ကုန်သွယ်တစ်ခေတ်အီလက်ထရွန်နစ်စနစ်ဖြင့်တိုးတက်စေမည့် Myanmar Tradenet 2.0

Type
၁

ဆောင်းပါး

=======

 

ကုန်သွယ်တစ်ခေတ်အီလက်ထရွန်နစ်စနစ်ဖြင့်တိုးတက်စေမည့် Myanmar Tradenet 2.0

=====================================================

 

မျိုးခိုင်ဝင်း

( စီးပွား/ကူးသန်း)

 

(၂၁) ရာစုတွင် ဒစ်ဂျစ်တယ်စီးပွားရေးလှိုင်းဖွံ့ဖြိုးလာမှု အရ အဆိုပါလှိုင်းကို ကောင်းမွန်စွာ အသုံးချနိုင်သည့်နိုင်ငံ များအနေဖြင့် ကဏ္ဍစုံတွင် အလျင်အမြန်တိုးတက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သမိုင်းအထောက်အထားများ အရ အထင်အရှားတွေ့မြင်ရမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအနေဖြင့်လည်း Digital Economy ကို ပိုမိုအားကောင်းအောင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော် အဆင့် Digital Economy Development Committee (DEDC) ကို ၂၀၁၇ ခုနှစ်တွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူအား နာယကအဖြစ် ဦးစီးဖွဲ့စည်းခဲ့ပြီး DEDC Road Map ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ Digital Economies ကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်စေရန်အတွက် Digital Tramformation၊ Digital Government၊ Digital Trade၊ Digital Society စသည့် ကဏ္ဍလေးခုအပေါ် အခြေခံဆောင်ရွက်လျက်ရှိပြီး Digital Trade ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင် ပြီး ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။

 

၂၀၀၄ ခုနှစ်မှစတင်ခဲ့သည့် ပို့ကုန်သွင်းကုန်

လိုင်စင်စနစ်

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ပြောင်းလဲတိုးတက်လာသည့် အီလက်ထရွန်နစ် ကုန်သွယ်မှုစနစ်ရေစီးကြောင်းကို ၂၀၀၄ ခုနှစ်မှ စတင် ပြောင်းလဲနိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်မတိုင်မီက ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုအတွက် ဌာနသို့ လုပ်ငန်းရှင် ကိုယ်စားလှယ်များကိုယ်တိုင် အထောက်အထား စာရွက် စာတမ်းများ တင်ပြခြင်း၊ လျှောက်ထားသည့်ကုန်ပစ္စည်း အချက်အလက်များကို ဝန်ထမ်းများက လက်ရေးဖြင့် ဖြည့်သွင်းရေးသားပြီး လိုင်စင်စာရွက်များကို လုပ်ငန်းရှင် ထံသို့ ထုတ်ပေးခြင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ရပါသည်။ ၂၀၀၄ ခုနှစ်မှစတင်ပြီး ပို့ကုန်သွင်းကုန်လိုင်စင်စနစ် (Import Export Licence & Permit System - IELPS) ကို စတင်ဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် Myanmar Tradenet Website (www.myanmar tradenet.com) ကိုအသုံးပြု၍ G2B အွန်လိုင်းစနစ်ကို အစိုးရဝန်ကြီးဌာန များနှင့် လုပ်ငန်းရှင်များအကြား စတင်မိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။ လုပ်ငန်းရှင်များ လျှောက်ထားလာ သည့် ပို့ကုန်သွင်းကုန် လိုင်စင်ပါမစ်များကို အွန်လိုင်းမှ လျှောက်ထားခြင်း၊ လျှောက်ထားလာသည့် လိုင်စင် အချက်အလက်များကို ဌာနဝန်ထမ်းများက ကွန်ပျူတာ စနစ်ပေါ်တွင် စစ်ဆေးခြင်း၊ သက်ဆိုင်ရာကုန်သွယ်မှု လုပ်ငန်းများ စိစစ်ရေးအဖွဲ့များဖြစ်သည့် EICC၊ EISC နှင့် ကုန်သွယ်မှု မူဝါဒကောင်စီ (TC) အစည်းအဝေးများသို့ အဆင့်ဆင့်တင်ပြခြင်း၊ လိုင်စင်ထုတ်ပေးခြင်း လုပ်ငန်းစဉ် များကို စနစ်အသုံးပြုဆောင်ရွက်နိုင်ခဲ့ပါသည်။

