုင်းဒေသကြီးထဲမှာ    တွေ့ခဲ့ဖူးသည်။       ကရင် ပြည်နယ်  မြဝတီမြို့နယ်ထဲက  သောင်ရင်းမြစ်သည် လည်းပဲ ထိုနည်းတူစွာ တည်ရှိနေပါသည်။ ဆုံဆည်း မြိုင်ကျေးရွာအထက်နားမှာ   ချောင်းငယ်လေးနှစ်ခု ပေါင်းဆုံ၍  တောင်မှမြောက်သို့  စီးဆင်းလာရာမှ သောင်ရင်းမြစ်  ဖြစ်တည်လာခြင်းပါပေ။  ကမ္မရိုက် ဒေသမှအပြန်    မြဝတီမြို့မှာ    ညအိပ်အခြေပြုပြီး နောက်တစ်နေ့    နံနက်တွင်     ဝေါလေဒေသသို့ ဆက်လက်ထွက်ခွာကြသည်။  မြဝတီမှမယ်တော် သလေး၊     ယင်းမှ   သောင်ရင်းမြစ်တစ်လျှောက် ဖလူးကြီး၊ ဖလူးလေး၊ သေ့ဘောဘိုး၊ ဆုံဆည်းမြိုင်၊ ဝေါလေ        (ဝေါလေမြိုင်ဟုလည်း  ခေါ်ပါသည်) သို့ရောက်ပါမည်။  သောင်ရင်းမြစ်  အရှေ့ဘက်ကမူ ထိုင်းနိုင်ငံဖြစ်၏။ သေ့ဘောဘိုး၏ တစ်ဖက်ကမ်းမှာ မော်လီချိုင်းရွာ၊ ဆုံဆည်းမြိုင်၏  အရှေ့ဘက်မှာက မိုကယ်ထိုင်းရွာ၊ ဝေါလေ၏ အနီးအနားမှာတော့ ဝေါလီသိုက်ရွာများ    ရှိနေပါသည်။   ကျွန်တော်တို့  ရောက်ခဲ့စဉ်   အချိန်တုန်းကမူ    ဆုံဆည်းမြိုင်၌ မူလရွာဟောင်းအပါအဝင်    အိမ်ခြေ   ၁၇၀ ခန့်၊ သေ့ဘောဘိုး၌ အိမ်ခြေ  ၁၃၀ ခန့်၊    ဝေါလေတွင် အိမ်ခြေ ၅၀၀  ကျော်ခန့်ရှိသည်။  ဝေါလေ အထက ကျောင်းသို့လည်း ရောက်ခဲ့သေး၏။


