ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု သိသိသာသာ လျော့နည်းကျဆင်းလာလျက်ရှိရာ ယခုရက်ပိုင်းတွင် ၈ ရာခိုင်နှုန်း သို့ ရောက်ရှိလာသည်။ သို့ရာတွင် ဤအခြေအနေသည် စိတ်ချ ရသည့် အခြေအနေမဟုတ်သေးဘဲ ၅ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိမှသာ စိတ်ချရမည်ဖြစ်ရာ လက်တစ်ကမ်းမျှသာ ကျန်တော့သည့် အောင်မြင်မှုကို ရရှိရန် မိမိတို့ မဆုတ်မနစ် ဆက်လက်ကြိုးပမ်းကြရဦးမည်ဖြစ်သလို ကပ်ရောဂါပြန်လည် ခေါင်းထောင်မလာစေရန်အတွက်လည်း မျက်ခြည်မပြတ် သတိကပ်ထားကြရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းမြင့်မားသည့် ကာလ အတွင်း ရောဂါကူးစက်မှုနှုန်း မြန်ဆန်ခြင်း၊ ရောဂါပြင်းထန်ခြင်း တို့ကြောင့် ဓာတ်ခွဲအတည်ပြုလူနာအရေအတွက်၊ ဆေးရုံတက် ရသူအရေအတွက်၊ သေဆုံးမှုအရေအတွက်တို့ လွန်စွာများပြား ခဲ့ရသည်မှာ မျိုးဗီဇပြောင်းလဲသွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးက ဒုက္ခပေးသွားခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများစွာတို့တွင်လည်း အစွမ်းပြနေသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် “ဒယ်လ်တာ” သည် တတိယလှိုင်း၏ အဓိက လက်သည်တရားခံဖြစ်ရာ မီးကြွင်း မီးကျန် ကျန်ရစ်ပါက မီးဘေးအန္တရာယ်စိုးရိမ်ဖွယ်ဖြစ်သလို “ဒယ်လ်တာ” ဗိုင်းရပ်စ်ကိုလည်း လုံးဝပျောက်ကွယ်သည်အထိ လူ့အသိုင်းအဝိုင်းများအတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်း များနှင့်အညီ ဆက်လက်နေထိုင်ကျင့်သုံးကာ ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်သွားကြရမည်ဖြစ်သည်။
တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စဉ်ဆက်မပြတ်ရောက်ရှိလာမှုနှင့်အတူ ဦးတည်အုပ်စုများ တိုးချဲ့ ၍ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ အသက်ကြီးအုပ်စု ကို အသက် ၅၅ နှစ်နှင့်အထက်သို့ တိုးချဲ့ထားပြီး မသန်စွမ်း သူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နာတာရှည် ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများနှင့် ယာယီ တိုက်ပွဲရှောင်စခန်းများတွင် ရှိသူများကိုပါ အုပ်စုသစ်များအဖြစ် ကာကွယ်ဆေး တိုးချဲ့ထိုးနှံပေးသွားမည်ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဟုဆိုရာတွင် NCA လက်မှတ် ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို သာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကိုပါ ကာကွယ်ဆေးထိုးနှံ ပေးသွားမှာ ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်အကြီးအကဲ က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ကာကွယ်ဆေးထိုးနှံပေးရန်၊ နိုင်ငံတွင် နေထိုင်လျက်ရှိသည့် မိမိတို့၏ တိုင်းရင်းသားများအား ကျန်းကျန်းမာမာဖြင့် ကိုဗစ်-၁၉ ရောဂါ ကျော်လွှားနိုင်ရန် ကာကွယ်ဆေးများထိုးနှံရန် စေတနာ ထား ပြောကြားခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
မျိုးဗီဇပြောင်းလာသည့် ကိုရိုနာဗိုင်းရပ်စ်များကြောင့် ကိုဗစ်-၁၉ ရောဂါသည် မူလကထက် ပိုမို၍ ကူးစက်မြန်၊ ပိုမို၍ ပြင်းထန် လာသော်လည်း ကာကွယ်ဆေးထိုးနှံထားသူများမှာမူ ကူးစက်မှု ခံရသည့်တိုင်အောင် ရောဂါကိုခံနိုင်ရည်ရှိသွားပြီး အချို့ရောဂါ လက္ခဏာပင် မပြတော့ဘဲ သာမန်မျှနှင့် ပြီးသွားကာ ဆေးရုံသို့ပင် မသွားကြရဟု သိရသည်။ တိုင်းရင်းသားအားလုံး (လက်နက်ကိုင် သူရော၊ လက်နက်ကိုင်မထားသူများပါ) ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ဆေးထိုးခြင်းဖြင့် ကျော်လွှားနိုင်ရန်၊ ဖြစ်ပွားလာပါကလည်း ရောဂါကို ကောင်းမွန် စွာ ခုခံနိုင်ပြီး အမြန်ဆုံးသက်သာ ကောင်းမွန်လာစေရန် ဆိုသည် မှာ နိုင်ငံတော်အကြီးအကဲ၏ စေတနာအမှန်ပင်ဖြစ်ရာ သံသယကင်းစွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် ကမ္ဘာ့ကပ်ရောဂါဘေးမှ ကင်းဝေး လွတ်မြောက်နိုင်ကြပါ စေကြောင်း။ ။