ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပ‌ဒေ(၂၀၁၉) အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခြင်း

Type

ဆောင်းပါး

======

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပ‌ဒေ(၂၀၁၉) အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခြင်း

================================================

 

ဒေါက်တာမိုးမိုးသွယ်

 

(ယမန်နေ့မှအဆက်)

အမှတ်တံဆိပ်များ ခွင့်ပြုခြင်း

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ မူပိုင်ခွင့် လျှောက်ထားလာသော အမှတ်တံဆိပ်များကို ဥပဒေပါ ပြဋ္ဌာန်းဖော်ပြချက်(၁၃)နှင့်အညီ စစ်ဆေးမည်ဖြစ်သည်။ ထိုပြဋ္ဌာန်းချက်သည် အမှတ်တံဆိပ်တစ်ခုတွင် ရှိသင့်သည့် အရည်အချင်းသတ်မှတ်ချက်များနှင့် ပြည့်စုံမှုရှိစေရန် အတွက် စစ်ဆေးခြင်းဖြစ်သည်။ အမှတ်တံဆိပ်တစ်ခုကို အသုံးပြုရန်အတွက် ရွေးချယ်ရာတွင် အမှတ်တံဆိပ် အနေဖြင့် သိသာထင်ရှားမှု (Distintive) ရှိရန်လိုအပ် သည်။ သိသာထင်ရှားမှုဆိုသည်မှာ အမှတ်တံဆိပ်နှင့် ၎င်းတံဆိပ်အသုံးပြုမည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများအကြား ကွဲပြားခြားနားမှုရှိရမည် ဖြစ်သည်။ ၎င်း အပြင် အသုံးပြုသည့် အမှတ်တံဆိပ်သည် သုံးစွဲသူများအား ရှင်းလင်းစွာ နားမလည်နိုင်စေခြင်း သို့မဟုတ် အလွယ်တကူမှတ်မိမှု မရှိနိုင်စေခြင်းဖြစ်ခဲ့လျှင် အဆိုပါအမှတ်တံဆိပ်ကို မှတ်ပုံတင်ခွင့်ပြုမည် မဟုတ် ချေ။

ဥပမာအားဖြင့်ဆိုရလျှင် ပန်းသီးရောင်းသည့် လုပ်ငန်း၏ အမှတ်တံဆိပ်ကို “ပန်းသီးဆိုင်” သို့မဟုတ် “ပန်းသီးပုံ”ကို အသုံးပြုလျှင် ထိုအမှတ်တံဆိပ်သည် သိသာထင်ရှားမှုမရှိဟု ယူဆမည် ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် “ပန်းသီးဆိုင်”သည် ပန်းသီးရောင်းသူ တိုင်း အသုံးပြုနိုင်သည့် အများဆိုင်နာမည်တစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ကုန်အမှတ်တံဆိပ်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ၎င်းအသုံးပြုသည့် လုပ်ငန်း အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး ပိုင်ဆိုင်ခွင့် ပေးမည်ဖြစ်သဖြင့် အများနှင့်သက်ဆိုင်သော သို့မဟုတ် အများအသုံးပြုခွင့်ရှိသည့် အမှတ်တံဆိပ်များကို တစ်ဦး တစ်ယောက်တည်းပိုင်အဖြစ် ခွင့်ပြု၍မရချေ။ သို့ရာတွင် “ပန်းသီးပုံတံဆိပ်”ကို အခြားသော ကုန်ပစ္စည်းများ အတွက် အသုံးပြုမည်ဆိုလျှင် သိသာထင်ရှားမှုရှိသည်။ ဥပမာအားဖြင့် “ပန်းသီးပုံ” တံဆိပ်ကို ကွန်ပျူတာ၊ ဖုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများအတွက် အသုံးပြု နိုင်သည်။ သို့ရာတွင် ‌ ရောင်း‌သောပစ္စည်းသည် ကွန်ပျူတာဖြစ်ပါက အသုံးပြု‌သော အမှတ်တံဆိပ်သည် “ကွန်ပျူတာ” မဖြစ်သင့်ချေ။

 

