
ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကိုဗစ်ကာလအတွင်း နည်းပညာအကူအညီနဲ့ ကျွန်တော် အလုပ်တွေ အရင်ထက် ပိုလုပ်ဖြစ်ခဲ့တယ်။ အိမ်ထဲက အိမ်ပြင်မထွက်တာလည်း ကိုးလကျော်ခဲ့ပြီ။ အပြင်ထွက်တဲ့ ဘေးအန္တရာယ်ကလည်း မသေးလှတာတွေ့ရတယ်။ ကိုယ့်ကြောင့် တစ်ပါးသူတွေ ဒုက္ခမရောက်စေချင်ဘူး။ အစည်းအဝေးတွေ မပြတ်တက်ခွင့်ရခဲ့တယ်။ စာသင်ကြားမှုတွေလည်း ဆက်လုပ်ဖြစ်တယ်။ ဆွေးနွေးပွဲတွေလည်း စဉ်ဆက်မပြတ်လုပ်နိုင်ခဲ့တယ်။
မနေ့က ဆောင်ရွက်ခဲ့တဲ့ စကားဝိုင်းသုံးရပ်အကြောင်း မျှဝေချင်ပါတယ်။ ကျွန်တော့်ရဲ့ အာရုံစိတ်ဝင်စားမှုဟာ Business ဖြစ်ပါတယ်။ Economics နဲ့ ပတ်သက်လာရင် သိသင့်သိထိုက်တာကိုသာ လေ့လာခဲ့ခြင်းဖြစ်တယ်။ အင်္ဂလိပ်အသုံးအနှုန်းကို မြန်မာလိုပြန်တဲ့အခါ စီးပွားရေး လို့ သုံးစွဲပေမယ့် အနှစ်သာရအနေနဲ့ မတူညီတာကို သတိ ပြုရမှာဖြစ်တယ်။ ကျွန်တော့်အနေနဲ့ စီမံခန့်ခွဲမှုပညာကို အထူးပြုတာမို့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေကို ဦးစားပေး လေ့လာတာ ဖြစ်ပါတယ်။
ပထမစကားဝိုင်းကတော့ မကြာသေးမီကာလမှာ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုဖြစ်တဲ့ Bloomberg အစီအစဉ်။ ဒီအစီအစဉ်ဟာ အမေရိကန် အခြေပြုစီးပွားရေးအသံလွှင့်ဌာနဖြစ်တယ်။စတော့ ဈေးကွက် နဲ့ပတ်သက်တဲ့ စာရင်းအချက်အလက်များကို ပြုစုပြီး ထုတ်ဝေမှုကြောင့် ကမ္ဘာကျော်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒီရုပ်မြင်သံကြားအစီအစဉ်ကတစ်ဆင့် တစ်ပတ်တစ်ကြိမ် ကျွန်တော်က စီးပွားရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာ ဖြစ်တယ်။ အပတ်စဉ် အင်္ဂါနေ့တိုင်း ဆောင်ရွက်ခြင်းဖြစ်တယ်။ ဆွေးနွေးတဲ့အကြောင်းအရာတွေကို ကြိုတင်စီစဉ်ထား တာ မဟုတ်ဘဲ အသံလွှင့်တဲ့အချိန်မှာ မေးတဲ့မေးခွန်းတွေ ကိုဖြေပြီး အပြန်အလှန်ဆွေးနွေးခြင်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အစီအစဉ်ကို Conversations အဖြစ် Bloomberg က ဖော်ထုတ်ခဲ့ပါတယ်။ အဓိပ္ပာယ်က စကားပြောခြင်းဖြစ်တယ်။ စကားပြောခြင်းဟာ အပြန် အလှန်သဘော၊ အမြင်ချင်းဖလှယ်တဲ့သဘော၊ ဆွေးနွေး တဲ့သဘော။ ကျွန်တော်တို့ဟာ အမြဲတမ်းတစ်ဦးနဲ့ တစ်ဦး ဆက်ဆံထိတွေ့တဲ့နေရာမှာ စကားပြောကြတယ်၊ ဆွေးနွေးကြတယ်။ ငယ်ငယ်က တက္ကသိုလ်မှာ ကျောင်းသားဘဝအနေနဲ့သော်လည်းကောင်း၊ ဆရာ ဖြစ်လာတဲ့အခါမှာသော်လည်းကောင်း လက်ဖက်ရည် ဆိုင်မှာ အချိန်ကုန်ခဲ့တယ်။ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြ၊ ငြင်းခုံကြ၊ စကားနိုင်လုကြ ပုံစံအမျိုးမျိုးနဲ့စကားတွေ ပြောခဲ့ကြတယ်။ အခုလို စကားပြောရင်းနဲ့ မိမိရဲ့ခံစားချက် တွေ၊ ယုံကြည်မှုတွေကို မျှဝေကြတာဖြစ်တယ်။ အလုပ်ခွင် မှာသော်လည်းကောင်း၊ မိသားစုအတွင်းမှာသော် လည်းကောင်း တစ်ခါတစ်ရံ ခက်ခဲတဲ့ စကားပြောခြင်းနဲ့ ရင်ဆိုင်ထိတွေ့ကြရတယ်။ စီမံခန့်ခွဲမှုပညာမှာ ဒီအကြောင်းကို ထဲထဲဝင်ဝင် ဖော်ထုတ်ထားတာတွေ့ရ တယ်။ Difficult Conversations လို့ခေါ်တဲ့ ပြောရခက်တဲ့ စကားပြောတာတွေကို လုပ်ရတဲ့ အခြေအနေတွေနဲ့ မကြာခဏရင်ဆိုင်ခဲ့ရတယ်။ ပါးစပ်က ပြောမထွက်တဲ့ အရာတွေကို ကြိုးစားပြီး ဖွင့်ဟရပါတယ်။ ဒီလိုဆောင်ရွက် တဲ့အခါ အနိုင်လိုချင်တဲ့ဆန္ဒနဲ့ “ငါ့စကားနွားရ” သဘော တော့ မဖြစ်သင့်ဘူး။ အမြင်ချင်းဖလှယ်တဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး နားလည်မှုပေးပြီး သဘောထားတွေကို မျှဝေသင့်ပါတယ်။
စီမံအုပ်ချုပ်မှုနဲ့ခေါင်းဆောင်မှုအရည်အသွေးမြှင့်တင်မှု
တစ်ပတ် ကျွန်တော်တို့ ဆွေးနွေးတဲ့အကြောင်း အရာက စောစောကပြောခဲ့တဲ့ Business စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး စီမံအုပ်ချုပ်မှုနဲ့ ခေါင်းဆောင်မှု အရည်အသွေးမြှင့်တင်မှုအကြောင်းကို အခြေခံထားပြီး ဆွေးနွေးခဲ့ပါတယ်။ အမှန်တော့ စီမံခြင်းနဲ့ခေါင်းဆောင်ခြင်းဟာ မတူညီပါဘူး။ စီမံမှုက သတ်မှတ်ထားတဲ့အလုပ်တစ်ခုကို သပ်ရပ်သေချာစွာ ထိထိရောက်ရောက်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဦးဆောင်မှုကတော့ ဒီအလုပ်ဟာ လုပ်သင့်မလုပ်သင့်ကို စဉ်းစားပြီးမှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ပေးတဲ့ တာဝန်ကို မျက်စိမှိတ်ပြီး ဆောင်ရွက်တာ မဟုတ်ဘဲ ဒီတာဝန်ဟာ အဓိပ္ပာယ်ရှိမရှိ လုပ်သင့်မလုပ်သင့်ဆိုတာကို စဉ်းစားပြီးမှ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းတွေ၊ ဦးစီးသူများအနေနဲ့ စီမံဖို့ လိုအပ်သလို ဦးဆောင်မှုလည်း ပေးနိုင်ဖို့လိုအပ်ပါတယ်။ အခုလိုစီမံခန့်ခွဲမှု၊ ဦးဆောင်မှုနဲ့ ပတ်သက်လာရင် လုပ်ငန်းကို ဦးစီးတဲ့ အရည်အသွေးတွေကို မြှင့်တင်ရမှာ ဖြစ်ပါတယ်။