ငြိမ်းချမ်းရေးအိမ်ရာများ တည်ဆောက်ပေး


နယ်စပ်ရေးရာဝန်ကြီးဌာနသည်  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစတင်၍   ကရင်ပြည်နယ်  မြို့နယ် အချို့တွင် DKBA နှင့် KNU တပ်ဖွဲ့ဝင်မိသားစုများ အတွက်    နေအိမ်များ     ဆောက်လုပ်ပေးခဲ့သည်။ ကျေးရွာများတည်ပေးခဲ့သည်။ ရွာအမည်၊  တံတား အမည်၊  လမ်းအမည်  တော်တော်များများကလည်း မြိုင်ကြီးငူဆရာတော်ကြီး၏ သြဝါဒအတိုင်း မြိုင်ဆို သောစာလုံးနှင့်  ဆုံးထားကြသည်။  ဥပမာ- ထိုက် ဆန်းမြိုင်၊ ပွင့်ဆန်းမြိုင်၊ သစ္စာအေးမြိုင်၊  ဆုံဆည်း မြိုင် စသည်...စသည်ဖြင့်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၌     မြိုင်ကြီးငူဒေသ သစ္စာအေးမြိုင်တွင်  နေအိမ်၂၇၈ လုံး၊ ပိုင်ကျုံ ဒေသ ပွင့်ဆန်းမြိုင်တွင် ၆၄ လုံး၊   ဖောထိခုဒေသ  သဇင် အေးမြိုင်တွင် ၈၆ လုံး၊ ရွှေကုက္ကိုလ်ဒေသ ထိုက်ဆန်း မြိုင်ကျေးရွာတွင် ၉၂ လုံး စုစုပေါင်း ၅၂၀    ဆောက်လုပ် ပေးခဲ့သည်။    ၂၀၁၃-၂၀၁၄    ဘဏ္ဍာနှစ်တွင် ကော့ကရိတ်မြို့နယ်  ကောင်းမှုတွင် ၂၅ လုံး၊ မြဝတီ မြို့နယ်  ဆုံဆည်းမြိုင်တွင် အလုံး ၅၀၊  လှိုင်းဘွဲ မြို့နယ် မဲသဝေါတွင် ၂၅ လုံး၊ မဲသရီတွင် အလုံး ၅၀၊ မော်ဖိုးကေတွင် အလုံး ၅၀၊    ကြာအင်းဆိပ်ကြီး မြို့နယ်မြိုင်သာယာ  စံပြကျေးရွာတွင် အလုံး ၁၀၀၊ မက္ကသာကျေးရွာတွင်  အလုံး ၅၀ စုစုပေါင်း ၃၅၀ ဆောက်လုပ်ပေးခဲ့သည်။ မြဝတီမြို့နယ် လေးကေ့ ကော်မြို့သစ်တွင်   နယ်စပ်ရေးရာဝန်ကြီးဌာနက ၁၈၈ လုံး၊  ကရင်ပြည်နယ် အစိုးရအဖွဲ့က ၂၅ လုံး ပေါင်း၂၁၃ လုံးကို    လျှပ်စစ်မီးသွယ်တန်းခြင်း၊  ရေပေးရေးလုပ်ငန်းနှင့်   ခြံစည်းရိုးကာရံခြင်းတို့ အပါအဝင်  ဆောင်ရွက်ပေးခဲ့သည်။


ဝေါလေဒေသဖွံ့ဖြိုးရေး


DKBA (ကလိုထူးဘော) တပ်ဖွဲ့ဝင်များ၊ မိသားစု များအခြေချနေထိုင်ရာ ဆုံဆည်းမြိုင်၊ ဝေါလေဒေသ များသည်  ဒေါနတောင်တန်း၏   အရှေ့ခြမ်းဒေသ များဖြစ်ကြသည်။ ထိုဒေသ၏  ရာသီဥတု၊  ရေမြေ သဘာဝအရ  အဓိကစိုက်ပျိုးရေးသီးနှံမှာ  ပြောင်း ဖြစ်သည်။  ထိုင်းနိုင်ငံဘက်တွင်လည်း  ပြောင်းကိုပဲ စိုက်ကြသည်။ သို့သော်  မိမိတိုင်းရင်းသားတောင်သူ များက   ပြောင်းစိုက်ပျိုးရန်  မျိုး၊ ဓာတ်မြေသြဇာ၊ ပေါင်းသတ်ပိုးသတ်ဆေး၊   ထွန်ယက်ခ၊   စိုက်ပျိုးခ၊ ရိတ်သိမ်းခမှစ၍    ထိုင်းနိုင်ငံကို    မှီခိုနေရသည်။ အားလုံးအကြွေးယူ သီးနှံပေါ်ပေးစနစ်ဖြင့် လုပ်ကိုင် နေကြရာ အကျိုးရှိသင့်သလောက်  အပြည့်အဝ မရ ခဲ့ကြပေ။    ဤအခက်အခဲကို   တစ်စိတ်တစ်ဒေသ ဖြေရှင်းနိုင်စေရန်    နယ်စပ်ရေးရာဝန်ကြီးဌာနက ပြောင်းခြွေလှေ့စက်များ   ဝယ်ယူထောက်ပံ့ပေးခဲ့သည်။    


မြိုင်ကြီးငူ/ လှိုင်းဘွဲဒေသဖွံ့ဖြိုးရေး


ဦးသာထူးကျော်  ခေါင်းဆောင်သော  DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် KNU မှ ခွဲထွက်ကာ တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသည်။    မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏   သြဝါဒကိုခံယူ၍  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို  အင်တိုက်အားတိုက်   ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်။