၎င်းအပြင် အမှတ်တံဆိပ်သည် အလွန်ရိုးရှင်းခြင်း၊ ရှုပ်ထွေးခြင်း၊ နားမလည်နိုင်သော အမှတ်အသားများ ဖြစ်ခြင်း၊ အက္ခရာတစ်လုံး သို့မဟုတ် ကိန်းဂဏန်း တစ်လုံးတည်းဖြစ်ခြင်း၊ ရိုးရှင်းသော စကားစုများဖြစ်ခြင်း၊ ထုတ်ကုန်ပုံစံနှင့် မျက်နှာပြင်ဒီဇိုင်းမျှသာဖြစ်ခြင်း၊ ယေဘုယျသုံးသော တံဆိပ်များဖြစ်ခြင်း စသည်တို့ ဖြစ်လျှင်လည်း အမှတ်တံဆိပ်အနေဖြင့် သိသာထင်ရှားမှု မရှိချေ။ သို့ရာတွင် အမှတ်တံဆိပ်တစ်ခုသည် ပင်ကို အားဖြင့် သိသာထင်ရှားမှုမရှိသော်လည်း ကုန်အမှတ် တံဆိပ်တစ်ခုအဖြစ် သုံးစွဲသူများက မှတ်မိသိရှိလာလျှင် ဖြစ်စေ၊ မူရင်းကုန်သွယ်မှုကို ထိရောက်စွာညွှန်ပြနိုင်လျှင် ဖြစ်စေ အမှတ်တံဆိပ်ကို မငြင်းပယ်နိုင်ချေ။ ၎င်းအပြင် အမှတ်အသားတစ်ခုကို ကုန်အမှတ်တံဆိပ်တစ်ခုအဖြစ် တစ်ဆက်တည်းအသုံးပြုမှုကြောင့် ကုန်အမှတ်တံဆိပ် တစ်ခုအဖြစ် သုံးစွဲသူများမှ မှတ်မိသိရှိလာလျှင်လည်း အဆိုပါအမှတ်တံဆိပ်ကို သိသာထင်ရှားမှုရှိသည်ဟု မှတ်ယူရမည်ဖြစ်သည်။

 

၎င်းအပြင် အမှတ်တံဆိပ်တစ်ခုသည် ကုန်ပစ္စည်း၏ အရည်အသွေး၊ အရေအတွက်နှင့် အသုံးဝင်မှု၊ တန်ဖိုး၊ ထုတ်လုပ်ချိန်နှင့် အခြားသောလက္ခဏာများ ပါဝင်သည့် အမှတ်အသားများ သို့မဟုတ် ညွှန်ပြချက်များသာ ပါဝင်လျှင် အဆိုပါအမှတ်တံဆိပ်ကို ငြင်းပယ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအမှတ်တံဆိပ်များသည် အသုံးပြုမည့်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏ သရုပ်ဖော်ပြချက်မျှသာ ဖြစ်သောကြောင့်ဖြစ်သည်။

 

ဥပမာအားဖြင့် သကြားလုံးရောင်းသည့် လုပ်ငန်း၏ အမှတ်တံဆိပ်သည် “ချိုမွှေး” သို့မဟုတ် “SWEET” ဖြစ်၍မရ။ အကြောင်းမှာ သကြားလုံး၏ ချိုမြခြင်းနှင့် ရနံ့မွှေးသော အရည်အသွေးကိုသာ ဖော်ပြသော အမှတ် တံဆိပ်ဖြစ်နေသောကြောင့် ဖြစ်သည်။ သကြားလုံး အမျိုးအစားများ ကွဲပြားမည်ဖြစ်သော်လည်း သကြားလုံး တိုင်းသည် ချိုမွှေးသောဂုဏ်သတ္တိရှိသဖြင့် အဆိုပါ အမှတ်တံဆိပ်မျိုးကို မှတ်ပုံတင်ခွင့်ပြုရန် ငြင်းဆိုနိုင်သည်။ ၎င်းအပြင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှု အမှတ် တံဆိပ်ကို “နံပါတ်တစ်” (*NO-1)၊ “အကောင်းဆုံး” (The Best) စသည့် စကားလုံးများကိုလည်း တစ်ဦးတည်းပိုင် အဖြစ် အသုံးပြုခွင့်မရနိုင်ချေ။ ၎င်းအပြင် အမှတ်တံဆိပ်ပါ အသုံးအနှုန်းများသည် အများပြည်သူ သို့မဟုတ် ကုန်သွယ်မှုနယ်ပယ်ကို ထင်ယောင်ထင်မှား ဖြစ်စေရန် လှည့်ဖြားသည့် အမည်နာမများဖြစ်မည်ဆိုလျှင် ထိုအမှတ် တံဆိပ် မှတ်ပုံတင်ခြင်းကို ငြင်းပယ်နိုင်သည်။ ဥပမာအားဖြင့် “swisstime” အမှတ်တံဆိပ်နာရီ ဒေသ၏အမည်နာမ ဖြစ်သည့် “swiss”ကို အမှတ်တံဆိပ်တွင် ထည့်သွင်း အသုံးပြုထားသော်လည်း ကုန်ပစ္စည်းသည် ယင်းဒေသနှင့် ဆက်နွှယ်မှုမရှိခဲ့လျှင် သုံးစွဲသူကို “SWITZLAND” မှ ပြုလုပ် သောပစ္စည်းဖြစ်သည်ဟု အထင်အမြင်လွဲမှားစေခြင်း ဖြစ်စေနိုင်သည်။

 

ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွင် အသုံးပြုမည့် အမှတ်တံဆိပ်သည် အများပြည်သူ၏ အေးချမ်းတည်ငြိမ်မှု၊ ကိုယ်ကျင့်သိက္ခာ၊ ယုံကြည်ကိုးကွယ်မှုနှင့် နိုင်ငံတော်၏ အမွန်အမြတ်ထားအပ်သော ရိုးရာဓလေ့များကို ထိပါးစေမှု နှင့် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှုမရှိစေရန်လည်း အထူးဂရုပြုရမည်ဖြစ်သည်။ ထိုမျှသာမက အမှတ်တံဆိပ် ကိုဖန်တီးရာတွင် နိုင်ငံတစ်နိုင်ငံ၏ အလံ၊ အထိမ်းအမှတ် အသွင်အပြင်နှင့် အခြားအမှတ်တံဆိပ်သင်္ကေတများ၊ နိုင်ငံ တစ်နိုင်ငံက သတ်မှတ်ထားသည့် အာမခံအမှတ်တံဆိပ်များ နှင့် သင်္ကေတများကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုသင့်ချေ။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ အလံနှင့်အခြားသော အမှတ်တံဆိပ်များ၊ အမည်နှင့် အတိုကောက်အမည်များ စသည်တို့ကို တုပခြင်း၊ တစ်စိတ်တစ်ပိုင်း အသုံးပြုထားခြင်း သို့မဟုတ် အဆိုပါ အမှတ်တံဆိပ်များနှင့် ထင်ယောင် ထင်မှားဖြစ်စေခြင်းစသည့် အချက်များနှင့် ငြိစွန်းလျှင် အဆိုပါ အမှတ်တံဆိပ်ကို မှတ်ပုံတင်ရန် ခွင့်မပြုနိုင်ချေ။ ၎င်းအပြင် နိုင်ငံတော်က အဖွဲ့ဝင်အဖြစ်ဝင်ရောက်ထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ သီးခြား ကာကွယ်ထားသော အမှတ်တံဆိပ်သင်္ကေတများကိုလည်း အသုံးပြုခွင့်မရှိချေ။

 

၎င်းအပြင် အမှတ်တံဆိပ်တစ်ခုတွင် အသုံးပြု ထားသော စကားလုံးများသည် မျက်မှောက်ဝေါဟာရ အနေဖြင့် လူအများသုံးစွဲလာခြင်း သို့မဟုတ် ဓလေ့ထုံးစံ ဖြစ်လာခြင်း သို့မဟုတ် ကုန်သွယ်မှုနယ်ပယ်တွင် လက်တွေ့ အသုံးပြုလာလျှင်လည်း အဆိုပါအမှတ်တံဆိပ်ကို ငြင်းပယ်ရန် ခိုင်လုံသည့် အကြောင်းပြချက်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ အမှတ်တံဆိပ်တစ်ခုကို ခွင့်ပြုနိုင်ရန်အတွက် အထက်တွင် ဖော်ပြခဲ့သော အကြောင်းအရာများနှင့် စပ်လျဉ်းသည့် အမှတ်တံဆိပ်အဖြစ် အသိအမှတ်ပြုနိုင်ရန် အတွက် မရှိမဖြစ် လိုအပ်သောအချက်များကို စစ်ဆေးမည် ဖြစ်သဖြင့် အမှတ်တံဆိပ်ပိုင်ရှင်များအနေဖြင့် သိရှိနားလည် လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။

 

အမှတ်တံဆိပ်များကြေညာခြင်းနှင့်ကန့်ကွက်ခြင်း

မူပိုင်ခွင့်လျှောက်ထားလာသော အမှတ်တံဆိပ်များကို ပြဋ္ဌာန်းချက်(၁၃)ပါ အချက်များနှင့် စစ်ဆေးပြီးနောက် ခွင့်ပြုနိုင်သော အမှတ်တံဆိပ်များကို မူပိုင်ခွင့်ဦးစီးဌာန၏ အင်တာနက်ဝက်ဘ်ဆိုက် (Website) မှတစ်ဆင့် အများ ပြည်သူသိရှိနိုင်စေရန် ကြေညာမည်ဖြစ်သည်။ ထိုသို့ထုတ်ပြန် ကြေညာထားသည့် အမှတ်တံဆိပ်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ကန့်ကွက်လိုခြင်းရှိပါက ကြေညာသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ဆောင်ရွက်နိုင်မည် ဖြစ်သည်။ အဆိုပါ ခွင့်ပြုကာလအတွင်းတွင် မူပိုင်ခွင့် လျှောက်ထားသော အမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ ကန့်ကွက် မှုတစ်စုံတစ်ရာမရှိပါက မူပိုင်ခွင့်မှတ်ပုံတင်ခြင်းကို ခွင့်ပြုမည်ဖြစ်ပြီး အများပြည်သူသိရှိနိုင်စေရန် အင်တာနက် ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ ကန့်ကွက်မှုရှိသော အမှတ်တံဆိပ်များအတွက် လိုအပ်သည့် စစ်ဆေးမှုများကို ဆက်လက်စစ်ဆေး ဆောင်ရွက်မည် ဖြစ်သည်။

 

ထိုသို့စစ်ဆေးရာတွင် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေပြဋ္ဌာန်းချက်(၁၃) ဖြစ်သည့် ငြင်းပယ်ရန် ခိုင်လုံ‌သော အ‌ကြောင်းပြချက်များနှင့် ပြဋ္ဌာန်းချက် (၁၄) တွင် ဖော်ပြ ထားသော ငြင်းပယ်ရန် ဆက်စပ်သောအကြောင်းပြချက် များ (Relative Ground)နှင့် ငြိစွန်းမှုရှိခြင်း၊ မရှိခြင်းကို စစ်ဆေးမည်ဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် မှတ်ပုံတင် မည့် အမှတ်တံဆိပ်သည် အခြားသူတစ်ဦး၏မူပိုင်ခွင့်ကို ထိခိုက်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်းတို့ကို တိုက်ဆိုင် စစ်ဆေးခြင်းဖြစ်ပြီး အခြားသောကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများနှင့် ဆက်စပ်နေမှုနှင့် အခြားသူ တစ်ဦးဦး အပေါ် မမျှတသည့် ဈေးကွက်ယှဉ်ပြိုင်မှုတို့ကို ကိစ္စရပ်၏ အခြေအနေများအပေါ်မူတည်၍ စစ်ဆေးခြင်းဖြစ်သည်။ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့၏ သဘောသဘာဝ၊ သုံးစွဲမှုနည်းလမ်းနှင့် ရည်ရွယ်ချက်၊ ဖြန့်ဖြူးသော ဈေးကွက်၊ စားသုံးသူနှင့် အများပြည်သူများ ဆက်နွှယ်မှုစသည့် အကြောင်းအရာများသည် စစ်ဆေးရာတွင် ထည့်သွင်း စဉ်းစားမည့်အချက်များ ဖြစ်သည်။

 

မှတ်ပုံတင်လျှောက်ထားသော အမှတ်တံဆိပ်သည် မူပိုင်ခွင့်ရပြီးသော အမှတ်တံဆိပ် သို့မဟုတ် ၎င်းထက်စော၍ လျှောက်ထားသောအမှတ်တံဆိပ်နှင့် ထပ်တူ သို့မဟုတ် အလားတူသော အမှတ်တံဆိပ်ဖြစ်သည့်အပြင် ၎င်းအမှတ် တံဆိပ် မှတ်ပုံတင်ထားသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့် ထပ်တူ သို့မဟုတ် အလားတူနေခြင်းကြောင့် သုံးစွဲသူများအား ထင်ယောင်ထင်မှား ဖြစ်စေခြင်း၊ အခြားသူ တစ်ဦး၏ မူပိုင်ခွင့်ရပြီးသော အမှတ်တံဆိပ်ကို ထိပါး ချိုးဖောက်မှုဖြစ်စေနိုင်သော အမှတ်တံဆိပ်ဖြစ်နေခြင်း၊ အမှတ်တံဆိပ်ကို သဘောရိုးဖြင့်မဟုတ်ဘဲ လျှောက်ထား ခြင်း၊ နာမည်ထင်ရှားကျော်ကြားသော အမှတ်တံဆိပ်နှင့် ထပ်တူ သို့မဟုတ် အလားတူဖြစ်နေသည့်အပြင် ၎င်းအမှတ် တံဆိပ်၏ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့်လည်း ထပ်တူ သို့မဟုတ် အလားတူဖြစ်နေသဖြင့် သုံးစွဲသူများအား ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ နာမည်ကျော်ကြား ထင်ရှားသော အမှတ်တံဆိပ်သည် မှတ်ပုံတင်ထားလျှင် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုနှင့်မတူညီသော်လည်း ဆက်နွှယ်မှုရှိနိုင်သည်ဟု ယူဆနိုင်ခြင်းနှင့် ကျော်ကြား အမှတ်တံဆိပ်ပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်း၊ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တရားဝင်အဖွဲ့အစည်းတစ်ခု၏ အမည် သို့မဟုတ် ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် အမှတ်အသားကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုထားခြင်း စသည့် အချက်အလက်တစ်ခုခု သို့မဟုတ် အချက်အလက် များနှင့် ငြိစွန်းကြောင်း စစ်ဆေးတွေ့ရှိရလျှင် ထိုအမှတ် တံဆိပ်ကို မူပိုင်ခွင့်ပေးရန်အတွက် ငြင်းဆိုနိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ အမှတ်တံဆိပ်ပိုင်ရှင်သည် သက်ဆိုင်ရာ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွင် အသုံးပြုမည့် အမှတ်တံဆိပ်သည် အခြားသောအမှတ် တံဆိပ်များနှင့် အမြင်အားဖြင့်လည်းကောင်း၊ ပါဝင်သော အမှတ်အသားများအားဖြင့်လည်းကောင်း၊ အဓိပ္ပာယ် အားဖြင့် လည်းကောင်း၊ အသံထွက်အားဖြင့်လည်းကောင်း စသည်တို့နှင့် တူညီမှုရှိခြင်း၊ မရှိခြင်းကိုသိရှိစေရန်  လေ့လာဆန်းစစ်မှုများကို ကြိုတင်ဆောင်ရွက်သင့်သည်။

