
ဂျီနီဗာ မေ ၂၈
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများသည် ဆွစ်ဇာလန်နိုင်ငံ၌ပြုလုပ်သော နှစ်ပတ်လည်အစည်း အဝေးတွင် ကမ္ဘာလုံးဆိုင်ရာ ဆေးဝါးနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။
အဆိုပါအစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ မေ ၂၇ ရက်က စတင်ခဲ့ပြီး အဖွဲ့ဝင် ၁၉၄ နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေး၏ အဓိက ဆွေးနွေးသောအကြောင်း အရာတစ်ခုမှာ နယ်စပ်ဖြတ်ကျော်ရန် အလားအလာ ရှိသည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ် ဖြေရှင်းရာတွင် နိုင်ငံများ၏ တာဝန်ဝတ္တရားများကို သတ်မှတ်ပေးသည့် မူဘောင်ကို ပြဋ္ဌာန်းပေးသော နိုင်ငံတကာ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများ ကို ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစည်းအဝေးက အနာဂတ်ကာလ ကပ်ရောဂါဖြစ်ပွားမှုတွင် ကမ္ဘာလုံးဆိုင်ရာ ပြင်ဆင်မှု အားကောင်းလာစေရေးရည်ရွယ်သော ကပ်ရောဂါ ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်ကို အတည်ပြု သွားနိုင်မလားဆိုသည်ကိုလည်း အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကပ်ရောဂါတိုက်ဖျက်နေသော နိုင်ငံ များ၏ သဘောထားကွဲလွဲမှုကြောင့် ကပ်ရောဂါဆိုင်ရာ သဘောတူစာချုပ်မှာ အချည်းအနှီးဖြစ်ခဲ့ရသည်။ အဆိုပြုစာချုပ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများအား ပံ့ပိုးပေး ရန် အစီအမံများ ပါဝင်သည်။
ညှိနှိုင်းဆွေးနွေးသူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းအဝေးမတိုင်မီတွင် ကပ်ရောဂါဆိုင်ရာ သဘော တူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့သော်လည်း နှစ်နှစ်ကြာ ဆွေးနွေးညှိနှိုင်းပြီးနောက် ကာကွယ်ဆေးဖြန့်ဖြူး ခြင်းနှင့် အခြားသောကိစ္စရပ်များအပေါ် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီး နိုင်ငံများအကြား သဘောထားကွဲလွဲနေဆဲ ဖြစ်သောကြောင့် အဆိုပါကြိုးပမ်းအားထုတ်မှု မအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
အင်န်အိတ်ချ်ကေ