 

အဆိုပါအချိန်ကာလက ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် ပူးတွဲတင်ပြရသည့် အချက်အလက် များ၊ ဆက်စပ်ဌာနများ၏ထောက်ခံချက်များ၊ ဘဏ် အချက်အလက်များအပါအဝင် ဆက်စပ်စာရွက်စာတမ်း Document များကို အွန်လိုင်းမှတစ်ဆင့် ပူးတွဲတင်ပြရာတွင် မှန်ကန်မှု ရှိ/ မရှိ စစ်ဆေးရန် အခက်အခဲရှိခြင်း၊ အင်တာနက် အသုံးချနိုင်မှုနည်းပါးခြင်းတို့ကြောင့် လုပ်ငန်းရှင် ကိုယ်စားလှယ်ကိုယ်တိုင် မူရင်းအချက်အလက်များဖြင့် လာရောက်တင်ပြရပြီး တစ်ပါတည်းလိုင်စင်ပါမစ်ကိုပါ စနစ်မှပြန်လည်ထုတ်ပေးသည့်စနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

 

E-Payment စနစ်စတင်အသုံးပြုခြင်း

 

၂၀၀၇ ခုနှစ်မှစတင်ပြီး ကုန်သွယ်မှုလုပ်ငန်းစဉ်များ အတွက် ကျသင့်သည့်ငွေကြေးပေးချေမှုများကို မြန်မာနိုင်ငံ သားများဘဏ်(MCB) နှင့်ချိတ်ဆက်ပြီး E-Payment စနစ် ဖြင့် စတင်ပေးချေနိုင်အောင် ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ နှစ်အလိုက်အဆင့်မြှင့်တင်မှုများကို ဆောင်ရွက်၍ ၂၀၁၇ ခုနှစ်တွင် ငွေကြေးပေးချေမှုများအတွက် Myanmar Payment Union (MPU) နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး (MPU e-Commerce pay)ဖြင့် ပေးချေနိုင်သည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်ရာ ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် ပေးသွင်းရမည့် ငွေကြေးအားလုံးအား E-Payment စနစ် ဖြင့် ပေးသွင်းနိုင်ခဲ့ပါသည်။

 

Fully Online စနစ် စတင်ခြင်း

 

စနစ်အား နှစ်အလိုက် အဆင့်မြှင့်တင်မှုများ ဆောင်ရွက် ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ရုံးဌာနကို လာရောက်ရန်မလိုသည့် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားထုတ်ပေးနိုင်သော Fully Online စနစ်ကို CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များ အပါအဝင် ကုန်ပစ္စည်း HS line ၁၂၄ လိုင်းနှင့်အတူ စတင် ထုတ်ပေးဆောင်ရွက်နိုင်ခဲ့ပါသည်။

 