 

မူပိုင်ခွင့်သက်တမ်းနှင့်အခွင့်အရေးများ

 

အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားချက်များကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၏ အခန်း(၈) မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့် အခန်း(၉) စစ်ဆေးခြင်း၊ ကန့်ကွက်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း မူပိုင်ခွင့်ဦးစီးဌာန၏ အမှတ်တံဆိပ်ကို တာဝန်ယူစစ်ဆေး သူများ (Trademark Examiners)က စစ်ဆေးပြီးနောက် ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီသော အမှတ်တံဆိပ်များကို မူပိုင်ခွင့်မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်သည်။ လျှောက်ထား သော အမှတ်တံဆိပ်အတွက် အမှတ်တံဆိပ်မူပိုင်ခွင့် အသိအမှတ်ပြုလွှာ(Certificate)ကို မှတ်ပုံတင်အရာရှိက ထုတ်ပေးမည်ဖြစ်ပြီး မှတ်ပုံတင်ရန်ခွင့်ပြုသော အမှတ်တံဆိပ်များကို မူပိုင်ခွင့်ဦးစီးဌာန၏ အင်တာနက် ဝက်ဘ်ဆိုက်တွင်လည်း ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

 

အမှတ်တံဆိပ်မူပိုင်ခွင့်ကို အမှတ်တံဆိပ် လျှောက်ထားသည့်နေ့ရက်မှ စတင်အသိအမှတ်ပြုမည် ဖြစ်ပြီး မှတ်ပုံတင်ထားသော အမှတ်တံဆိပ်ကို မှတ်ပုံ တင်ရာတွင် ဖော်ပြထားသော ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ မူပိုင်ခွင့်သက်တမ်းကို ၁၀ နှစ်လျှင်တစ်ကြိမ် သက်တမ်း တိုးရန်လိုအပ်ပြီး မှတ်ပုံတင်ထားသော အမှတ်တံဆိပ် ကို အသုံးပြုသော ကာလတစ်လျှောက်လုံး ရရှိမည် ဖြစ်သည်။ မူပိုင်ခွင့်သက်တမ်းတိုးခြင်းမရှိသော အမှတ် တံဆိပ်များအတွက် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဆက်လက်ရရှိတော့မည် မဟုတ်ချေ။ သို့ဖြစ်၍ မှတ်ပုံတင် ထားသည့် အမှတ်တံဆိပ်ကို အသုံးပြုခွင့်ရထားသည့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် လက်တွေ့ အသုံးပြုရန်နှင့် အမှတ်တံဆိပ်မူပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် မူပိုင်ခွင့်သက်တမ်းတိုးခြင်းကို သက်တမ်းတိုးရန်လိုအပ်သည့် အချိန်တွင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။ မှတ်ပုံတင်ခွင့်ရရှိထားသော အမှတ်တံဆိပ်အသစ်များအတွက် မူပိုင်ခွင့်ရသည့်နေ့မှ သုံးနှစ်အတွင်း အသုံးမပြုပါက အဆိုပါ အမှတ်တံဆိပ်၏ မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဆက်လက်ရရှိ‌တော့ မည်မဟုတ်‌ချေ။

 

