ကပ်ရောဂါကို တစ်ဆင့်ချင်းကာကွယ်နိုင်တော့မည်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

နှစ်ဦးကာလအတွက် သတင်းကောင်းမှာ ယနေ့ဆိုလျှင် မြန်မာနိုင်ငံ အတွက် ကာကွယ်ဆေး တစ်သန်းခွဲရောက်ရှိလာမည်ဖြစ်ပါသည်။ လူတစ်ဦးအတွက် ဆေးနှစ်ကြိမ်ထိုးရမည်ဖြစ်သောကြောင့် လူခုနစ်သိန်း ခွဲကို စတင်ထိုးနှံပေးနိုင်တော့မည်ဟု သိရပါသည်။

ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုနှင့် ထိုးရန် လိုအပ်သည့် အရေ အတွက်မှာ မမျှမတ ဖြစ်နေသောကြောင့် လူတိုင်းကို တစ်ခါတည်း ထိုးနိုင်ဦးမည် မဟုတ်ဘဲ၊ နိုင်ငံတိုင်းတွင် ဦးစားပေးအစီအစဉ်များ ရေးဆွဲကာ အလှည့်ကျစနစ်ကို စီစဉ်နေရပါသည်။

စတင်ထိုးနှံနေပြီဖြစ်သည့် နိုင်ငံများနည်းတူ၊ ကိုဗစ်ရောဂါ ကာကွယ် ရေး ထိန်းချုပ်ရေး ကုသရေးလုပ်ငန်းများကို ရှေ့တန်းက တာဝန်ယူ ဆောင်ရွက်နေရသည့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံယန္တရား လည်ပတ်ရေးအတွက် အရေး ကြီးသော ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ကြီးများ၊ ရောဂါအခံရှိသူ များ၊ လူဦးရေထူထပ်သော ဒေသများတွင်နေထိုင်သူများ အစရှိသည်ဖြင့် ဦးစားပေးအဆင့်များကို အားလုံးကို ခြုံငုံစဉ်းစားတွက်ချက်ကာ စီမံ ပြင်ဆင်ကြရမည် ဖြစ်ပါသည်။

လက်ရှိအနေအထားအရ ကာကွယ်ဆေးများ၏ စိတ်ချဘေးကင်းမှု ကို ပူပန်နေကြသူများလည်းရှိပါသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများ သည် အခြားသော ပုံမှန်အသုံးပြုနေကျ ကာကွယ်ဆေးများကဲ့သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရည်အသွေးပြည့်မီကြောင်း အပြည့်အဝ ထောက်ခံချက် မပေးနိုင်သေးပါ။ သို့သော်လည်း ယခု ကာကွယ်ဆေးများ သည် လိုက်နာရန်လိုအပ်သည့် စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်ထားကာ၊ ဆေး၏ အစွမ်းထက်မှု၊ ဘေးကင်းမှုအပါအဝင် အခြားလိုအပ်သည်တို့ကို ကာကွယ်ဆေး ထိန်းချုပ်စိစစ်ခွင့်ပြုသူများက စစ်ဆေးပြီး ကမ္ဘာ့ဈေးကွက်တွင် ရောင်းချရန် ခွင့်ပြုချက်ရရှိထားသည့်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိထားသော ကာကွယ်ဆေးများကိုသာ ထိုးနှံပေးမည်ဟု သိရပါသည်။

ယခု ကိုဗစ်-၁၉ ကာကွယ်ဆေးသည် လူတိုင်းမဖြစ်မနေ ထိုးနှံရ မည့်ဆေးမျိုးမဟုတ်ဘဲ လူတစ်ဦးချင်းက မိမိကိုယ်တိုင်၏ သဘောဆန္ဒ အလျောက် ထိုးနှံရမည့် ကာကွယ်ဆေးဖြစ်ပါသည်။ ကာကွယ်ဆေးထိုးရန် ဆန္ဒရှိသူများသည် ရောဂါကူးစက်မှုကို ကာကွယ်နိုင်မည့် ကိုယ်ခံအား ရရှိရန် သတ်မှတ်အကြိမ်ပြည့်အောင် ထိုးရမည်ဖြစ်ပါသည်။ နှစ်ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ် ထိုးပြီး နောက် ၂၈ ရက်တွင် ဒုတိယ အကြိမ်ထိုးရမည် ဖြစ်ပါသည်။ ထို့ပြင် ကာကွယ်ဆေး ထိုးနှံပြီးသည် နှင့် စိတ်ချရပြီဟုဆိုကာ အကာအကွယ်မဲ့ မနေသင့်ကြောင်းလည်း ကျန်းမာရေးပညာရှင်များက သတိပေးထားပါသည်။

