ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးသည့်နှုန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာတစ်ဝန်းလုံး ပျမ်းမျှနှုန်းနှင့် အမေရိကန်၊ မလေးရှား၊ ယူကေ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ ပျမ်းမျှနှုန်းများ အောက် နည်းပါးလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းလုံး လူဦးရေ တစ်သန်းတွင် ၀ ဒသမ ၈၆ ဦး ကိုဗစ်-၁၉ ရောဂါကြောင့် နေ့စဉ် ပျမ်းမျှသေဆုံးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၀ ဒသမ ၅၈ ဦးသာရှိသည်။ အမေရိကန်ပြည်ထောင်စုတွင်မူ လူတစ်သန်း တွင် ကိုဗစ်-၁၉ ကြောင့် ၄ ဒသမ ၇၅ ဦး နေ့စဉ် ပျမ်းမျှသေဆုံး နေသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၆ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ရာ ပြီးခဲ့သည့်ရက်အနည်းငယ်နှင့် နှိုင်းယှဉ်ပါက ကျရိပ်ကို စတင်မြင်တွေ့လာရသည့် လက္ခဏာပင် ဖြစ်သည်။ သို့ရာတွင် ရည်မှန်းချက်အနေဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးတွင် ၅ ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွားရန်လိုအပ်သလို လက်ရှိအခြေအနေတွင် ရောဂါပိုး တွေ့ရှိမှု များပြားနေဆဲဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင်ပါ ရောဂါပိုးတွေ့ရှိမှု လျော့နည်းကျဆင်းသွားရန် လိုအပ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးသည် လုံးဝစိတ်ချရသည့် အခြေအနေသို့ရောက်ရှိ ရန် နိုင်ငံတစ်ဝန်းလုံးတွင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ကြရဦးမည့် အခြေအနေပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရောက်ရှိလာမှုနှင့်အတူ အအေးလမ်းကြောင်း မပျက် ဒေသအသီးသီးသို့ ဖြန့်ခွဲပေးပို့ခြင်း၊ ဦးတည်အုပ်စုများ အလိုက် ထိုးနှံပေးခြင်းနှင့် ပြည်သူလူထုအတွင်း၌လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ကျန်းမာရေးအသိတရား အပြည့်ဖြင့် ယုံကြည်စိတ်ချစွာ ထိုးနှံလာခြင်းတို့ကြောင့် နိုင်ငံ အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှုမှာ နေ့စဉ်နှင့်အမျှ မြင့်တက်လာ လျက်ရှိသည်။ သို့ရာတွင် သတိပြုရမည့်အချက်မှာ ကိုဗစ်-၁၉ ကူးစက်မြန်ကပ်ရောဂါ၏ သဘာဝနှင့် မျိုးဗီဇပြောင်းလဲသွားသည့် ဗိုင်းရပ်စ်ပိုးသစ်များကြောင့် ကာကွယ်ဆေး နှစ်ကြိမ်အပြည့်အဝ ထိုးနှံပြီးသူများရော ပထမတစ်ကြိမ် ထိုးနှံပြီးသူများပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ဆက်လက် လိုက်နာကျင့်သုံးသွားကြရန်ပင် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ရောဂါ ကူးစက်မှုကိုလည်းကောင်း၊ ကူးစက်ခံရပါကလည်း ဝေဒနာ ပြင်းထန်မှုကိုလည်းကောင်း လျှော့ချပေးနိုင်သော်လည်း ရာခိုင်နှုန်းပြည့် ကာကွယ်မပေးထားနိုင်သည်ကို သတိပြုကြရ မည်ဖြစ်သည်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံတက်ရောက်ရမှု၊ သေဆုံးရမှုတို့ လျော့ကျ သွားစေမည်ဖြစ်သည့်တိုင် လုံးဝမကူးစက်နိုင်ခြင်းမဟုတ်။ ဤသို့ဆိုခြင်းအားဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းသည် အကျိုးမရှိဟု ဆိုလိုခြင်းမဟုတ်သည်ကိုလည်း နားလည်မှုရှိကြရ မည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုသည် လုံးဝစိတ်ချရသည့်အခြေအနေသို့ မရောက်သေးသည့်အတွက် ကာကွယ်ဆေးမထိုးရသေးသူများရော ထိုးနှံပြီးသူများပါ ကပ်ရောဂါကာကွယ်ရေး အခြေခံစည်းမျဉ်းကလေးများဖြစ်သည့် တတ်နိုင်သမျှ အိမ်မှာနေ၊ အပြင်ထွက်ရပါက ပါးစပ်နှာခေါင်းစည်း တပ်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၊ လက်ကို မကြာမကြာ ဆေးကြောခြင်းတို့ကို အလေ့အကျင့်ကောင်းများအဖြစ် စွဲမြဲစွာ ကျင့်သုံးကြရေးအတွက် နှိုးဆော်တိုက်တွန်းအပ်ပါ ကြောင်း။ ။