         နိုင်ငံတော်အစိုးရ ကလည်း      မြိုင်ကြီးငူဒေသအတွက်    ထီးဖိုးကလုံး-နောင်ကမြိုင်-   ရွှေဂွန်း-   မြိုင်ကြီးငူလမ်းကို နတလ အစီအစဉ်ဖြင့်                        ဖောက်လုပ်ပေးခဲ့သည်။  မြိုင်ကြီးငူ  အထက၊   ဆေးရုံ၊  ရုပ်သံထပ်ဆင့်လွှင့် စက်ရုံတို့ကို       တည်ဆောက်ဖွင့်လှစ်ပေးခဲ့သည်။ တခွက်ဖိုးသကြားစက်    တည်ပေးခဲ့သော်လည်း    ကုန်ကြမ်းရရှိမှု၊       ထုတ်လုပ်မှုအဆင်မပြေ၍ ရပ်တန့်သွားခဲ့၏။    လှိုင်းဘွဲမြို့နယ်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာနက  မြိုင်ကြီးငူ- မဲသဝေါ လမ်းကို  ၃၁/ ဝ   မိုင်   ကတ္တရာလမ်း   ဖောက် လုပ်ပေးခဲ့သည်။   ယင်းလမ်းပေါ်တွင်    ပေ ၆၀၀ အရှည်ရှိ မယ်ပေါ်ထတံတား   (မြတ်မျိုးဆန်းမြိုင် တံတား)ကြီးကိုလည်း တည်ဆောက်ပေးခဲ့သည်။


မြိုင်ကြီးငူသို့  သွားရာလမ်းတွင်  အမှတ်ရစရာ နှစ်ခု ရှိပါသည်။ တစ်ခုက ရွှေဂွန်းမှအထွက်  ကမ်းနီ ကျေးရွာ ကားလမ်းဝဲယာ၌ ကုက္ကိုပင်ကြီးများသည် အကိုင်းအခက်များ     ယှက်နွှယ်အုပ်ဆိုင်းလျက် နေပြောက်ပင်မထိုးနိုင်အာင်   အေးမြသည့်  အရိပ် အာဝါသကို   ပေးနေခြင်းပင်။   ယင်းအပင်များကို DKBA မှ အဘိုးဦးထွန်းလှိုင်   စိုက်ပျိုးခဲ့ကြောင်း သိရ၏။  နောက်တစ်ခုမှာ ရွှေဂွန်းမှအထွက်   လှမ်း၍ မြင်နေရသော     ထော့ရွဲရွာလေးသည်    ကျွန်တော်တို့ စစ်တက္ကသိုလ်တက်ရောက်စဉ်က   ကျွန်တော်တို့ အပတ်စဉ်၏ သင်တန်းမှူးဗိုလ်မှူးကြီးစောခင်စိုး၏ ဇာတိရွာလေး ဖြစ်နေခြင်းပင်။


မြိုင်ကြီးငူဆရာတော်ကြီးကား   ဘဝနတ်ထံသို့ ပျံလွန်တော်မူခဲ့ပြီဖြစ်သည်။      ဆရာတော်ကြီး သက်တော်ထင်ရှားရှိစဉ်က ဝိဇာတမွေးနေ့မင်္ဂလာအထိမ်းအမှတ်နှင့်    စုံနံသာမြိုင်ဆွေမြို့တော် မြိုင်ကြီးငူဒေသ ငြိမ်းချမ်းမင်္ဂလာ အထိမ်းအမှတ် ပွဲကို  နှစ်စဉ်ကျင်းပပြီး  သံဃာတော်  ၉၉၉၉ ပါး အား   နေ့ဆွမ်းဆက်ကပ်လှူဒါန်းမှုများ    ကျင်းပ ပြုလုပ်ခဲ့ပါသည်။  ဆရာတော်ကြီးသည် မြိုင်ကြီးငူ လှိုင်းဘွဲဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို  သြဝါဒများ ပေး၍   စီစဉ်ဆောင်ရွက်သကဲ့သို့    ဖာပွန်မြို့နယ် ကမမောင်းဒေသ နို့ထရွာနှင့်အုန်းတောရွာအကြား ယွန်းစလင်းချောင်းကူး  နို့ထတံတားကြီး  အရှည် ပေ ၆၉၀ ကို တည်ဆောက်ပေးခဲ့သည်။