သင်တန်းတွေတက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သင်ယူခံယူချင်တဲ့ စိတ်ရှိဖို့ အထူးအရေးကြီး လှပါတယ်။ သင်စရာမလိုဘူး။ အားလုံးကို သိတယ်၊ တတ်တယ်ဆိုတဲ့စိတ်ထားတွေကို ပြင်ဆင်ရမှာဖြစ်ပါ တယ်။ တစ်ချိန်တုန်းက မိရိုးဖလာစီးပွားရေး လုပ်ငန်းတွေ ကို ဦးဆောင်တဲ့သူတွေအနေနဲ့ သင်ယူခံယူမှုကို အလေး မထားဘဲ အတွေ့အကြုံကိုပဲ အားကိုးခဲ့တာတွေ့ရပါတယ်။ အမှန်တော့ အခုခေတ်မှာ စီမံခန့်ခွဲမှုပညာတွေ၊ ခေါင်းဆောင်မှု ပညာတွေကို စနစ်တကျ သင်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်က တစ်ဦး တစ်ယောက်ချင်း သင်ယူခံယူလိုတဲ့ စိတ်မွေးဖို့ အမြဲတိုက် တွန်းခဲ့တယ်။ ဒီလိုစိတ်ထားတွေနဲ့ ပြည့်စုံတဲ့သူတွေ စုစည်းတဲ့အခါ သင်ယူခံယူချင်တဲ့ လုပ်ငန်းအဖွဲ့အစည်း တွေ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေကို စုစည်းပေါင်းစပ်တဲ့အခါ သင်ယူခံယူတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ဦးခြင်းနှင့်နောက်ကျခြင်းစီးပွားရေးအခွင့်အရေးနှစ်ရပ်
စကားဝိုင်းမှာ မကြာခင်က နိုင်ငံတော်အစိုးရအနေနဲ့ လက်မှတ်ထိုးခဲ့တဲ့ RCEP နဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းများ အထူးသဖြင့် စီမံခန့်ခွဲမှု ရှုထောင့်မှ မည်သို့မည်ပုံပြင်ဆင်ရန် လိုအပ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။ အမှန်တော့ အခုလို ဒေသဆိုင်ရာ စီးပွားရေးအသိုက်အမြုံဟာ မြန်မာနိုင်ငံမှာရှိတဲ့ စီးပွား ရေး လုပ်ငန်းများအတွက် ထူးခြားတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ လူဦးရေသန်းပေါင်းများစွာရှိတဲ့ ဈေးကွက် ကြီးဖြစ်ပါတယ်။ ဒီဈေးကွက်ကြီးကို အခွင့်အရေးတစ်ရပ် လို မြင်ဖို့လိုအပ်မှာဖြစ်တယ်။ ဒီနေရာမှာ သွက်ဖို့လိုတယ်၊ မြန်ဖို့လိုတယ်။ စီးပွားရေး ဆောင်ရွက်ရာမှာ အခွင့်အရေး နှစ်ရပ်ရှိတာ တွေ့ရပါတယ်။ ပထမအခွင့်အရေးက ဦးတဲ့အခွင့်အရေးဖြစ်တယ်။ သူများမလုပ်ခင် ကိုယ်က လက်ဦးရရင် ကိုယ့်အတွက် အခွင့်အရေးတစ်ရပ်ဖြစ်ပါ တယ်။ ဒုတိယအခွင့်အရေးကတော့ နောက်ကျတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ကိုယ်ကနောက်ကျကျန်ခဲ့တာမို့ အရှေ့ရောက်နေသူတွေကို လေ့လာပြီး သင်ခန်းစာတွေရ အောင် ယူနိုင်ရင် ကိုယ့်အတွက် အခွင့်အရေးဖြစ်တယ်။ ကျွန်တော့်အနေနဲ့ စီးပွားရေး လုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်ပိုပြီးပေးဖို့ လိုအပ်မယ်လို့ ယူဆမိပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့၊ ဈေးကွက်ကို ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ ဈေးကွက်ဟာ ဝယ်လိုအားနဲ့ ရောင်းလိုအားနှစ်ခုရဲ့ အားပြိုင်လွန်ဆွဲမှုကို အခြေခံပြီး လွတ်လပ်စွာရှင်သန်ခွင့်ပြုဖို့ လိုအပ်မှာ ဖြစ်တယ်။ ကျွန်တော့်အမြင်တော့ အတိတ်သမိုင်းမှာ စီမံကိန်း စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့တာမို့ စီးပွားရေးလုပ်ငန်း တွေကို ထိန်းချုပ်လိုတဲ့ ဆန္ဒတွေ ပြင်းပြနေတာတွေ့ရ တယ်။ ပါမစ်လျှောက်လွှာစနစ်ကို ယနေ့အထိ ကျင့်သုံး နေတာ ဖြစ်တယ်။ အခုလို RCEP နဲ့ ပတ်သက်လာရင် မြန်ဆန်ဖို့ လိုအပ်တယ်၊ လက်ဦးရဖို့လိုတယ်။ ခံစစ်ရော၊ တိုက်စစ်ရော ကစားနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
ကိုဗစ်ကာလပေါ်ပေါက်လာခဲ့သော အလုပ်လုပ်တဲ့ပုံစံသစ်
စီမံခန့်ခွဲမှုနဲ့ ဦးဆောင်မှု သင်တန်းတွေကို ကုန်ကျ စရိတ်အဖြစ် မစဉ်းစားဘဲ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အခုလို Bloomberg နဲ့ ဆွေးနွေးပြီးချိန် ကြိုတင်စီစဉ်ထားတဲ့အတွင်း B2B စီမံ ခန့်ခွဲမှု မဂ္ဂဇင်းအစီအစဉ်နဲ့ စီးပွားရေး စကားဝိုင်းတစ်ရပ် ကို ကျင်းပခဲ့ပါတယ်။ ရွေးချယ်ထားတဲ့ခေါင်းစဉ်က ကိုဗစ် ကာလ ပေါ်ပေါက်လာခဲ့တဲ့ အလုပ်လုပ်တဲ့ပုံစံအသစ် အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ကပ်ရောဂါကြီး ၂၀၂၀ နှစ်ဦးပိုင်းမှာ တစ်ကမ္ဘာလုံးကိုပျံ့နှံ့ခဲ့တဲ့အခါ အလုပ်ခွင် ရဲ့အခြေအနေတွေ လုံးဝပြောင်းလဲခဲ့ပါတယ်။ ရောဂါ ကူးစက်မှုအန္တရာယ်ကို ရင်ဆိုင်ရန် လုပ်ငန်းတွေပိတ်ပြီး ဝန်ထမ်းများကို