ကိုဗစ် - ၁၉ ကာလအတွင်း ပို့ကုန်သွင်းကုန်လိုင်စင် ထုတ်ပေးဆောင်ရွက်ခဲ့မှု

လက်ရှိ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုများဖြစ်ပေါ်ခဲ့သည့်အချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ချမှတ်ထားသည့် Social Distancing အရ လူအချင်းချင်း ထိတွေ့မှုကို လျှော့ချနိုင်ရေး ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ပြီး ရုံးဌာနသို့လာရောက်ရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လျှောက်ထားထုတ်ပေးနိုင်သည့် Fully Online စနစ်နှင့် ပို့ကုန်သွင်းကုန်လိုင်စင်များ ထုတ်ပေးခဲ့ပါသည်။ ကိုဗစ် - ၁၉ ကာလအတွင်း CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များအပြင် လျှောက်ထားမှု အရေအတွက် အများဆုံးဖြစ်ပြီး ပြည်သူလူထုအတွက် လိုအပ်မည့်ပစ္စည်းများ သွင်းကုန်ပစ္စည်းများဖြစ်သည့် ဆေးနှင့်ဆေးပစ္စည်းများ၊ ဆေးရုံသုံးစက်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ စားအုန်းဆီ နှင့် ဆီထွက်ကုန်ပစ္စည်းများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ စွမ်းအင်သုံးပစ္စည်းများ၊ ချောဆီ၊ ဆိုင်ကယ်၊ စက်ဘီးများနှင့် ပို့ကုန်အတွက် စိုက်ပျိုး ရေးထွက်ကုန်ပစ္စည်းများ၊ ခဲသတ္တု၊ သကြား၊ သဘာဝ ဓာတ်ငွေ့များအပါအဝင် အခြားကုန်ပစ္စည်းများ စုစုပေါင်း ပို့ကုန် HS line - ၈၈ လိုင်းနှင့် သွင်းကုန် HS Line - ၂၀၆၄ လိုင်းကို ထုတ်ပေးဆောင်ရွက်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ် ဧပြီလမှအောက်တိုဘာလအထိ ပို့ကုန်သွင်းကုန်စောင်ရေ ၂၈၁၉၇ စောင်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၉ ဒသမ ၇၃ ဘီလီယံအား ထုတ်ပေးဆောင်ရွက် နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးမှု၏ ၇၀ ရာခိုင်နှုန်းအား ထုတ်ပေးဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုကဲ့သို့ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး ဆောင်ရွက် ပေးနိုင်ခဲ့သည့်အတွက် ကိုဗစ်ကပ်ရောဂါနှင့်အတူ စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆၆ ဘီလီယံအထိ ဆောင်ရွက်နိုင်ခဲ့ပြီး ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၅၈၂ သန်း၊ သွင်းကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၉၃၅ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။

 

Myanmar Tradenet 2.0 စနစ် စတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု

 

ယခုလိုဆောင်ရွက်ခဲ့ရာတွင် လက်ရှိစနစ်အနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်အသုံးပြုခဲ့ပြီး ပေါ်လစီပြောင်းလဲမှု များနှင့်အတူ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေ သည့်မူဝါဒ၊ နည်းပညာအဆင့်မြှင့်တင်နိုင်ရန်နှင့် ဆက်စပ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်အသုံးပြုနိုင်ရေးအတွက် ၂၀၁၈ ခုနှစ်တွင် USAID ၏ ပံ့ပိုးမှုအကူအညီဖြင့် Myanmar Tradenet 2.0 ကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာပံ့ပိုးမှုအတွက် Information Matrix နည်းပညာကုမ္ပဏီက ပံ့ပိုးကူညီ ဆောင်ရွက်ခဲ့ပါသည်။ National Single Window(NSW) စနစ်ကို အထောက်အကူ ဖြစ်စေမည့်စနစ်တစ်ခုဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနက ဆောင်ရွက်ပေးနေသည့် G2B ဝန်ဆောင်မှုအားလုံးအား တစ်နေရာတည်းတွင် အသုံးပြုဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။

 

Myanmar Tradenet 2.0 စနစ်တွင် ရရှိနိုင်မည့်ဝန်ဆောင်မှုများ

ကုန်သွယ်ရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက် ရှိသည့် ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက် ပေးနေသည့် (www.myanmartradenet.com) ကို အသုံးပြု၍ Myanmar Tradenet အသင်းဝင်လျှောက်ထား ခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ခြင်း အပါ အဝင် လက်လီလက်ကားရောင်းချခွင့် မှတ်ပုံတင်ခြင်း ဆက်စပ်လုပ်ငန်းကိစ္စရပ်များ၊ ပို့ကုန်သွင်းကုန်လိုင်စင် ပါမစ်လျှောက်ထားခြင်းနှင့် ဆက်စပ်သည့်ကိစ္စရပ်များ၊ အကောက်ခွန်သက်သာခွင့်အတွက် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် (CO) Form ထုတ်ပေးမှုများ အပါအဝင် ဝန်ဆောင်မှုအားလုံးကို အွန်လိုင်းမှ တစ်နေရာ တည်းတွင် ဝင်ရောက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