ဘုရားကုန်း ငြိမ်းချမ်းရေးရွာ


KNU    ဗဟိုကော်မတီဝင်    ပဒိုအောင်ဆန်း ခေါင်းဆောင်သောအဖွဲ့သည်   KNU မှ   ခွဲထွက်၍ ၁၉၉၈ ခုနှစ်  ဧပြီလ ၁၇ ရက်နေ့တွင်  တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်ခဲ့ကြသည်။   နိုင်ငံတော် အစိုးရက ၎င်းအဖွဲ့အတွက် ဘားအံမြို့အနီး  ဘုရား ကုန်းကျေးရွာတွင် နေအိမ်များ  ဆောက်လုပ်ပေးခြင်း၊ စိုက်ပျိုးမြေများ  ဖော်ထုတ်၍  ငါးကန်များ တူးဖော် ပေးခြင်း၊  ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်း၊  ဆေးခန်းများ တည်ဆောက်ပေး ခြင်းများ    ဆောင်ရွက်ပေးခဲ့သည်။     ဖထီးပဒို အောင်ဆန်းသည်  ဖာပွန် ကမမောင်းဇာတိဖြစ်ပြီး ငယ်စဉ်က    အုန်းတော  သာသနာပြုကျောင်းတွင် ပညာသင်ယူခဲ့သည်။    ကျောင်းနေစဉ်က  သူ့ကို နာမည် မမှည့်ရသေးကြောင်း၊  Mr. Andrew Lenny Hare က အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏  အမည်ကိုယူ၍ သူ့အား အောင်ဆန်း ဟု မှည့်ခေါ်ပေးခဲ့ကြောင်း၊ ငယ်စဉ်က ဆင်းရဲလွန်း၍ ဖိနပ်စီးရန်မရှိ၊  ကရင် သင်တိုင်းတစ်ထည်သာရှိ၍ ဒါဝတ်ဒါချွတ်လုပ်ခဲ့ရကြောင်း၊ မိမိ၏မွေးသက္ကရာဇ် အမှန်ကိုမသိရှိခဲ့ရ၍     ညောင်နှစ်ပင်   အမျိုးသား ညီလာခံသို့    တက်ရောက်ခွင့်   ရသောအခါမှသာ နှစ်(၁၀၀)ပြက္ခဒိန်နှင့်   တိုက်၍   အတည်ပြုခဲ့ရ ကြောင်း၊   ငယ်စဉ်အခါကပင်   ဖခင်ဖြစ်သူနှင့် တောထဲတောင်ထဲ     လှည့်လည်သွားလာရင်း ဖခင်ကြီးက  ဆေးဖက်ဝင်သစ်ဥ၊  သစ်ဖု၊ အရွက် အမြစ်အပင်များအား  ပြသသင်ကြားပေးသဖြင့် သိနားလည်ခဲ့ရကြောင်း၊   အမျိုးသားညီလာခံ၌ မိမိနှင့်ရင်းနှီးသော မိတ်ဆွေများအတွက် အားဆေးတစ်မျိုးဖော်စပ်ဝေငှပေးခဲ့ရာ  ဂီတစာဆိုအလင်္ကာ ကျော်စွာ ဟင်္သာတဦးမြင့်ငွေက ယင်းဆေးအမည်ကို “ကျန်းမာပျော်ရွှင် အားဆေးဘုရင်”   ဟု   အမည် ပေးခဲ့ကြောင်း  ရင်းရင်းနှီးနှီး    ပြောပြခဲ့ဖူးပါသည်။


