Type
ကောင်းမြတ်နွယ် (စင်ကာပူ)
"ခင်ဗျားဗျာ… လူတွေမှာ စီးပွားရေးကျဆင်းလို့ အဆင်မပြေ ရတဲ့အထဲ ကျန်းမာရေးအကြောင်း နောက်မှပြောပါ"
" ဪ… အာရောဂျံပရမံလာဘံ ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆေးရုံဆေးခန်းသွားဆေးကုရရင် ငွေကုန်မယ်၊ စိတ်ဆင်းရဲရမယ် မဟုတ်လား"
"ကျုပ်ကတော့ သေသော်မှတည့် ဪကောင်း၏ လို့ မြည်တမ်းထားတာဗျ။ ခင်ဗျားက ဆေးဝါးနဲ့ကျန်းမာရေး အကြောင်း နည်းနည်းပါးပါး နားလည်တယ်ဆိုပြီး သွေးနားထင်ရောက် လျှောက်ပြောနေတာ။ ကျွန်တော့် တူမလေးတွေဆိုရင် လခတစ်သိန်းလောက်ရတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေရတာ။ ဘယ်မှာ ခင်ဗျားတို့လို ဟင်းတစ်ပွဲ ကျပ် ၅၀၀၀၊ ၁၀၀၀၀နဲ့ ရက်စတောရင့်လိုဆိုင်တွေမှာ ဘယ်စားနိုင်မလဲဗျာ။ လမ်းဘေးထမင်းဆိုင်က ဟင်းတစ်ထုပ်နှစ်ရာ၊ ငါးပိရည် တို့စရာ ကျပ် ၅၀တန်၊ ၁၀၀တန်နဲ့ပဲ ဘဝကိုကျေနပ်အသက် ဆက်နေရတာ။ ဘယ်မှာ သန့်ရှင်းသန့်ပြန့်စွာရောင်းတာ ဝယ်စားနိုင်ပါ့မလဲ"
"အဲဒါပြောတာပေါ့။ ကျွန်တော်သိပ်စားချင်လွန်း လို့ မျိုသိပ်မရ သွားဝယ်စားမိတဲ့ ကောက်ညှင်းပေါင်းသည် နဲ့ ကျွန်တော်နဲ့ ငြိရောဗျို့"
"ဆိုစမ်းပါဦး"
"အဒေါ်ကြီးက လက်အိတ်မပါ၊ လက်ဗလာနဲ့ ကောက်ညှင်းပေါင်းကိုနှိုက်တယ်။ စက္ကူပေါ်မှာ ဖြန့်နေ သေးတယ်ဗျာ၊ များတယ်လို့ ထင်ရအောင်။ အုန်းသီးမှုန့်နဲ့ နှမ်းထောင်းကိုဖြူးပေးတယ်။ ဒီလက်နဲ့ပဲ ရွဲပလဲနေတဲ့ တစ်ရာတန်၊ နှစ်ရာတန် ငွေစက္ကူတွေကိုင်ပြီး အမ်းရသေး တယ်။ ကောက်ညှင်းလေးနဲ့ဆိုတော့ ပိုက်ဆံအမ်းတဲ့အခါ တံတွေးလေး မဆွတ်သေးတာပဲ ကံကောင်း"
" ဪ… ခင်ဗျားက ဒါပဲမြင်တာကိုး။ ဒီလက်နဲ့ပဲ နှပ်ညှစ်၊ ချွေးသုတ်လုပ်သေးတာ။ ဒါတွေမမြင်ဘူး မဟုတ် လား။ လမ်းဘေးမုန့်သည် ဘယ်မှာလက်ဆေးရေရှိ ပါ့မလဲ"
" အမယ်မင်း… ခင်ဗျားပြောမှ ပိုဆိုးတော့သဗျာ"
" လက်ဖက်ရည်ဆိုင်ထိုင်တော့လည်း ခုနောက်ပိုင်း စနစ်တကျဖွင့်လာတဲ့ လက်ဖက်ရည်ဆိုင်ကြီးတွေကလွဲရင် ဆိုင်လေးတွေမှာ လက်ဖက်ရည်ပန်းကန်တွေ၊ အကြမ်း ပန်းကန်တွေကို ပြောင်အောင်မဆေးလို့ ပန်းကန်နှုတ်ခမ်း မှာ ကွမ်းတံတွေးချိုးတက်နေတာ တွေ့ရပါသဗျာ။ ဒါကြောင့် တီဘီတို့၊ ဘီပိုးနဲ့ စီပိုးတွေ ကူးစက်မှုရာခိုင်နှုန်း တက်လာ တာလည်းဖြစ်ပါတယ်"