အိမ်ကတစ်ဆင့် အလုပ်လုပ်ခွင့်ပေးခဲ့ ပါတယ်။ ဒီအလုပ်ပုံစံကို Working from home အဖြစ် သတ်မှတ်ပြီး ခေတ်မီနည်းပညာအသုံးပြုကာ ဆောင်ရွက် တဲ့ အတွက် Remote Work လို့ ခေါ်ဝေါ်သတ်မှတ်ပါတယ်။ ပုံမှန်မျက်နှာချင်းဆိုင်ရုံးတွေ၊ အလုပ်ခွင်တွေမှာဆုံတွေ့ပြီး အလုပ်လုပ်နိုင်တဲ့ အခြေအနေမရှိတာမို့ အိမ်မှာနေပြီး ခေတ်မီနည်းပညာအားကိုးနဲ့ အလုပ်လုပ်ခဲ့ကြရတယ်၊ ထိတွေ့ဆက်ဆံခဲ့ရတယ်၊ ဆက်သွယ်ခဲ့ရပါတယ်။
အခုလိုအိမ်မှာနေကာ နည်းပညာအားကိုးပြီး အလုပ်လုပ်ရတဲ့ထုံးစံမရှိတာမို့ လုပ်ငန်းတွေ၊ မန်နေဂျာ တွေ၊ ဝန်ထမ်းတွေအတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။ စမ်းသပ်မှုတွေ လုပ်ခဲ့ကြရတယ်။ အမှားတွေ ကို ရင်ဆိုင်ပြီး ကျော်လွှားခဲ့ရတယ်။ လုပ်ငန်းခွင်တွေမှာ အခုကဲ့သို့ ထူးခြားတဲ့အလုပ်လုပ်တဲ့ပုံစံများနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ B2B စကားဝိုင်းကို လုပ်ခဲ့တာ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးတဲ့ ပုဂ္ဂိုလ်သုံးဦးအနေနဲ့ နိုင်ငံတကာကုမ္ပဏီများမှာ အရေးပါတဲ့တာဝန်ဝတ္တရား တွေ ယူထားသူတွေဖြစ်ပါတယ်။ မြန်မာပြည်မှာ အခြေစိုက်ထားပေမယ့် သူတို့ကုမ္ပဏီများရဲ့ ဒေသဆိုင်ရာ ရုံးတွေနဲ့ ရုံးချုပ်တွေဟာ နိုင်ငံခြားမှာတည်ရှိပါတယ်။ နိုင်ငံတကာစီးပွားရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်တာကြောင့် ကုမ္ပဏီများအနေနဲ့ စနစ်တကျ အစီအစဉ်တွေရှိတာ သိရပါတယ်။ ပုဂ္ဂိုလ်သုံးဦးအနက် တစ်ဦးမှာ Samsung ကုမ္ပဏီ၊ နောက်တစ်ဦးက Coca Cola ကုမ္ပဏီနဲ့ နောက်တစ်ဦးကတော့ Grab ကုမ္ပဏီတို့ ဖြစ်ကြပါတယ်။ သူတို့အနေနဲ့ ဝန်ထမ်းများကို စီမံ ခန့်ခွဲမှုပုံစံဟာ နိုင်ငံတကာစံနှုန်းစံထားတွေအတိုင်း ဆောင်ရွက်နေတာတွေ့ရပါတယ်။ ကုမ္ပဏီများရဲ့ ရေရှည် ရပ်တည်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက် ခဲ့ပြီး စနစ်တကျဆောင်ရွက်နေတာ တွေ့ရပါတယ်။ အထူးသဖြင့် အမှားလုပ်ခွင့်ရှိတဲ့ ယဉ်ကျေးမှုတည်ဆောက် မှု၊ ဝန်ထမ်းများအပေါ် ယုံကြည်မှုအပြည့်နဲ့ ထိတွေ့ ဆက်ဆံမှု၊ တိုင်ပင်ဆွေးနွေးမှုအပေါ်အခြေခံပြီး အဆုံး အဖြတ် ချမှတ်မှု ဒီအချက်အလက်တွေဟာ အလွန်အရေး ကြီးလှပါတယ်။ ခေါက်ရိုးကျိုးနေတဲ့ စီမံခန့်ခွဲမှု ပုံစံတွေနဲ့ ၂၁ ရာစုမှာ ရှင်သန်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ကျေနပ်နှစ်သက်မိတဲ့အချက်က ပုဂ္ဂိုလ်သုံးဦးဟာ မြန်မာတွေဖြစ်ကြတယ်။ သူတို့စီမံအုပ်ချုပ်တဲ့ သူတွေဟာ လည်း မြန်မာတွေဖြစ်ကြတယ်။ ဒါပေမယ့် သူတို့ ကိုင်တွယ်ကျင့်သုံးတဲ့ စီမံခန့်ခွဲမှုပုံစံတွေကတော့ ခေတ်မီစဉ်းစားချက်တွေ၊ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ပုံစံတွေအတိုင်း ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် မြန်မာပြည်မှာရှိတဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း တွေမှာ စီမံခန့်ခွဲမှုပုံစံအသစ်တွေ ကျင့်သုံးလို့မရနိုင်တဲ့ အယူအဆမှားယွင်းနေတာကို တွေ့မြင်ရလို့ကျေနပ်မိ ပါတယ်။ ဒါကြောင့်လည်း ဒီကုမ္ပဏီသုံးခုရဲ့နမူနာတွေကို မြန်မာကုမ္ပဏီတွေမှာ ကျင့်သုံးနိုင်ဖို့ စဉ်းစားရမှာသာ ဖြစ်ပါတယ်။ သူတို့နဲ့ပြုလုပ်ခဲ့တဲ့ စီးပွားရေးစကားဝိုင်း ကြောင့် ကျွန်တော့်အနေနဲ့ ကျေနပ်မိတယ်၊ အားတက်မိ ပါတယ်။ ညဘက်မှာ နောက်ဆုံးစီးပွားရေး စကားဝိုင်းကို လုပ်ခဲ့ပါတယ်။ Breakthrough ကုမ္ပဏီမှာ စီစဉ် ဆောင်ရွက်တဲ့ သင်တန်းသားတွေနဲ့ အမေးအဖြေလုပ်ပေး ခဲ့တာ ဖြစ်ပါတယ်။ Breakthrough အဖွဲ့ကို လူငယ် တစ်ဦးဖြစ်တဲ့ ကိုနိုင်ဝင်းအောင်က ဦးစီးနေတာ ဖြစ်တယ်။ သူနဲ့အတူ လူငယ်အဖွဲ့ဝင်တွေကလည်း တက်တက် ကြွကြွပါဝင်နေကြတယ်။ သူတို့သင်တန်းတွေဟာ ဆန်းသစ်တယ်။ ပုံမှန်ပုံစံမဟုတ်ဘဲ ပရိသတ်ဆွဲဆောင် မှုရှိအောင် ဆောင်ရွက်နိုင်တယ်။ ကိုဗစ်ကာလအတွင်း သူတို့ရဲ့သင်တန်းတွေကို အဆက်မပြတ် လုပ်နိုင်ခဲ့တယ်။
မိသားစုအတွင်း ဆွေးနွေးပြီးတာဝန်ခွဲယူ
ကျွန်တော်ဆွေးနွေးတဲ့ခေါင်းစဉ်က မိသားစုလုပ်ငန်း မှ စနစ်တကျဖွဲ့စည်းတဲ့ လုပ်ငန်းအဖြစ် ပြောင်းလဲ ခြင်းဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး နားလည်မှုတွေ လွဲမှားနေတာတွေ့ရပါတယ်။ မိသားစု လုပ်ငန်းကို အထင်သေးကြတယ်။ မိရိုးဖလာ လုပ်ငန်း ဖြစ်ပြီး ခေတ်နောက်ကျနေတယ်လို့ မြင်နေကြတယ်။ အခြေခံပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုပဲဖြစ်ပါတယ်။ မိသားစု