ကြာအင်းဆိပ်ကြီး၊ အဇင်း၊ ကျိုက်ဒုံ


KNU တပ်မဟာ(၆)၊ တပ်ရင်း (၁၆) မှ  ဦးစော သမူဟဲ ခေါင်းဆောင်သောအဖွဲ့သည် ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌  တရားဥပဒေဘောင် အတွင်း  ဝင်ရောက်လာခဲ့ကြသည်။   လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ကြသည့်   အခမ်းအနားသို့ ထိုစဉ်က  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး၊  အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးတို့  တက်ရောက်ခဲ့ကြ သည်။ ဦးစောသမူဟဲအဖွဲ့သည်  အဇင်း၊ ကျိုက်ဒုံ ဒေသတွင် အခြေချကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်း၌  ကျိုက်ဒုံ- ပိုင်ကလိုင်- တောင်ကလေးလမ်း ၃၁/ ဝ မိုင်ကို ကွန်ကရစ်တံတားများ အပါအဝင် ငွေကျပ်သန်းပေါင်း  ၄၈၆၀  သုံးစွဲဖောက် လုပ်ပေး ခဲ့သည်။    ဖားပြ-ဆိပ်ဖူးကုန်း-နှုန်းခွီး-လွှတ်ရှမ်း လမ်းကိုလည်း  ဖောက်လုပ်ပေးကာ အဇင်း၊ ကျိုက်ဒုံ ဒေသ၏   ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။  


သံတောင်ဒေသ ငြိမ်းချမ်းရေး


သံတောင်မြို့နယ်    KNU  တပ်မဟာ (၂)၊ တပ်ခွဲ (၃)မှဦးစောဖယ်ရီမိုး  ဦးစီးအဖွဲ့သည် ၁၉၉၇ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင်  တရားဥပဒေဘောင် အတွင်း  ဝင်ရောက်လာခဲ့သည်။  ယင်းအဖွဲ့အခြေချ နေထိုင်မည့် ပျားစခန်းကျေးရွာတွင်  နေအိမ်များ ဆောက်လုပ်ပေးပြီး လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို   ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ သည်။    နယ်စပ်ရေးရာဝန်ကြီးဌာနက   ဗဟုံး-ကျေးကတော့- မောင်ဘလော့လမ်း ၂၃/၇ မိုင်ကို ဖောက်လုပ်ပေးခဲ့၏။                             
ထို့ကော်ကိုးနှင့် ရွှေကုက္ကိုလ်ဒေသ


ထို့ကော်ကိုးဆိုသည်မှာ   KNU/ KNLA   မှ ဖထီးဦးထိန်မောင်(ခ) ဦးဌေးမောင်နှင့် အဖွဲ့   ၂၀၀၇ ခုနှစ်ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင်   တရားဥပဒေ ဘောင်အတွင်း  ဝင်ရောက်လာသောအခါ  နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်  အစိုးရအဖွဲ့ တို့က ရွာသစ်တည်ပေးထားသော  နေရာဖြစ်သည်။ ထိုအမည်ကို     အသုံးပြုခေါ်ဝေါ်ပြောဆိုခါစက ကျွန်တော်တို့အဖွဲ့တွေ    ထို့ကော်ကိုး  ပြောလိုက်၊ ထော့ကိုကိုးပြောလိုက်နှင့်  ဘာကိုအမှန်ယူရမည် မသိဘဲ    လုံးလည်ချာလည်  လိုက်ခဲ့ကြသည်ကို အမှတ်ရမိသည်။ ကျေးရွာသစ် တည်ဆောက်ရေး အတွက်      နယ်စပ်/ စည်ပင် ဒုဝန်ကြီး ဗိုလ်မှူးကြီး တင်ငွေ၊  နတလညွှန်ကြားရေးမှူးချုပ်ဗိုလ်မှူးကြီးသန်းဆွေ(ယခု-ရာထူးဝန် ဥက္ကဋ္ဌ)တို့    မကြာခဏ   သွားရောက်  ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။   ထိုစဉ်က    နယ်စပ်/စည်ပင်ဝန်ကြီးဌာနအနေဖြင့်သာ  ရှိပါသေးသည်။ နယ်စပ်ရေးရာ မဖြစ်သေးပေ။