" ဒီမှာ ဆရာ။ စီပိုးအကြောင်းသွားမပြောနဲ့။ စီပိုးက သွေးနဲ့လိင်ဆက်ဆံမှုကြောင့်သာရတာလို့ ကျန်းမာရေး ပညာပေးတွေမှာ ပါနေတာပဲ"
" ဘီပိုး၊ တီဘီပိုးဆိုတာက တယ်ကူးစက်ဖို့လွယ်တာ၊ တီဘီရောဂါပိုးက စကားပြောလို့ဖိတ်စဉ်တဲ့ တံတွေးစက် လေးကတောင် ကူးစက်နိုင်တာဆိုတော့ တီဘီရောဂါ ရှိတဲ့သူက အစားအသောက်မရောင်းသင့်ဘူး"
" စင်ကာပူနိုင်ငံမှာတော့ အစားအသောက်ရောင်း မယ်ဆိုတာနဲ့ လိုင်စင်လျှောက်ရတယ်။ ဆေးစစ်ခံရတယ်။ ရောင်းချမယ့်သူ၊ အစားအစာပြင်ဆင်ချက်ပြုတ်သူတွေဟာ တစ်နေ့တာသင်တန်း (အစားအစာသန့်ရှင်းမှု သင်တန်း) တက်ရပါတယ်။ သင်တန်းပြီးတာနဲ့ စာမေးပွဲဖြေခိုင်းပါ တယ်"
" ဟာ… ဒါဆိုပညာအခြေခံနည်းရှာတဲ့ လမ်းဘေး ဈေးသည်တွေအတွက် အခက်ပေါ့"
" မေးခွန်းတွေက သိသင့်သိထိုက်တဲ့ လွယ်လွယ် အမှား၊ အမှန်မေးခွန်းလေးတွေပါ။ အခြေခံအယူအဆလေး တွေပါ။ ဘာမှမသိဘဲ လွယ်လွယ်လုပ်ချင်ရာ မလုပ်အောင် ပေါ့ "
" ဗဟုသုတရအောင် ပြောပြပါလားဗျာ"
" အသားတွေကို ရေခဲခန်း၊ အသီးအရွက်တွေကို အေးမြတဲ့အခန်းမှာ သိုလှောင်ပြီး လတ်ဆတ်အောင်ထားရ ပါတယ်။ အသားတွေကို ဖရီဇာထဲမှာ အေးခဲသိမ်းထားခြင်း အားဖြင့် ပါရာဆိုက်တွေကိုတောင် သေစေနိုင်တယ်။ စားဖို့ ပြင်ဆင်ပြီဆိုရင် ပလတ်စတစ်လက်အိတ်နဲ့ ကိုင်ရမယ်။
လိုအပ်ရင် နှာခေါင်းစည်း တပ်ရမယ်။ ဆူရှီလို သားစိမ်း ငါးစိမ်း အစားအစာ ပြင်ဆင်သူတွေအနေနဲ့ နှာခေါင်းစည်း လိုပါတယ် "
" ပုံမှန်အမှိုက်သိမ်းရမယ်၊ လုပ်ငန်းပြီးတာနဲ့ အမှိုက် စွန့်ပစ်ရမယ်။ စားကြွင်းစားကျန်တွေကြောင့် ပေါက်ပွား မယ့် ယင်၊ ပိုးဟပ်၊ ကြွက်တွေကို ကြိုတင်ကာကွယ်တာပါ။ ဒီအကောင်တွေကြောင့် ရောဂါရတာ လူတိုင်းအသိ မဟုတ် လားဗျာ။ အစားအစာမှာ ဗက်တီးရီးယားပါဝင်မှု၊ တဆေးမှို ပေါက်နေမှု၊ အီးကိုလိုင်လို့ခေါ်တဲ့ ဗိုက်နာဝမ်းသွား ဖျားနာမှု ကို ဖြစ်စေနိုင်တဲ့ ပိုးမွှားပါဝင်မှုအပြင် စတက်ဖလိုကိုးကပ်နဲ့ စတက်ဖတိုကိုးကပ်ပိုးမွှားတွေ မပေါက်အောင်ထိန်းချုပ်ရပါတယ်ခင်ဗျ "
" ဟုတ်တယ်လေ။ ခြင်ကတောထဲမှာ ငှက်ဖျား၊ မြို့ပြ မှာ သွေးလွန်တုပ်ကွေးအပြင် တခြားသွေးကြောင့် ကူးစက် တဲ့ ရောဂါတွေဖြန့်ဝေပေးတယ်။ ကြွက်ကြောင့် ပလိပ်ရောဂါ လို ရောဂါတွေဖြစ်တယ် မဟုတ်လား "