အမှတ်တံဆိပ်မှတ်ပုံတင်ခွင့်ရရှိသော အမှတ် တံဆိပ်ပိုင်ရှင်သည် မူပိုင်ခွင့်တင်ထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် မှတ်ပုံတင်အမှတ်တံဆိပ် ကို အသုံးပြုနိုင်သည်။ သီးသန့်အခွင့်အရေးများအဖြစ် အခြားသူတစ်ဦးက မှတ်ပုံတင်အမှတ်တံဆိပ်နှင့် ထပ်တူ သို့အဟုတ် အလားတူသော အမှတ်တံဆိပ်ကို ထပ်တူ သို့မဟုတ် အလားတူသောကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတွင် အသုံးပြုမှုများကြောင့် အများပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေခြင်း၊ အခြားသူတစ်ဦးက မူပိုင်ခွင့်ပိုင်ရှင်၏ မှတ်ပုံတင်အမှတ်တံဆိပ်ကို ခွင့်ပြုချက် မရှိဘဲအသုံးပြုခဲ့လျှင် သို့မဟုတ် အမှတ်တံဆိပ်ပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေလျှင် တရားမကြောင်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ၊ နှစ်ရပ်လုံးဖြင့်ဖြစ်စေ တရားစွဲဆိုနိုင်သည်။ မှတ်ပုံတင်ထားသည့် ထင်ရှား ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်များအနေဖြင့် သီးသန့်အခွင့်အရေးအဖြစ် ထပ်တူ သို့မဟုတ် အလားတူ သော အမှတ်တံဆိပ်ကို မတူညီသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအတွက် ၎င်း၏ သဘောတူညီချက် မပါဘဲ အသုံးပြုခြင်းကို တားမြစ်နိုင်ခွင့်ရှိသည်။ အဆိုပါ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုသည် ကျော်ကြားသော အမှတ်တံဆိပ်ပိုင်ရှင်နှင့် ဆက်နွှယ်မှုရှိသည်ဟု ယူဆ နိုင်ခြင်း၊ အမှတ်တံဆိပ်ပိုင်ရှင်၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်းစသည့် အခြေအနေတစ်ရပ်ရပ်နှင့် ငြိစွန်းမှသာလျှင် တားမြစ်ခွင့်ရှိမည်ဖြစ်သည်။

 

၎င်းအပြင် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို မူပိုင်ခွင့်ပိုင်ရှင်က အခြားသူတစ်ဦးဦးသို့ လွှဲပြောင်းခွင့် ရှိခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း တို့အပြင် ဈေးကွက်အတွင်းသို့ တင်သွင်းပြီးသည့် ကုန်ပစ္စည်းများ၏ အခြေအနေပြောင်းလဲခြင်း သို့မဟုတ် ပျက်စီးယိုယွင်းခြင်းဖြစ်လျှင် ယင်းကုန်ပစ္စည်းများအား ဆက်လက်ရောင်းချခြင်းကို တည်ဆဲဥပဒေနှင့်အညီ တားမြစ်ပိတ်ပင်ခြင်းစသည့် အခွင့်အရေးများကိုလည်း ရရှိမည်ဖြစ်သည်။ ထိုသို့ မူပိုင်ခွင့်ပိုင်ရှင်က အခြားသူ တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုသို့ မူပိုင်ခွင့်ဆိုင်ရာအခွင့်အရေးများ လွှဲပြောင်းခြင်းနှင့် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်းတို့ကို မှတ်တမ်းတင်ပေးရန် မှတ်ပုံတင် အရာရှိထံ လျှောက်ထားနိုင်သည်။ ထိုသို့ လျှောက်ထား လျှင် မှတ်ပုံတင်အရာရှိသည် အဆိုပါ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း သို့မဟုတ် ခွင့်ပြုချက်ဖြင့် လုပ်ကိုင် ခွင့်ပေးခြင်းတို့ကို မှတ်တမ်းတင်၍ အများပြည်သူသိရှိစေရန် သတ်မှတ်သည့်နည်းလမ်းနှင့်အညီ ထုတ်ပြန်ကြေညာမည် ဖြစ်သည်။

 

သို့ရာတွင် အမှတ်တံဆိပ်မူပိုင်ခွင့်ပိုင်ရှင်သည် အခြားသူတစ်ဦးက စက်မှုလက်မှုလုပ်ငန်း သို့မဟုတ် ကုန်သွယ်မှုလုပ်ငန်းများအတွက် ပိုင်ရှင်၏အမည်နှင့် နေရပ်လိပ်စာ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများ၏ အမျိုးအစား၊ ဆက်စပ်သောအကြောင်းအရာ၊ အရည်အသွေး၊ အရေအတွက်၊ အသုံးဝင်မှု၊ တန်ဖိုးစသည်တို့ကို ဖော်ပြသည့် ညွှန်ပြကိန်းများ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုရန် ရည်ရွယ်သည့်ဖော်ပြချက်၊ တွဲဖက်သုံးပစ္စည်း များ သို့မဟုတ် အပိုပစ္စည်းများ၏ အသုံးပြုရန် ရည်ရွယ် သည့် ဖော်ပြချက်စသည်တို့နှင့်စပ်လျဉ်း၍ သဘောရိုးဖြင့် အသုံးပြုဆောင်ရွက်ခြင်းကိုမူ တားမြစ်ပိတ်ပင်ခွင့်မရှိချေ။ ၎င်းအပြင် အမှတ်တံဆိပ်ပိုင်ရှင်ကိုယ်တိုင် သို့မဟုတ် ၎င်း၏ ခွင့်ပြုချက်ရသူက ပေးပို့ထားခြင်းကြောင့် ဈေးကွက် အတွင်းသို့ ရောက်ရှိနေသော ကုန်ပစ္စည်းများ၌ မှတ်ပုံတင် အမှတ်တံဆိပ် အသုံးပြုခြင်းကိုလည်း ဟန့်တားခွင့့်မရှိ‌ချေ။

