၁။ နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်စည်းကြပ်ထိုက်သော ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေ ရှိသူများအနေဖြင့် သုံးလတစ်ကြိမ် ကြေညာလွှာကို သက်ဆိုင်ရာ သုံးလပတ် ကုန်ဆုံးပြီး တစ်လအတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီး ဌာနမှူးထံ တင်သွင်းရန်လိုအပ်ပါသည်။ အခွန်ကျသင့်သော အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူ သည် အထူးကုန်စည်ကို ထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပတင်ပို့ခြင်းအတွက် သုံးလပတ် ကြေညာလွှာကို သက်ဆိုင်ရာ သုံးလပတ်ကုန်ဆုံးပြီး ၁၀ ရက်အတွင်း သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးထံ တင်သွင်းရန် လိုအပ် ပါသည်။
၂။ အခွန်ကြေညာလွှာကို သတ်မှတ်ရက်အတွင်း တင်သွင်းနိုင်ခြင်း မရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ ပုဒ်မ ၂၄ အရ အခွန် ကြေညာလွှာ တင်သွင်းရမည့် သတ်မှတ်ရက်ကို တိုးမြှင့်ပေးရန် သက်ဆိုင်ရာအခွန်ရုံးသို့ လျှောက်ထားနိုင်ပါသည်။
၃။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ကြေညာလွှာတင်သွင်းသည့် လုပ်ငန်းစဉ်များတွင် လွယ်ကူ လျင်မြန်စေရန်ရည်ရွယ်၍ အီလက်ထရောနစ်နည်းဖြင့် အခွန် ကြေညာလွှာတင်သွင်းခြင်းစနစ် (E-Filing Management System) ကိုအသုံးပြု၍ တင်သွင်းနိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။
၄။ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number – TIN) ရရှိပြီးဖြစ်သော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) တို့၏ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် သက်ဆိုင်ရာအခွန်ရုံးများသို့ သုံးလပတ် အထူးကုန်စည်ခွန် ကြေညာလွှာ၊ သုံးလတစ်ကြိမ် ကုန်သွယ်လုပ်ငန်းခွန်ကြေညာ လွှာ၊ အခြေပစ္စည်းမှ မြတ်စွန်းငွေ ကြေညာလွှာ၊ နှစ်ချုပ်ကုန် သွယ်လုပ်ငန်းခွန်ကြေညာလွှာနှင့် ဝင်ငွေခွန်ကြေညာလွှာများကို အီလက်ထရောနစ်နည်းဖြင့် ကြေညာလွှာတင်သွင်းခြင်းစနစ်ကို အသုံးပြု၍ တင်သွင်းနိုင်ပါသည်။
၅။ အီလက်ထရောနစ်နည်းဖြင့် ကြေညာလွှာတင်သွင်းမည်ဆိုပါက ပထမဦးစွာ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် (www.ird.gov.mm) ၏ E-Filing Service Login Here မှ တစ်ဆင့် Link ဝင်ရောက်ပြီး စနစ်အသုံးပြုခွင့်အတွက် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။ အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းခြင်း ဆောင်ရွက်ပုံအဆင့်ဆင့် ဗွီဒီယိုဖိုင် (User Guide Video Files) များကို ပြည်တွင်း အခွန်များဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.ird.gov.mm > Media Menu (https://www.ird.gov.mm/my/content/video) တွင် လေ့လာနိုင်ပါသည်။
၆။ ကြေညာလွှာကို အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းဖြစ်ပါက ဌာနက အီလက်ထရောနစ်နည်းဖြင့် လက်ခံရရှိသည့်နေ့အား တင်သွင်းသည့်နေ့ဟု မှတ်ယူမည်ဖြစ်ပြီး၊ ယင်းပေးပို့သည့် နေ့သည် အများပြည်သူရုံးပိတ်ရက်တွင် ကျရောက်ပါက ယင်းနေ့နှင့် နောက်တစ်ဆက်တည်းဖြစ်သော အများပြည်သူ ရုံးဖွင့်ရက်တွင် လက်ခံရရှိသည်ဟု သတ်မှတ်မည်ဖြစ်ပါသည်။
၇။ အခွန်ကြေညာလွှာများကို စနစ်အသုံးပြု၍ တင်သွင်းရာတွင် ဖြည့်သွင်းသော အချက်အလက်များ၏ မှန်ကန်တိကျမှုနှင့် ပြည့်စုံမှုအတွက် အခွန်ထမ်း၏လက်မှတ် မှတ်တမ်း (မူရင်း) ကို ညွှန်ကြားချက်များနှင့်အညီ ဆိုင်ရာအခွန်ရုံးများသို့ စာတိုက်မှတစ်ဆင့် (သို့မဟုတ်) သင့်လျော်ရာနည်းဖြင့် ပေးပို့ ထားရမည်ဖြစ်ပါသည်။
၈။ အခွန်ထမ်းများအနေဖြင့် အီလက်ထရောနစ်နည်းဖြင့် အခွန်ကြေညာလွှာတင်သွင်းခြင်း (E-Filing) စနစ်ကိုအသုံးပြု၍ တင်သွင်းခြင်းအားဖြင့် သက်ဆိုင်ရာ အခွန်ရုံးများသို့ လူကိုယ်တိုင်သွားရောက်ရန် မလိုအပ်ဘဲ အချိန်နေရာမရွေး တင်သွင်းနိုင်သည့်အတွက် အချိန်နှင့်ကုန်ကျစရိတ် သက်သာ နိုင်ခြင်း၊ အခွန်ရုံးများနှင့် တိုက်ရိုက်ထိတွေ့မှုကို လျှော့ချနိုင်ခြင်း၊ ဆောင်ရွက်လိုသည့်လုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက် နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
၉။ သို့ဖြစ်ပါ၍ အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number – TIN) ရရှိပြီးဖြစ်သော အခွန်ထမ်း ကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄) နှင့် (၅) တို့၏ အခွန်ထမ်း ကုမ္ပဏီများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် နောက်ဆုံးထား တင်သွင်းရန်လိုအပ်သည့် ကုန်သွယ်လုပ်ငန်းခွန် သုံးလတစ်ကြိမ် ကြေညာလွှာနှင့် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် နောက်ဆုံးထားတင်သွင်းရန် လိုအပ်သည့် အထူးကုန်စည်ခွန် သုံးလပတ်ကြေညာလွှာများကို အီလက် ထရောနစ်နည်းဖြင့် တင်သွင်းပေးကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
၁၀။ အခွန်ထမ်းများအနေဖြင့် သိရှိလိုသည်များရှိပါက ပြန်ကြားရေး အဖွဲ့ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၃၃၊ ၀၆၇-၃၄၃၀၅၂၂၊ သက်ဆိုင်ရာအခွန်ရုံးများ၏ အခွန်ထမ်းရေးရာဌာနစုနှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Service Section) ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ပြည်တွင်းအခွန်များဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန