Type

ဆူးငှက်
မန္တလေးကား ဘုရင့်မင်းနေပြည်တော်ဖြစ်ခဲ့၏။ မန္တလေးကို နေပြည်တော်အဖြစ် တည်ထောင်ကတည်းက မြို့တည်နန်းတည် ခုနစ်ဌာန၌ ကျုံးတော်၊ ရွှေမြို့တော်..ဟူသည် နိုင်ငံနှင့်အဝန်း အာဏာသုံးရပ်တည်ရှိရာ အဓိကအမြင့်မားဆုံးနေရာဖြစ်သည်။ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့်အတူ အာဏာသုံးရပ်ကို ကိုင်စွဲထားသော မှူးကြီးမတ်ရာ၊ စစ်သူကြီးသေနာပတိတို့၏ စိုးစံ၊ ရုံးစိုက် ရာဖြစ်သည်။ အာဏာ၏ အထွတ်အထိပ်ဖြစ်သော ရာဇပလ္လင် ကိုးရပ်ရှိသည့် နန်းတော်ကြီးတွေနှင့်အတူ လွှတ်တော်ရုံးတော်လည်း ရှိသည်။ ကိုယ့်အရှင်ကိုယ့်သခင် လက်ထက်တော်ကာလ အချိန်အခါတွင် မန္တလေးနန်းမြို့ သည် တစ်တိုင်းတစ်ပြည်လုံး၏ အထွတ်အထိပ်၊ အမြင့် အမြတ်နေရာဖြစ်ပါ၏။
လှေပွဲသဘင်များပင် ဆင်ယင်
ဤကဲ့သို့ အရေးပါလှသော နေရာဌာနကို ဓာတ်တံခါး မိတ်တံခါး ၁၂၊ ထောင့်ပြကြီး ၄၊ ပြငယ် ၃၂ အပါအဝင် ၄၈ ရပ် ပြာသာဒ်များနှင့် အုတ်မြစ်သံတောင် ၁တောင်၊ အုတ်ရိုးထု ၁ တာ(၁၀ပေ)၊ အရပ် သူရဲခိုအထိ သံတောင် ၁၈တောင် (၂၇ပေ)အမြင့်ရှိ အုတ်မြို့ရိုးပတ်လည် တစ်လျှောက်တွင် မြို့ဥပစာ တာ ၂၀ ခန့် (၁၃၅ ပေခန့်) မြေလွတ်ထားပြီး တာ ၂၀ ကျယ်သော ရေကျုံးတော်ကြီး က လေးဘက်လေးတန် ပတ်ရံထားသည်။ စတင်တူး ဖော်စဉ်ကပင် အနက်မှာလည်း တာနှစ်ဆယ်ရှိသည်ဟု ရတနာနဒီမော်ကွန်း၌ စပ်ဆိုခဲ့၏။ “ ပတ်လျှောက်ရစ်ခြုံ၊ ခက်ဆစ်ကြုံလည်း၊ မြစ်တုံဇလုတ်၊ ရေတိဝုတ်လျက်၊ ဥဿဘတစ်တွန်၊ နက်ကျယ်ဝှန်သည်၊ ရေပြွန်လွှတ်စွန့်၊ မြရည်သန်နှင့်...” ဟူလို..။ ဥဿဘတစ်တွန်ကို တာနှစ်ဆယ်ဟု ကောက်ယူခဲ့ကြသည်။
ရှေးက ကျုံးတော်ကြီးအတွင်းသို့ ရတနာနဒီမှ ရေသွင်း ယူခဲ့သည်။ “ ရတနာနဒီ ” ကို သက္ကရာဇ် ၁၂၂၄ ခုနှစ်တွင် မတ္တရာမြစ်မှ ဖောက်လုပ် သွယ်ယူခဲ့သည်။ ရှေ့ဝင်မှူးသူရဲ ဝန်ကြီး သမိန်ဘေပြစ်ဇကို အကြီးအမှူးခန့်၍ ငစဉ့်ကူး မြို့နယ် မတ္တရာမြစ်အထက် ၁၂ မိုင်ကွာ နာဂရာဇ်မြစ်မှ ရွှေမြို့တော်အရောက် တူးဖောက်စေခဲ့ခြင်းဖြစ်သည်။ “ရတနာနဒီ”သည် ရှေးက ရေကောင်းရေရှင်များဖြင့် သာယာ၏။ ကရဝိက်ဖောင်၊ သမ္ဗန်တော်၊ လှေတော်များ ဖြင့် တင့်တယ်သည့် လှေပွဲသဘင်များပင် ဆင်ယင်၏။ ကျုံးသို့လည်း ရေပေးသွင်းသည်။ မြို့တွင်းမြို့ပြင်များ သို့လည်း ရေကောင်းရေသန့်များ ပေးသွင်းနိုင်ခဲ့သည်။
သောက်ရေ သုံးရေသာမက
ရတနာပုံခေတ်မန္တလေးကို မြို့ပတ်ဝန်းကျင်တွင် နဂိုမူလရှိပြီး နန္ဒာကန်၊ အောင်ပင်လယ်ကန်၊ ဇောင်း ကလေးကန်၊ တောင်သမန်အင်း၊ တက်သေးအင်း၊ သင်္ဂဇာချောင်း၊ ဧရာဝတီမြစ်စသည့် သဘာဝအရင်းအမြစ် နှင့် လက်လုပ် ဆည်ကြီးများမှ ရေကောင်းရေသန့်များရယူ သုံးစွဲနိုင်ခဲ့သလို ရတနာနဒီ၊ ရွှေတချောင်း၊ ငွေတချောင်းတို့ ကဲ့သို့သော တောင်မြောက်အလျားရှည် မြောင်းကြီးများမှ ဆင့်ပွား လက်တံမြောင်းများ၊ ကန့်လန့်မြောင်းများဖြင့် မြို့တွင်းမြို့ပြင် ဖူလုံစွာရေပေးနိုင်ခဲ့သည်။ သောက်ရေ သုံးရေသာမက လယ်များအတွက်လည်း ရေများဝလင် ခဲ့ကြ၏။
တာ ၂၄၀၀ ( ၅ မိုင်နှင့် ၁ ဖာလုံ ) ရှိသည့် နန်းမြို့ရိုးကြီးကို မြေသားအကျန် တာ ၂၀ ( ၁၃၅ ပေခန့် ) နှင့် အကျယ်တာ ၂၀ (၁၃၅ ပေခန့်)ရှိ ကျုံးကြီးက ပတ်ရံလိုက်သောအခါ ကျုံးအတွင်းရှိ ရေထုထည် ပမာဏကလည်း မြို့လူထု အတွက် များစွာဖူလုံလောက်ငှသည့် “လှောင်ရေ” ဖြစ်ခဲ့သည်။ မင်းတုန်းမင်းကြီး၏ ရှေးခေတ်မြို့ပြ ဖွဲ့စည်းမှု တွင် သဘာဝအရင်းအမြစ်နှင့် တည်ရှိပြီး ဝန်းကျင်အနေ အထားကို အသုံးချကာ တင့်တယ်မှု၊ လုံခြုံမှုအတွက် သာမက သန့်ရှင်းလုံလောက်သော သောက်သုံးရေသန့် ရရှိရေးအတွက် ကျုံးတော်ကြီးအား စီမံခဲ့ပုံကား ချီးကျူး လောက်ပေသည်။
ရေခင်းသဘင်ဆင်ယင်တော်မူ
ရှေးကတော့ သည်ကျုံးတော်ကြီးအတွင်းမှာ ဘဝရှင် မင်းတရားကြီးသည် အရှင်နန်းမတော် မိဖုရားခေါင်ကြီးနှင့် တကွ မင်းမိဖုရား၊ မင်းညီမင်းသား၊ မောင်းမမိဿံ အပေါင်းခြံရံ၍ ရွှေနန်းတော်၊ မြေနန်းပြာသာဒ်မုခ်ဦးမှ ထွက်ခွာကာ အရှေ့မျက်နှာဦးထိပ် တံခါးပြင် စံနန်းတော် ရောက်၊ ထိုမှ ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ် ခင်းကျင်း၍ ဆင်တော်ပေါ် ခြေဖဝါးတော်တင်...၊ မိဖုရား ခေါင်ကြီးဖုရားက ရထားတော်နှင့် ထွက်တော်မူပြီး ပွဲသဘင်တို့ခမ်းနားစွာ ဆင်ယင်သည်ကို ရှုစားတော်မူပြီး ကျုံးတော်တွင်း၌ ရေခင်းသဘင်ဆင်ယင်တော်မူသည်ဟု ဆို၏။