KNU/ KNLA အဖွဲ့တည်နေရာ  ထို့ကော်ကိုးနှင့် BGF နယ်ခြားစောင့်တပ်ရင်း တည်ရှိရာ ရွှေကုက္ကိုလ် ဒေသတို့သည် နယ်မြေချင်းကလည်း  ဆက်စပ်နေ သည်မို့  ထိုဒေသများသို့ နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်း များ  ဆောင်ရွက်ပေးရာတွင်လည်း ဆက်စပ်မှုများ ရှိခဲ့သည်။  ရွှေကုက္ကိုလ်ဒေသကို  ရွှေကုက္ကိုမြိုင်ဟူ၍ လည်း ခေါ်ကြ၏။   နယ်စပ်ရေးရာဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေ၊ ဒေသမှ ထည့်ဝင်ငွေများဖြင့် ပူးပေါင်း ဆောက်လုပ်ခဲ့သော ရွှေကုက္ကိုလ်အခြေခံပညာ အထက်တန်းကျောင်း သုံးထပ်ကျောင်းဆောင်သစ် ကြီး ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်  ဇွန်လ ၂၇ ရက်နေ့၌   ကျင်းပပြုလုပ်ခဲ့သည်။   ထိုနေ့မှာပင် ရွှေကုက္ကိုလ်ဒေသ အမှတ်(၂) ရပ်ကွက်  အမကနှင့် အမှတ် (၅)    ရပ်ကွက်       အမကကျောင်းတို့ကို   မူလတန်းလွန်ကျောင်းများအဆင့်သို့    တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။


မြဝတီမြို့နယ်အတွင်း ထိုဒေသများ၌   ဖောက်လုပ်ပေးခဲ့သော   လမ်း/တံတား  လုပ်ငန်းများမှာ ဇရပ်ဖြူ-ကျော်ခို-ကော့ကော်လမ်း၁၀မိုင်၊ မဲပလဲ-ထိဝါကလေးလမ်း  ၁၇/၅ မိုင်၊ ထို့ကော်ကိုး-ကျော်ခို လမ်း ၁၂/၄မိုင်၊   ထိဝါကလေး- တာလေလမ်း ၃၀/ဝ မိုင်၊ တာလေ- ရှိုးထလမ်း ၃၀/ဝမိုင်၊ ရွှေကုက္ကိုလ်- ထီးခိုတော -  ရေကျော် - သက္ကာရ - ဖော်ဖားသူလမ်း ၂၁/၇ မိုင်တို့ဖြစ်ကြပြီး ဘဏ္ဍာနှစ်အလိုက် ကျောက်ခင်းခြင်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။    မဲပလဲတံတားပေ  ၃၆၀ နှင့် ထို့ကော်ကိုးရွာအဝင်တံတား  ၆၅ ပေတို့ကိုလည်း   တည်ဆောက်ပေးခဲ့၏။


ရိက္ခာဆန်များထောက်ပံ့


ကရင်ပြည်နယ်     လှိုင်းဘွဲမြို့နယ်အတွင်း၌ မြိုင်ကြီးငူ-မဲသဝေါကားလမ်းမကြီး     ဖောက်လုပ်ဆဲကာလ၊ ငြိမ်းချမ်းရေးကျေးရွာများတွင်  တပ်ဖွဲ့ ဝင်မိသားစုများအတွက် နေအိမ်များ  ဆောက်လုပ်ပေးနေသောကာလအတွင်း၌  မြိုင်ကြီးငူ၊  လှိုင်းဘွဲ၊ နဘူး၊ ဒေါ်လန်း၊ မြဝတီ၊ မဲပလဲ၊ သင်္ကန်းညီနောင်၊ ရွှေကုက္ကိုလ်ဒေသများတွင်  နယ်စပ်ရေးရာဝန်ကြီး ဌာန၏အစီအစဉ်ဖြင့်    ရိက္ခာဆန်များ    ဖြန့်ဝေ ထောက်ပံ့ပေးခဲ့သည်။