 

အမှတ်တံဆိပ်များအား ကြိုတင်လက်ခံခြင်း

 

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင် ပြီးနောက် မူပိုင်ခွင့်ဦးစီးဌာနမှ မှတ်ပုံတင်လျှောက်လွှာများ စတင်လက်ခံသည့်နေ့တွင် နိုင်ငံ‌တော်၏‌ ဈေးကွက်တွင် အသုံးပြုလျက်ရှိ‌သော အမှတ်တံဆိပ်အဟောင်းများနှင့် အမှတ်တံဆိပ်အသစ်များ၏ မူပိုင်ခွင့်လျှောက်ထားခြင်း များကို တစ်ပြိုင်နက် လက်ခံဆောင်ရွက်မည်ဖြစ်သည်။ ဦးစွာလျှောက်ထားသည့် အမှတ်တံဆိပ်များကို ဦးစား ပေးသည့်စနစ်ဖြစ်သည့်အတွက် ‌လျှောက်လွှာလက်ခံသည့် ပထမ‌နေ့တွင် လျှောက်လွှာအရေအတွက် ‌မြောက်မြားစွာကို လက်ခံရရှိမည်ဖြစ်သည်။ ၎င်းတို့တွင် အမှတ်တံဆိပ်ဟောင်း များ၏ အရေအတွက်သည် အမှတ်တံဆိပ်အသစ်များထက် အဆပေါင်းများစွာ ပိုနိုင်သည်။ သို့ဖြစ်၍ ဦးစီးဌာန၏ လျှောက်လွှာလက်ခံသည့် မှတ်ပုံတင်ဌာန (Reception) အနေဖြင့် များပြားလှသော အမှတ်တံဆိပ်လျှောက်လွှာများ ကို တစ်နေ့တည်းတွင် လက်ခံ‌ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းအင်အားမလုံလောက်မှု၊ အလုပ်ချိန် မလုံ‌လောက်မှု၊ အွန်လိုင်းဖြင့်မှတ်ပုံတင်ခြင်းကို လူများစွာက တစ်ပြိုက်နက် အသုံးပြုလျှင် ဆာဗာ၏ခံနိုင်ရည် အတိုင်းအတာထက် ဝန်ပိုခြင်းကြောင့် ပြတ်တောက်မှု (Sever BreakDown)စသည့် အခက်အခဲများစွာ ကြုံ‌‌တွေ့နိုင်သည်။ သို့ဖြစ်၍ များလှစွာသောအမှတ်တံဆိပ်ဟောင်းများကို ဥပဒေအာဏာ မသက်ဝင်မီ ကြိုတင်လက်ခံခြင်းကို ဆောင်ရွက်နိုင်မည် ဆိုလျှင် ကြုံတွေ့နိုင်မည့် အခက်အခဲများကို လျော့နည်း စေမည်ဖြစ်သည်။ ထိုသို့ ကြိုတင်လျှောက်ထားရာတွင် အွန်လိုင်းစနစ် (WIPO File) ဖြင့် လျှောက်လွှာတင်သည့် အိုင်တီစနစ်ကို အသုံးပြုမည်ဖြစ်သည်။ WIPO File ကို မူပိုင်ခွင့်ဦးစီးဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်ဖြစ်သည့် www. ipd.gov.mm တွင် ချိတ်ဆက်ထားမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာတင်သွင်းခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။

 