ဤစနစ်၏ထူးခြားချက်များတွင် ဆက်စပ်ဌာန များ ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန MyCo စနစ်မှ ကုမ္ပဏီဒေတာအချက်အလက် များအား API စနစ်နှင့် Real Time Transaction ချိတ်ဆက်ရယူခြင်း၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေး သည့် ပို့ကုန်သွင်းကုန်လိုင်စင်နှင့် ပို့ကုန်သွင်းကုန် ကုမ္ပဏီလုပ်ငန်းရှင် မှတ်ပုံတင်အချက်အလက်များအား အကောက်ခွန်ဦးစီးဌာန၏ MACCS စနစ်သို့ API စနစ် ဖြင့် ချိတ်ဆက်ပေးပို့ခြင်းအပါအဝင် ကျန်ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဌာနများဖြစ်သည့် ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့သို့လည်း အချက်အလက်များ ချိတ်ဆက်ပေးပို့ နိုင်အောင် ပြင်ဆင်ထားရှိပါသည်။

 

ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်အတွက် လိုအပ် သော ဆက်စပ်အစိုးရဌာန/ အဖွဲ့အစည်းများမှ စနစ် အတွင်း ချိတ်ဆက်ဝင်ရောက်၍ ထောက်ခံချက်ပေးနိုင် ခြင်းများ ပါဝင်ပါသည်။ National Single Window စနစ်၏ ဝိသေသများဖြစ်သည့် တစ်နေရာတည်းတွင် အချက်အလက်များမှတ်ပုံတင်ခြင်း (Single Registra- tion)၊ တစ်နေရာတည်းတွင် အချက်အလက်များ တင်သွင်းခြင်း (Single Submission) နှင့် တစ်နေရာ တည်းတွင် ဆုံးဖြတ်ပေးနိုင်ခြင်း (Single Decision) ဖြစ်စေရေး ဆက်စပ်သည့်ဌာနများနှင့် အပြန်အလှန် ချိတ်ဆက်နိုင်အောင် ဆောင်ရွက်ထားသည့်စနစ်တစ်ခု ဖြစ်ပါသည်။

 

Single ID အဖြစ် သတ်မှတ်အသုံးပြုနိုင်မှု

 

ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက် Single Registration စနစ်ဖြစ်ပေါ်လာရေး ၊ အဓိကလိုအပ်သည့် Single ID တစ်မျိုးတည်းကိုသုံးစွဲနိုင်ရေး ကုန်သွယ်မှုနှင့် ဆက်စပ်သည့် အစိုးရဌာနများ/ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ပြည်တွင်းအခွန်များဦးစီး ဌာနက သတ်မှတ်သည့် အခွန်ထမ်း အမြဲတမ်းမှတ်ပုံတင် အမှတ် (Taxpayer Identification Numbers - TIN) နံပါတ်တစ်ခုတည်းအား ၅-၁-၂၀၂၀ ရက်နေ့မှ စတင်ပြီး ပြောင်းလဲသုံးစွဲဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

TIN နံပါတ်တွင် Digit ကိုးလုံးပါရှိပြီး ဥပမာ(123456789) အဆိုပါနံပါတ်အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီး ဌာနအပါအဝင် ကုန်သွယ်မှုနှင့်ဆက်စပ်ဌာနများ အားလုံး၏စနစ်များတွင် Single ID အဖြစ် တူညီစွာသုံးစွဲ နေကြပြီလည်း ဖြစ်ပါသည်။

 

Myanmar Tradenet 2.0 စနစ် အသုံးပြုနိုင်မှု

 

လုပ်ငန်းရှင်များအနေဖြင့် (ပသက) မှတ်ပုံတင်ခြင်း ဆောင်ရွက်ရာတွင် MyCo စနစ်နှင့် ချိတ်ဆက်ထားသည့် အတွက် ယခင်လို ပူးတွဲအထောက်အထားများတင်ပြစရာ မလိုဘဲ အွန်လိုင်းပေါ်မှ လျှောက်ထားနိုင်ခြင်း၊ ပို့ကုန် သွင်းကုန်လျှောက်ထားရာတွင် သက်ဆိုင်ရာကုန်ပစ္စည်း အလိုက် လိုအပ်သည့်ထောက်ခံချက်များကိုလည်း ဆက်စပ်သည့်ဌာနအဖွဲ့အစည်းများက Tradenet 2.0 စနစ်အတွင်း ဝင်ရောက်အသုံးပြုဆောင်ရွက်နိုင်ခြင်း၊ အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို လွယ်လွယ်ကူကူ လျှောက်ထားထုတ်ယူနိုင်မည်ဖြစ်သလို မိမိဆောင်ရွက်လိုသည့် ဝန်ဆောင်မှုအမျိုးအစားလုပ်ငန်း များ၏ သတ်မှတ်ကျသင့်ငွေကိုလည်း MPU(E-Commerce pay) ဖြင့်ပေးသွင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