ထာဝရငြိမ်းချမ်းရေးသို့


ကျွန်တော် လွမ်းမိသောအရာများသည် ကရင်ပြည်နယ်အတွင်း  နိုင်ငံတော်အစိုးရက ကြိုးပမ်း ဖော်ဆောင်ပေးခဲ့သော  ငြိမ်းချမ်းရေးပုံရိပ်များကိုပဲ ဖြစ်ပါသည်။ မော်ဖိုးကေ၊ မဲသဝေါ၊ မဲလ၊ ဖလူး အစရှိသည့်ဒေသများစွာ၌ တစ်ချိန်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးများ၊ အမြောက်သံ  ဗုံးသံများ၊ ယမ်းခိုး ယမ်းငွေ့များ၊ ဆိုးရွားလှသည့်  အနိဋ္ဌာရုံမြင်ကွင်းများကို မဟုတ်ပါ။ ငြိမ်းချမ်းခြင်း၏ ရလဒ်ဖြစ်သော ဒေသတည်ငြိမ်အေးချမ်းခြင်း၊  ဖွံ့ဖြိုးတိုးတက်ခြင်းတို့ဖြင့်  ထုံမွမ်းလှပနေသည့်  ကရင်ပြည်နယ်၏ ရေမြေတောတောင်သဘာဝများကိုလည်း လွမ်းမိပါ သည်။  ကရင်ပြည်နယ်ကြီး   တည်ငြိမ်အေးချမ်း ရေးအတွက် ဦးဆောင်ဦးရွက်ပြုခဲ့သူအချို့လည်း ကွယ်လွန်ခဲ့ကြပေပြီ။


နိုင်ငံတော်၏   မည်သည့်ဒေသ   မည်သည့်နေရာတွင်မဆို    ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း လုပ်ငန်းများ၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် ထာဝရငြိမ်းချမ်းရေးရရှိရန်ပဲဖြစ်၏။ ၁၉၈၉ ခုနှစ်မှ အစပြု၍         ငြိမ်းချမ်းရေးဖော်ဆောင်ခဲ့ကြစဉ်က    နယ်စပ်ဒေသနှင့်       တိုင်းရင်းသားလူမျိုးများ၏  ဖွံ့ဖြိုးတိုးတက်မှု    အကောင်အထည်ဖော်ရေး  ဗဟိုကော်မတီ၊    လုပ်ငန်းကော်မတီ၊     လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာ   အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့သည့် တိုင်းရင်းသားသွေးချင်းများ၏ နယ်မြေဒေသ များတွင်  လမ်းပန်းဆက်သွယ်ရေး၊  ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများမှအစ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာအောင်  ကြိုးပမ်းဖော်ဆောင်ပေးခဲ့ကြသည်။  တစ်နည်းပြောရလျှင် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြသည်။   ယုံကြည်၍လည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့     တရားဥပဒေဘောင်အတွင်း ဝင်ရောက်လာခြင်း၊ လက်နက်နှင့် ငြိမ်းချမ်းရေး အပြီးတိုင် လဲလှယ်ခြင်းများ   ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်ကို မငြင်းနိုင်ပေ။


နတလဗဟိုကော်မတီ၊    လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၏ တာဝန်ယူမှု တာဝန်ခံမှု၊ တိကျမှန်ကန်သော မူဝါဒလုပ်ငန်းစဉ်များ ချမှတ်နိုင်မှုတို့က   ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းအတွက် အဓိကမောင်းနှင်အားများ  ဖြစ်ပါသည်။ ရရှိထားပြီးဖြစ်သော  ငြိမ်းချမ်းရေးအခြေခံကောင်းများသည် ဆက်လက်အကောင်အထည်ဖော်    ဆောင်ရွက်လျက်ရှိသည့်   တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး   သဘောတူစာချုပ်   (NCA)   ၏ လုပ်ငန်းစဉ်များကို  အထောက်အကူပြုလိမ့်မည်ဟု အလေးအနက်ယုံကြည်မိပါသည်။  တိုင်းရင်းသား သွေးချင်းများအားလုံး    ထာဝရငြိမ်းချမ်းရေး၏ အကျိုးရလဒ်များကို ရရှိခံစားနိုင်ကြပါစေ။      ။