WIPO File ကို အသုံးပြုနိုင်ရန်အတွက် ၎င်းစနစ်ကို ဝင်ရောက်အသုံးပြုနိုင်မည့် အသုံးပြုသူ၏ WIPO File User မှတ်ပုံတင်မှုတစ်ရပ် လိုအပ်သည်။ မှတ်ပုံတင်ပြီးပါက အသုံးပြုသူ၏အမည်နှင့် စကားဝှက်ကို သတ်မှတ်ရမည် ဖြစ်သည်။ အသုံးပြုသူသည် မည်သည့်နေရာတွင်ရှိသည် ဖြစ်စေ WIPO File ကို အဆိုပါ အသုံးပြုသူ၏အမည်နှင့် စကားဝှက်ကို အသုံးပြု၍ မူပိုင်ခွင့်ဦးစီးဌာန၏ Website မှတစ်ဆင့် WIPO File သို့ဝင်ရောက်နိုင်သည်။ သို့ဖြစ်၍ ယင်းစနစ်သည် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းများကို ဝန်ဆောင်မှု ပေးသောလုပ်ငန်းများ၊ ဥပဒေအကျိုးဆောင်များ၊ ကုမ္ပဏီ များနှင့် အမှတ်တံဆိပ်များစွာ ပိုင်ဆိုင်သော လုပ်ငန်းရှင်များ အတွက် မှတ်ပုံတင်လျှောက်ထားခြင်းကို လွယ်ကူစွာ ‌ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်းသော လုပ်ငန်းများကို အမှတ် တံဆိပ်ပိုင်ရှင်၏ကိုယ်စား တာဝန်ယူဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေသူများသည် မူပိုင်ခွင့် လျှောက်လွှာအရေအတွက်များစွာ တင်သွင်းနိုင်သည့် သို့မဟုတ် အနာဂတ်တွင် ထိုသို့လုပ်ဆောင်နိုင်ရန် အလားအလာရှိသည့် လုပ်ငန်းများဖြစ်သည်။ လုပ်ငန်းရှင် များအ‌နေဖြင့် အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းကို ကိုယ်တိုင်ဆောင်ရွက်လိုလျှင် မူပိုင်ခွင့်မှတ်ပုံတင်ဌာန တည်ရှိရာနေရာများသို့လည်း သွားရောက်မှတ်ပုံတင် နိုင်မည်ဖြစ်သည်။ ထိုသို့‌ဆောင်ရွက်ရာတွင် ကိုယ်စား လှယ်လွှဲအပ်၍လည်း ဆောင်ရွက်နိုင်သည်။ ထိုကဲ့သို့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေအာဏာ မသက်ရောက်မီ အမှတ်တံဆိပ်များ ကြိုတင်လက်ခံခြင်းကို ‌ဆောင်ရွက် နိုင်ရန်အတွက် မူပိုင်ခွင့်ဥပ‌ဒေများကို အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်မည့် တာဝန်ခံဝန်ကြီးဌာန ဖြစ်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်‌နေ့တွင် အမိန့်အမှတ် ၆၃/ ၂၀၂၀ ကို‌ ထုတ်ပြန်၍‌ အမှတ်တံဆိပ် လျှောက်ထားခြင်းများကို အွန်လိုင်းစနစ်ဖြင့် ‌ အောက်တိုဘာလ ၁ ရက်‌နေ့မှစတင်၍ ကြိုတင်လက်ခံ နိုင်ခဲ့သည်။ အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို မှန်ကန် ပြည့်စုံစွာ ‌ဆောင်ရွက်နိုင်‌ရေးအတွက် အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာ‌ပေးခြင်းများကို Virtual စနစ်ဖြင့်‌ ၁၆ ကြိမ်ခန့် ဆောင်ရွက်‌ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါ အသိပညာ‌ပေးခြင်းများကို IP Myanmar Facebook တွင် live လွှင့်၍လည်း‌ကောင်း၊ အင်တာနက်ဝက်ဘ်ဆိုက်တွင်လည်း‌ကောင်း အများ ပြည်သူ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ထုတ်လွှင့် ခဲ့သည်။ အမှတ်တံဆိပ် မှတ်ပုံတင်ခွင့်ပြုရန်အတွက် လျှောက်ထားလွှာများကို ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပ‌ဒေအာဏာ သက်‌ရောက်ပြီးမှသာလျှင် စစ်‌ဆေး ‌ဆောင်ရွက်ခြင်းများကို အထက်တွင်‌ဖော်ပြခဲ့သည့် ဥပ‌ဒေပါပြဋ္ဌာန်းချက်များအတိုင်း စစ်‌ဆေး‌ဆောင်ရွက် သွားမည် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းကာလတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပ‌ဒေအပါအဝင် မူပိုင်ခွင့် ဥပ‌ဒေများ အာဏာသက်ဝင်‌ရေးအတွက်ကိုလည်း စီးပွားရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေးဝန်ကြီးဌာန အ‌နေဖြင့် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံအတွင်းတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွား‌ရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြသော ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များ အားလုံးတို့အတွက် တန်းတူညီမျှမှု ရှိ‌သော မူပိုင်ခွင့်ဆိုင်ရာအခွင့်အ‌ရေးများ ရရှိနိုင်‌ရေး၊ မူပိုင်ခွင့်ချိုး‌ဖောက်မှုများကို အကာအကွယ်ရယူခြင်းဖြင့် မျှတ‌သော ဈေးကွက်ယှဉ်ပြိုင်မှု ရှိ‌စေ‌ရေးနှင့် အရည်အ‌သွေးမြင့်မား‌သော ထုတ်ကုန်ပစ္စည်းများနှင့် ဝန်‌ဆောင်မှုလုပ်ငန်းများအဖြစ် ရပ်တည်နိုင်စေ‌‌ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်စေရေးတို့အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့‌သော ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပ‌ဒေအရ မူပိုင်ခွင့်မှတ်ပုံတင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။