ထို့ပြင် အွန်လိုင်းမှ လျှောက်ထားလာသည့် လိုင်စင် များအား ဌာနဝန်ထမ်းများကစစ်ဆေးပြီး ပြင်ဆင်ရန် လိုအပ်ချက်ရှိပါက အွန်လိုင်းပေါ်မှတစ်ဆင့် အပြန်အလှန် ပေးပို့နိုင်ခြင်း၊ လုပ်ငန်းရှင်၏ Account Dashboard နှင့် e-mail တို့မှတစ်ဆင့် မိမိလျှောက်ထားသည့် လိုင်စင်များ၏ အခြေအနေနှင့် အဆင့်လိုက်ဆောင်ရွက်ရမည့် အခြေအနေ တို့ကို တွေ့ရှိရမည်ဖြစ်ပါသည်။

လိုအပ်သည့် အချက်အလက် ပြင်ဆင်မှု/ ဖြည့်သွင်းမှုများလိုအပ်ပါက စနစ်အတွင်း အပြန်အလှန်ပေးပို့ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ဌာန ဘက်မှ အတည်ပြု (Approved) ပြုလုပ်ပြီး လိုင်စင်ထုတ်ယူ ခွင့်ပြုသည့်အသိပေးချက်ရရှိပါက လိုင်စင်အား Digital Form ဖြင့် ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ အဆိုပါလိုင်စင်ပုံစံ ပေါ်တွင် လက်မှတ်၊ တံဆိပ်တုံးများမပါရှိဘဲ Data အချက် အလက်များသာ ပါဝင်မည်ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် အဆိုပါလိုင်စင်ဒေတာများအား MACCS စနစ်ကို API နည်းပညာဖြင့် ချိတ်ဆက်ပေးပို့မည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်အမှတ်သိရုံဖြင့် ကျန်အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 

စနစ်လုံခြုံမှု

 

စနစ်လုံခြုံမှုအနေဖြင့် လုပ်ငန်းရှင်များအား Secure member account အသုံးပြုစေခြင်း ၊ လုပ်ငန်းစဉ်တစ်ခုချင်း တွင် google authenticator အသုံးပြုခြင်း၊ သက်ဆိုင်ရာ ဘဏ်စနစ်များ၏ OTP စနစ်အသုံးပြုခြင်းအပါအဝင် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများအကြား VPN Service အား အသုံးပြုဆောင်ရွက်ထားရှိပါသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏လမ်းညွှန်ချက်များနှင့်အညီ e-Government လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရာတွင် G2B ဝန်ဆောင်မှုတစ်ခုဖြစ်သော ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် လုပ်ငန်းအားလုံးကို တစုတစည်းတည်း တစ်နေရာတည်းမှနေပြီး အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်နိုင်သောစနစ်တစ်ခုအဖြစ် စတင်မြင်တွေ့ရပြီ ဖြစ်ပါသည်။ Tradenet 2.0 စနစ်အား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ပြီး လုပ်ငန်း ကဏ္ဍအလိုက် စတင်အသုံးပြုခွင့်ပြုထားပြီး ဖြစ်သည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် အချိန်/ ငွေကြေး ကုန်ကျမှုကို လျှော့ချလာနိုင်ခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်း များ ပိုမိုလျင်မြန်ချောမွေ့လာနိုင်တော့မည်ဖြစ်ပြီး နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အရေးပါ၍ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် အဓိက အထောက်အကူဖြစ်လာမည့် “ကုန်သွယ် တစ်ခေတ် အီလက်ထရွန်နစ်စနစ်ဖြင့် တိုးတက်စေမည့် Myanmar Tradenet 2.0” ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါသည်။ ။