နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ ကြိုးပမ်းဆောင်ရွက် လျက်ရှိနေကြကြောင်း သတင်းများတွင် တွေ့ရှိရသည်။ အထူး သဖြင့် လူဦးရေများပြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ အားအကောင်းဆုံးဖြစ်သည့် တိုင်းဒေသကြီးများနှင့် ပြည်နယ် များတို့က ပြည်တွင်းဖူလုံရေး၊ ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်ပသွင်းကုန်များ အစားထိုးထုတ်လုပ်နိုင်ရေးဟူ၍ အပိုင်း သုံးပိုင်း ခွဲခြားဆောင်ရွက်သွားကြရမှာဖြစ်သည်။
စိုက်ပျိုးရေးတွင် သီးနှံအထွက်နှုန်းများ ပန်းတိုင်ရည်မှန်းချက် ပြည့်မီရေးနှင့် စွမ်းအားပြည့် စိုက်ပျိုးရေး၊ မွေးမြူရေးတွင်လည်း အသား၊ ငါး၊ ဥ၊ နို့ စသည်တို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ဒေသတွင်းဖူလုံရုံမျှမက တစ်နိုင်ငံလုံးဖူလုံမှုရရှိရေး၊ MSME ကုန်ထုတ်လုပ်ငန်းများတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ထွက်ကုန်များကို အသုံးပြု၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက် အောင် ဆောင်ရွက်ရေးတို့ကို လမ်းညွှန်ထားရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် အစိုးရများအနေဖြင့် မိမိတို့ဒေသတွင်းရှိ အရင်းအမြစ်များကို အကျိုးရှိဆုံး၊ အထိ ရောက်ဆုံးစီမံခန့်ခွဲကာ အောင်မြင်အောင် ဆောင်ရွက်သွားကြ ရမည်ဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်များကို လေ့လာကြည့်ပါက ခေါင်းဆောင်များသည်အရေးပါသော ကဏ္ဍတွင်တည်ရှိနေသည့် အလျောက် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်အတွက် ပြင်းပြ သော စိတ်အားထက်သန်သူများဖြစ်ရန် လိုသည်ဟု ပညာရှင် များက ဆိုသည်။ ထို့အပြင် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင် ဆောင်ရွက်ကြရမည့် ပညာရှင်များ၊ ဝန်ထမ်းများ၊ လုပ်ငန်း ရှင်များ၊ တောင်သူများ၊ ကုန်ထုတ်လုပ်သူများအပါအဝင် ပြည်သူ လူထုကို စိတ်ဓာတ်တက်ကြွအောင် နှိုးဆော်ပေးနိုင်သူ၊ စည်းရုံး သိမ်းသွင်းနိုင်သူများဖြစ်ရန်လည်း လိုအပ်သည်ဟုဆိုသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခိုင်မာသည့် ရည်မှန်းချက်များချမှတ်ကာ ဦးဆောင်ပုဂ္ဂိုလ်နှင့် ကျယ်ပြန့်သော အကောင်အထည်ဖော် ဆောင်ရွက်သူများအကြား အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှုတို့အပေါ် အခြေခံ၍ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးပမ်းကြရမည်ဖြစ် သည်။
မိမိတို့နိုင်ငံသည် မြေပေါ်မြေအောက်သယံဇာတများ ပိုင်ဆိုင် ထားသော်လည်း သယံဇာတတို့၏သဘောမှာ အကန့်အသတ် ရှိပြီး အချိန်တန်လျှင် ကုန်ခန်းသွားမည်ဖြစ်သည့်အလျောက် နိုင်ငံ့စီးပွားရေးကို သယံဇာတထုတ်လုပ်ရောင်းချမှုအပေါ်တွင် လုံးလုံးလျားလျားမှီခိုမှုမပြုဘဲ လူ့စွမ်းအားအရင်းအမြစ်ကို အားကောင်းမောင်းသန်ဖြစ်အောင် ပြုစုပျိုးထောင်ပြီး နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်။ “မြေပေါ်မြေအောက် သဘာဝသယံဇာတများ ထုတ်လုပ်ခြင်းကို နိုင်ငံ၏ရေရှည်အကျိုး စီးပွားကိုကြည့်၍ ထိန်းချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ နိုင်ငံ၏ဂျီဒီပီမှာ မိမိတို့နိုင်ငံ၏ ရေမြေသဘာဝနှင့်တူညီသည့် ဒေသတွင်းနိုင်ငံများ၏ ဂျီဒီပီနှင့် နှိုင်းယှဉ်ပါက များစွာကွာခြား လျက်ရှိနေသေးကြောင်း၊ ဂျီဒီပီတိုးတက်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေသူများအားလုံး လုပ်ငန်းများအလိုက် အောင်မြင် အောင်ဆောင်ရွက်လိုစိတ်ရှိရန်လိုကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင် ရေးအစည်းအဝေးတွင် ပြောကြားခဲ့ရာ ကုန်ထုတ်လုပ်မှုတိုးတက် မြင့်မားရေး၊ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိရေး အတွက် မိမိတို့ယခုထက်များစွာကြိုးစားကြရမည်ဖြစ်သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ကုန်ထုတ်လုပ်မှုမြင့်မားစေ ရန် မိမိတို့ပိုင်ဆိုင်ထားသည့် ရုပ်ဝတ္ထုအင်အား၊ ဓနအင်အားနှင့် လူအင်အားတို့ကို လူတို့၏ တီထွင်ကြံဆမှု၊ ကျွမ်းကျင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရခြင်းဖြစ်ရာ လူသာလျှင် အဓိက၊ လူသာလျှင်ပဓာနဖြစ်သည့်အလျောက် ကာယ၊ ဉာဏ၊ ဝီရိယစွမ်းအား၊ အသိပညာ၊ အတတ်ပညာ၊ နည်းပညာစွမ်းအား တို့ဖြင့် မိမိတို့ကျရာကဏ္ဍအလိုက် အားထုတ်ကြိုးပမ်းဆောင်ရွက် ကြရပါမည့်အကြောင်း။ ။