ထို့ကြောင့် ကာကွယ်ဆေး ထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည် ဖြစ်စေ ပါးစပ်နှင့် နှာခေါင်းစည်းများတပ်ဆင်ခြင်း၊ လက်ကို စနစ်တကျ ဖြင့် မကြာခဏဆေးကြောခြင်း၊ လူစုလူဝေးရှောင်ကြဉ်ခြင်း၊ လူတစ်ဦး နှင့်တစ်ဦး အနည်းဆုံး ၆ ပေအကွာတွင် နေခြင်း စသည့် ကိုဗစ်ကာကွယ် ရေးဆိုင်ရာ အခြေခံစည်းမျဉ်းများကို လိုက်နာကျင့်ဆောင်ကြရန် လိုအပ် နေပါမည်။

မြန်မာနိုင်ငံ၏ အခြေအနေမှာ ယခုအခါ အကောင်းဘက်သို့ ရောက်လာနေသည်ကိုသတိပြုမိပါသည်။ စမ်းသပ်သူနှင့် ပိုးတွေ့ရှိ သည့်သူ ရာခိုင်နှုန်းအချိုးမှာ ၃ ရာခိုင်နှုန်း အောက်သို့ ကျဆင်းလာနေခြင်း က အများပြည်သူတို့၏ စီးပွားရေးဆိုင်ရာများ၊ နေ့စဉ်ပြုနေကျ လုပ်ငန်း များ၊ အခြားသော လူမှုရေး ကျန်းမာရေး လုပ်ဆောင်စရာရှိသည်တို့ကို လုပ်ကိုင်နိုင်ရန် ပိုမိုလွယ်ကူလာသည့် အခွင့်အလမ်းကောင်းများ တဖြည်းဖြည်းရရှိလာနေပြီဟု မြင်ပါသည်။

တွေ့ရှိနှုန်းကျဆင်းလာသည့်အတွက် စိတ်အတန်ငယ် သက်သာရာ ရကြမည်ဖြစ်သော်လည်း သတိဖြင့်နေထိုင်မှုကို လျှော့ချရန် မဖြစ်နိုင်ဘူး ဆိုသည်ကို အထူးအလေးထားရန် လိုပါသည်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်၏ ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်သည့် ခြိမ်းခြောက်မှုက ကမ္ဘာတစ်ခွင် ရှိနေဆဲပဲဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါ သည် နိုင်ငံအသီးသီးတွင် ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်း အနေဖြင့် ကမ္ဘာလှည့်နေဆဲဖြစ်သည်။ ကမ္ဘာအနှံ့တွင် ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၉၅ သန်းကျော်သွားပြီ။ ကိုဗစ်ကြောင့် သေဆုံးသူမှာလည်း ၂ သန်းကျော်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း နိုင်ငံအချို့တွင် ကိုဗစ် ရောဂါကာကွယ်ဆေးကို စတင်အသုံးပြု ထိုးနှံနေကြပြီဖြစ်သည့်အတွက် မကြာမီတွင် သက်သာလာတော့မည်ဟု ယုံကြည်ပါသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနှုန်းကျဆင်းလာသည်မှာ မှန်သော်လည်း ကမ္ဘာတစ်လွှားတွင် ဖြစ်ပွားနေမှုက များပြားနေဆဲဖြစ်သည့်အတွက် ပြည်သူအပေါင်းတို့သည် ကိုဗစ်ကာကွယ်ရေး အခြေခံစည်းမျဉ်းများ ကို ဆက်လက်လိုက်နာကြကာ တောင့်ထားကြရန် နှိုးဆော်အပ်ပါ သတည်း။ ။