စီးပွားရေးလုပ်ငန်းတွေရဲ့ အခြေခံပြဿနာက စီးပွားရေး ပြဿနာမဟုတ်ဘဲ မိသားစုပြဿနာ ဖြစ်တယ်။ မိသားစုဝင်အချင်းချင်း မပြေလည်မှုတွေကြောင့် စီးပွားရေး လုပ်ငန်းကို ထိပါးတာဖြစ်ပါတယ်။ ဒါကြောင့် မိသားစု အတွင်း အကျေအလည်ဆွေးနွေးပြီး တာဝန်ခွဲယူဖို့ လိုအပ်ပါတယ်။ ကျွန်တော့်ရဲ့ သဘောထားက လုပ်ငန်းရဲ့ ပိုင်ဆိုင်မှုကို မိသားစုအတွင်းထားရှိပြီး လုပ်ငန်းကို စီမံ အုပ်ချုပ်တဲ့နေရာမှာ ကျွမ်းကျင်လိမ္မာသူတွေကို ရွေးချယ် ခန့်ထားပြီး လှုပ်ရှားစေချင်ပါတယ်။
အခုလို ကျွန်တော့်အနေနဲ့ တင်ပြပြီးချိန်မှာ တက်ရောက်သူများ မေးခွန်းတွေမေးပြီး အကြံတောင်း ကြပါတယ်။ တက်ရောက်သူရင်ဆိုင်နေရတဲ့ လက်တွေ့ ပြဿနာတွေကို တင်ပြခဲ့တာမို့ စီးပွားရေးလုပ်ငန်းတွေမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တစေ့တစောင်း သိရှိခွင့်ရတာမို့ မေးတဲ့သူတွေကို ကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့မေးခွန်းတွေအပေါ်အခြေခံပြီး စီးပွားရေးရုပ်ပုံကို ပုံဖော်ခွင့်ရှိခဲ့ပါတယ်။ တစ်ဦးက မိဘတွေက လုပ်ငန်း တွေကို သားစဉ်မြေးဆက်တာဝန်ယူစေပေမယ့် သားသမီး များအနေနဲ့ စိတ်ဝင်စားမှုမရှိတဲ့ ပြဿနာ။ ဒီပြဿနာဟာ အတော်များများ ကြုံတွေ့ရတာဖြစ်တယ်။ သားသမီး တွေကို မိဘလက်ငုတ်လက်ရင်းကို လုပ်စေချင်တဲ့ဆန္ဒက မိဘတိုင်းရဲ့ ဆန္ဒဖြစ်တယ်။ သားသမီးများအနေနဲ့ ဆောင်ရွက်လိုတဲ့ ဆန္ဒကတော့ ယေဘုယျအနေနဲ့ သတ်မှတ်နိုင်ဖို့ ခက်ခဲလှပါတယ်။ နိုင်ငံတော်အနေနဲ့ ဘဏ်အတိုးနှုန်းတွေလျှော့ချခဲ့တာကြောင့် ဘဏ်အတိုးကို မှီခိုနေသူများအတွက် ပိုပြီးတွက်ခြေကိုက်တဲ့ စီးပွားရေးအခွင့်အလမ်းတွေရှာဖွေရတဲ့ ပြဿနာကိုလည်း တင်ပြ သွားခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ စီးပွားရေးစကားဝိုင်းမှတစ်ဆင့် ကိုယ်သိတဲ့၊ နားလည်တဲ့၊ လေ့လာတဲ့ စီးပွားရေးပညာ တွေကို မျှဝေခွင့်ရခဲ့ပါတယ်။ ပိုပြီးတန်ဖိုးရှိတဲ့အချက်က ပါဝင်ဆွေးနွေးမှုတွေ၊ အမေးအဖြေတွေ၊ စကားပြောတာ တွေကြောင့် ကျွန်တော့်အတွက် အသိတရားတွေတိုးလာ ပါတယ်။ မစဉ်းစားမိတာတွေလည်း သိခဲ့ရပါတယ်။ ဒါကတော့ စကားဝိုင်းရဲ့ အကျိုးအမြတ်ဖြစ်ပါတယ်။ ။
- Log in to post comments