ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ဆက်လက်လျော့နည်းကျဆင်းစေဖို့

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း ၈ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်း ဝန်းကျင်သို့  ကျဆင်းသွားခဲ့ပြီဖြစ်သော်လည်း   စိတ်ချရသည့် အခြေအနေသို့  မရောက်သေး။  တစ်နိုင်ငံလုံး  ပျမ်းမျှခြင်းအားဖြင့် ကူးစက်မှုနှုန်းကျဆင်းသည်ဟု ဆိုနိုင်သည့်တိုင်အောင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၊ နယ်စပ်ဒေသများ စသည်တို့တွင် ကူးစက်မှုနှုန်း များနေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးတွင် ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုသည်  လွန်စွာအရေးပါသည့်အလျောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ  ဦးရေစုစုပေါင်း ၁၀ သန်းခန့် ရှိလာပြီဖြစ်သည်။


ကိုဗစ်-၁၉ ကပ်ရောဂါသည် ၎င်း၏ ကူးစက်မှု သဘောသဘာဝ အရ လူ့အသိုက်အဝန်း၏ ကျန်းမာရေးကဏ္ဍကိုသာမက အခြားသော စီးပွားရေး၊ လူမှုရေး၊ ပညာရေး အပါအဝင် ဆက်စပ်နေသည့် ကဏ္ဍ များစွာတို့ကိုပါ ထိခိုက်ဆုံးရှုံးမှု ပမာဏကြီးမားစွာ ဖြစ်ပေါ်စေခြင်း ဖြစ်ရာ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများအားလုံး နီးနီး ကပ်ရောဂါ ၏ ဒဏ်ကို ခံစားနေကြရသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့် ကဏ္ဍအသီးသီးတို့     ပြန်လည်ထူထောင်   လည်ပတ်ရေးအတွက် ဖြစ်ပေါ်လာမည့်အခြေအနေများကို မျှော်တွေးကာ စီမံဆောင်ရွက် နေကြရသည်။ အထူးသဖြင့် စီးပွားရေးကဏ္ဍကြီး ရပ်ဆိုင်းမသွား စေရေးအတွက် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်းလာသည် နှင့်အမျှ အမြန်ဆုံးစတင် လည်ပတ်နိုင်ရန် ပြင်ဆင်နေကြသကဲ့သို့ပင်  ရောဂါကူးစက်   ပျံ့နှံ့နေသည့်   ကြားကာလအတွင်းတွင်လည်း ဝင်ငွေနည်းပြည်သူများ စားဝတ်နေရေး ရပ်တည်နိုင်ရန် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ လည်ပတ်နေစေရေး စီမံဆောင်ရွက်ပေးနေရသည်။ ကပ်ရောဂါကာလ တာရှည်ကြာမြင့် သည်နှင့်အမျှ လူ့အဖွဲ့အစည်းအတွင်း ထိခိုက်ခံစားရမှု များသည်ထက် ပိုမိုများပြားလာပြီး ရပ်တည်နိုင်စွမ်းမရှိတော့သည့် အခြေအနေသို့ ရောက်မသွားစေရန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု  ၅ ရာခိုင်နှုန်း အောက်သို့ ကျဆင်းသွားအောင် ထိန်းချုပ်နိုင်ဖို့ လိုအပ်သည်။


မိမိတို့နိုင်ငံတွင်     ပြီးခဲ့သည့်   ဇူလိုင်လအတွင်း  ကူးစက်မှု ရာခိုင်နှုန်း ၄၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့သည့် အခြေအနေမှ သည် ပြည်သူလူထုသတိတရားရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် လက်ရှိ ၈-၉ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့ခြင်းဖြစ်ရာ ဆက်လက်၍ ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားစေရေးအတွက်  ထိန်းချုပ် ကန့်သတ်ဆောင်ရွက်သွားရန်မှာ များစွာခဲယဉ်းမည်မဟုတ်ဟု ယူဆ မိသည်။

သွားလမ်းလာလမ်းများ ပြန်လည်ဖွင့်လှစ်သွားလာနိုင်ရေး၊ စက်ရုံ အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဈေးကွက်များ ပြန်လည်ဖွင့်လှစ် ရောင်းဝယ်နိုင်ရေး၊ သယ်ယူပို့ဆောင်မှု လုပ်ငန်း များ ပုံမှန်လည်ပတ်နိုင်ရေးတို့မှာ လူ့အသိုင်းအဝိုင်းအတွင်း ကပ် ရောဂါကူးစက်မှု ရပ်တန့်သွားရန်နှင့် စိတ်ချရသည့်အနေအထားသို့ ရောက်ရှိနေရန် လိုအပ်သည်။


ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး တို့ အပါအဝင် ကဏ္ဍအသီးသီးတို့ ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများဖြစ်သည့် Mask တပ်ဆင်ခြင်း၊ ဆပ်ပြာဖြင့် မကြာခဏ လက်ဆေးခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေ ခွာခွာနေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်းတို့ကို သတိတရားဖြင့် ဆက်လက်လိုက်နာကျင့်သုံးကာ မိမိတို့၏ လူ့အသိုင်းအဝိုင်းအတွင်း ကိုဗစ်-၁၉ ကင်းစင်စေခြင်းဖြင့် ပုံမှန်လူမှုဘဝများ ပြန်လည်ရရှိနိုင် ကြပါစေကြောင်း။     ။