ကျုံးတော်အတွင်းတွင် သင်္ဘောတော်၊ သမ္ဗန်တော်၊ လှော်ကားတော်၊ ခတ်လှေတော်၊ လှော်လှေတော်၊ ရဲလှေတော်များက နရည်းစရာစသော တီးမှုတ်မျိုးတို့ကို တစ်ပြိုင်နက် တီးမှုတ်စေပြီး ကရဝိက်ဖောင်တော်ကို လှော်လှေတော်ရှစ်စင်းဆွဲ၍ ကြည်းတပ်၊ ရေတပ် ခြိမ့်ခြိမ့် မွှမ်းမျှ ရွှေမြို့တော်ကြီးအား လက်ျာရစ်လှည့်တော်မူသည် ဆို၏။
တစ်မြို့လုံးကျုံးရေကန်
ထိုကျုံးတော်ကြီးသည် ပါတော်မူပြီးနောက် နရည်း ဗုံသံမဲ့ခဲ့သည်။ ကရဝိက်ရွှေဖောင်တော်နှင့် ဝေးခဲ့သည်။ လှော်ကားလှေတော် အခင်းအကျင်းနှင့် ကင်းခဲ့သည်။ ကျုံးကမ်းနံဘေး ရေကန်ဇွန်း၊ မှိုနတိုတို့ တောထကုန် သည်။ ကျုံးအတွင်း ဗေဒါ၊ ဒိုက်နှင့် ကြာမျိုးစုံတို့ တိုးဝှေ့ ကုန်ကြသည်။ ခရစ်နှစ် ၁၈၈၇ ( ကောဇာ သက္ကရာဇ် ၁၂၄၉ ) ခုနှစ်တွင် အင်္ဂလိပ်အစိုးရက မန္တလေး မြူနီစီပယ် ကို စတင်ဖွဲ့စည်းပြီးနောက် လမ်းမိုင် ၆၀ ကို ကျောက်ခင်း သည်။ လမ်းနံဘေး ရေမြောင်းများ တူးပေးသည်။ တစ်ပင် တိုင် မှန်အိမ်လမ်းမီးများ တပ်ဆင်ထွန်းညှိပေးသည်။ မြို့ပေါ်ရှိ နေရာအနှံ့အပြားတွင်လည်း သူဌေးဦးစိုးကလေး က ရေချိုတွင်းကြီးများကို တူးဖော်လှူဒါန်းခဲ့၏။ ရေတွင်း ဒကာကြီးဟုပင် အမည်တွင်သည်။ ဦးစိုးကလေးမှာ နာမည်ကျော်အနုပညာရှင် ဓားတန်းဦးသန့်၏ အဘိုးဖြစ် သည်။
အင်္ဂလိပ်အစိုးရက ၁၈၈၉ ခု မတ်လ ၁ ရက်မှာ မန္တလေးဘူတာရုံ တည်ဆောက်သည်။ ၁၈၉၈ ခုနှစ်တွင် မန္တလေးမီးသတ်ဌာနကို စတင်တည်ထောင်ပေးသည်။ ကျုံးအတွင်းမှရေကို မြေအောက်ပိုက်လိုင်းများဖြင့် သွယ်ကာ ရပ်ကွက်အတွင်း အများသုံးရေကန်များ တည် ဆောက်သည်။ မင်္ဂလာဈေး၊ ယိုးဒယားဈေးနှင့် ၂၇ လမ်း ဘာဘူတန်း ထိပ်တို့တွင် အဝီစိရေတွင်းကြီးများတူးကာ ရေပေးဝေခဲ့သည်။ မန္တလေးကျုံးရေကား မြို့လူထု အတွက် အားထားစရာ ကောင်းလောက်အောင် ဖူလုံ လောက်ငှခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် တစ်မြို့လုံးကျုံးရေကန် ၅၀၀ အထိ ဖောက်သွယ်ခဲ့၏။ ပြည်တော်သာရေကန် ဟုပင်ခေါ်ဝေါ်ခဲ့ကြသည်။
ရေနေကျယ်ပြန့်အောင်
ရပ်ကွက်တိုင်း “ပြ” ထိပ်တွေမှာ ရေတွေပေါင်းလန်နေ သော ကျုံးရေကန်များ၌ ရေချိုးသူချိုး၊ ရေသယ်သူသယ်၊ အဝတ်ဖွပ်သူဖွပ်နှင့် စည်ကားခဲ့သည်။ ကျုံးနှင့် ဝေးလံ သော ဈေးချိုအနောက်ပိုင်း၌ပင် ရေအတွက်မပူခဲ့ကြ။ ကျုံးနှင့်နီးသော ဓားတန်း၊ ဧချိုင့်စသော အရပ်များ၌ ကျုံး ရေကန် အထက်နှုတ်ခမ်းကပင် ရေတွေသွင်သွင်လျှံကျ နေ၏။ ၁၉၅၃ ခုနှစ် ဇွန်လတွင် မန္တလေးကျုံးကို စက် ယန္တရားများဖြင့် ရေနေကျယ်ပြန့်အောင် တူးဖော်ခဲ့သည်။ ယခုကဲ့သို့ ကျုံးချဲ့မည့်အစား ကျုံးကို နက်အောင်တူး၍ ရေနေများစေသင့်သည်ဟု ဝေဖန်ခဲ့ကြ၏။
၁၉၅၄ ခုနှစ် ဩဂုတ်လတွင် အလုပ်သမား၊ လခစား အဖွဲ့အစည်းပေါင်းစုံမှ လူထုအားဖြင့် ကျုံးအတွင်း မှော်ဆယ်ခဲ့ကြသည်။ ၁၉၅၈-၅၉ ခုနှစ် မန္တလေးနှစ် (၁၀၀) ပြည့်ကာလဝန်းကျင်၌ မန္တလေးကျုံးသည် အကျယ် ၂၂၅ ပေနှင့် အနက် ၁၀ ပေခန့်ရှိသည်ဟု ဆို၏။ ဤရေနေ အတိုင်းသည်ပင် မြို့နေလူထုအတွက် ကျုံးရေက လုံလောက်မျှတနေသည်။ ထိုစဉ်ကတော့ မြို့လူထုဦးရေက နှစ်သိန်းခွဲနီးပါးပဲရှိမှာပေါ့။ မြို့ဧရိယာ အကျယ်အဝန်း ကလည်း ၁၉ ဒသမ ၀၈ စတုရန်းမိုင်ပဲ ရှိမှာပေါ့။
အကြီးစား ပြန်လည်တူးဖော်
၁၉၉၄ ခုနှစ်မေလ ၁၃ရက်နေ့မှ ၁၉၉၅ခုနှစ် မတ်လ ၁၈ရက်နေ့အထိ မန္တလေးကျုံးကြီးကို နှစ် ၁၀၀ ကျော် အတွင်း အကြီးစား ပြန်လည်တူးဖော်ခဲ့သည်။ (၆.၅.၉၄) ရက်မှစ၍ ကျုံးရေများစတင် စုပ်ယူရှင်းလင်းပြီး (၁၃.၅.၉၄) ရက်တွင် စတင်တူးဖော်သည်။ တပ်မတော်သားအင်အား ၆၀၆၀၂၈ ဦးအပါအဝင် ပြည်သူလူထုအင်အား ၂၃၄၅၂၅၆ ဦးတို့ဖြင့် တူးဖော်ခဲ့ခြင်းဖြစ်၏။ စက်ယန္တရားကြီး ၃၁၂ စီး၊ ရေစုပ်စက် ၇၁ လုံး၊ အရပ်ဘက်ယာဉ် ၂၀၀ ကျော်ကို အသုံးပြုခဲ့သည်။ ကျောက်ကျင်းအရွယ်စုံ ၆၀၃၆၄ ကျင်း၊ ဘိလပ်မြေ ၈၈၈၅၅ အိတ်၊ ထုံး ၁၂၂၀ အိတ်၊ သဲ ၁၀၈၉၆ ကျင်းသုံးကာ ကုန်ကျစရိတ် ၂၆၅ သိန်းဖြစ်သည်ဟု ထိုစဉ်က မီဒီယာများတွင် အကျယ်တဝင့်ဖော်ပြခဲ့ သည်။
မည်သို့ပင်ဆိုစေ ၄၈ ရပ်သော ပြာသာဒ်များနှင့် တင့်တယ်လှသည့် ကျုံးတော်ကြီးကိုမြင်သည်နှင့် ရတနာပုံခေတ်က ရေခင်းသဘင်ကို မှန်ဆတွေးမြင်မိသည် ချည်း ဖြစ်ပါ၏။
- Log in to post comments