" မကြာသေးမီ သုံး၊ လေးနှစ်လောက်က စင်ကာပူက မလေးလူမျိုးတွေ အများစုနေထိုင်ရာ လော်ရောင်းစီရိုင်း ဈေးမှာ အိန္ဒိယရိုဂျတ်စားသုံးသူနှစ်ဦး သေဆုံးပြီး လူတချို့ ဆေးရုံတက်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်"
"အိန္ဒိယရိုဂျတ်ဆိုတာဘာလဲ။ အစားအသောက်နဲ့ တိုက်ရိုက်ကြီးဆိုင်တာလား"
"ကြက်အူချောင်း၊ အားလူးပြုတ်၊ ရိုးမွှားကြော်၊ ပုစွန် ခွက်ကြော်၊ အမဲသားပြား၊ ကြက်သွန်နီ၊ ငရုတ်သီးပွတောင့်၊ ပဲပြားကြော်၊ ငရုတ်ဆီ၊ မြေပဲထောင်း အချိုရည်တို့နဲ့တို့စား တဲ့ အစားအစာဖြစ်ပါတယ်ဗျာ။ လူကြိုက်များတယ်"
" ဆက်ပြောပါဦးဗျာ"
"ရိုဂျတ်စားပြီး အစာအဆိပ်ဖြစ်တယ် သတင်းရတာနဲ့ နိုင်ငံတော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီက ဆိုင်ကိုချက်ချင်းပိတ်ခိုင်းပြီး စစ်ဆေးမှုတွေပြုပါတယ်။ တို့စားရမယ့် အချဉ်အချိုရည်ထဲကို မြေကြွက်ကျသေတာ တွေ့ရပါတယ်။ ဆိုင်ရှင်ဟာလိုင်စင်ပိတ်ခံရပြီး လျော်ကြေး ငွေများစွာပေးလိုက်ရပါတယ်။ အစိုးရက တရားစွဲဆိုတာ ဖြစ်ပြီး လူတွေတန်းစီဝယ်ရတဲ့ စားသောက်ဆိုင်ဟာ အချိန် ပိုင်းအတွင်း လိုင်စင်ပိတ်သိမ်းခံခဲ့ရပါတယ်"
" ကျွန်တော်တို့ တိုင်းပြည်မှာက ခန္တီပါရမီကြီးတော့ သေတာတောင်ကံကြောင့်လို့ ဖြေနိုင်ကြတဲ့ တိုင်းပြည်ပါ။ ဒါတွေအခွင့်ကောင်းယူပြီး သန့်ရှင်းသန့်ပြန့်မှုအတွက် အားမထုတ်ကြဘူး။ ဖြစ်လာရင်လည်း တိုင်ရတောရမှန်း မသိကြဘူး"
"ဆန်ထဲ၊ နှမ်းထဲမှာ သဲတွေ၊ ခဲတွေပါတာ၊ မုန့်ဟင်းခါး ဖက်ထဲ ရွှံ့တုံးပါတာ။ ပေါင်မုန့်ထဲ အိမ်မြှောင်အကောင်လိုက် ထည့်ဖုတ်ထားတာ၊ မုန့်ဟင်းခါးဟင်းရည်ထဲ ပိုးဟပ်ပါတာ တွေကတော့ စားသုံးသူတွေအဖို့ ရိုး… ဟိုး… ဟိုး နေပါပြီ။ အစာထဲဆံပင်မွေးပါရင် ဖယ်စားတတ်နေကြပါပြီဗျာ။ စားသုံးသူတွေက ဖြစ်ရိုးဖြစ်စဉ်လို့ မှတ်ထားကြပြီ"
"ကျုပ်ဆို မုန့်ဟင်းခါးပန်းကန်ထဲ ဆံပင်မွှေးပါလာလို့ ဆိုင်ရှင်သွားပြောတာ "
"အသစ်လဲပေးလိုက်သလား"
"စားချင်ရင်စား၊ မစားချင်ရင်ထားခဲ့လို့ ပြောလို့ ထားပြန်ခဲ့ရတယ်"
"ဒါဘာဟုတ်ဦးမလဲဗျာ၊ ကျွန်တော်မြောက်ဥက္ကလာ မဟာကျိန်သစ္စာရှင်ဘုရားကြီးနားမှာနေတုန်းက အိမ်နားရှိတဲ့ လက်ဖက်ရည်ဆိုင်ကြီးမှာ လက်ဖက်ရည်သွားသောက်ပါ တယ်။ ဝက်သားပေါင်းထဲမှာ အိုးတိုက်တဲ့ သံမဏိမျှင်ကြီး ပါလာတယ်။ ဘယ်သိပါ့မလဲဗျာ၊ ဝါးရင်းဝါးရင်းနဲ့ တစ်လက်မ လောက်က ဘာမှန်းမသိတော့ မျိုချပြီးပြီ၊ ကျန်တဲ့အပိုင်းဆွဲထုတ်လိုက်တော့မှ တစ်လက်မကျော်ကျော် သံမဏိမျှင် မှန်းသိတာကိုး။ စားပွဲထိုးလေးတွေခေါ်ပြတော့ အူတူတူနဲ့ ပျောက်ကုန်ရော။ ဆိုင်ရှင်ကိုသွားပြတော့ ဆိုင်ရှင်က တောင်းပန်ခြင်း၊ ဖြေရှင်းခြင်း၊ နောက်နောင် ဒီလိုမဖြစ်ရ အောင် ဘာလုပ်ရမယ်ဆိုတာ စူးစမ်းခြင်းမရှိ၊ ဆိုင်နောက် က အိမ်ခန်းထဲ ဝင်ရောက်ပျောက်ကွယ်သွားပါရော"
" စားသောက်ဆိုင် ဟော့ကာစင်တာတွေကို မြို့နယ် ကောင်စီက တာဝန်ခံစစ်ဆေးပေးတယ်။ စင်ကာပူမှာ"
"အဲဒီစစ်ဆေးရေးအဖွဲ့ကို ထပ်ဆင့်စစ်ဆေးရေးထား ရတယ်။ စင်ကာပူမှာတော့ အဲဒီစစ်ဆေးရေးအဖွဲ့ တကယ် အလုပ် လုပ်၊ မလုပ်၊ လာဘ်စား၊ မစား နောက်ကလိုက်စစ် တာတွေထားတယ်"
"ရင်မောစရာပါလားဗျာ။ ကုရာနတ္ထိဆေးမရှိတော့ဘူး လား။ တိုင်းပြည်ရဲ့အုပ်ချုပ်မှုယန္တရား ချောမွေ့စေချင်ရင် ရှိရင်း စွဲအလွဲတွေ ကုသနိုင်မည့်နည်းလမ်းတွေ ရှာကြရမယ်"
" နောက်တစ်ခု လူတွေ လမ်းသွားရင်း သလိပ်ဟပ်တာ အော်ကြီးဟစ်ကျယ်ဟပ်၊ တံတွေးကို ကြုံသလိုဖွီခနဲ၊ ထွီခနဲ ထွေးချတဲ့ အသည်းစွဲအကျင့်ပါဗျာ"
"ဒါ… အပြစ်လား"
"ဟုတ်ပါတယ်။ ဒါအပြစ်ပါ။ မြန်မာတွေ တီဘီလိုမျိုး ကူးစက်ရောဂါတွေ တိုးပွားနေရခြင်းအကြောင်းရင်းက ဒါလည်းပါတယ်"
"ဟိုက်… ကျွန်တော်တို့သိပ်သတိမထားမိဘူး"
"ဟိုးတုန်းကတော့ ပြည်သူ့နီတိမှာသင်တယ်။ ခုတော့ပြည်သူ့နီတိဆိုတာ ဘာမှန်းတောင်မသိတော့ဘူး။ ကြုံရာမှာ ထင်သလို တံတွေးထွေးခြင်းအားဖြင့် ရောဂါတွေ အလှူပေးနေတာနဲ့ အတူတူပါပဲ"
"ပြောပါဦးဗျာ… အခြေခံတော့သိပါတယ်"
"တီဘီဝေဒနာခံစားနေရသူက တံတွေးတွေ လမ်းမပေါ်ထွေးချရင် အဲဒီတံတွေးတွေ ခြောက်သွား တဲ့အခါ ဖုန်မှုန့်တွေမှာ ရောဂါပိုးတွေပါလာတယ်။ ကိုယ်ခံအားနည်းသူတစ်ယောက်ရဲ့ ကိုယ်ထဲကို ဒီဖုန်မှုန့်တွေရောက်သွားတဲ့အခါ အဲဒီလူလည်း ရောဂါရတော့တာပါပဲ"
"ဟိုတစ်လောက မလွဲမကင်းသာ ခိုးဆွဲမော်တော် ဆိုင်ကယ်နဲ့ မြောက်ဥက္ကလာအဝိုင်းကိုသွားခဲ့တယ်"
"အဲဒီကတည်းက တရားမဝင်ခိုးဆွဲမော်တော် ဆိုင်ကယ်စီးတယ်ဆိုတာနဲ့တင် ခင်ဗျားကိုယ်တိုင် လွဲနေပြီလေ။ ပြောပါဦး ဖြစ်ပုံ"
"အဲဒီနေရာက ဘတ်စ်ကားတို့၊ တက္ကစီတို့ ခက်ခဲတာ ကိုး။ ဆိုင်ကယ်ကယ်ရီငွေတစ်ထောင်နဲ့ လိုရာခရီး အပြီး အမြန်ရောက်တဲ့နေရာ။ ဆိုင်ကယ်ဆရာက ကွမ်းတံတွေးတွေ တထွီထွီနဲ့ လေးငါးခါထွေးလို့ သူ့နောက်မှာကပ်စီးလာတဲ့ ကျုပ်မှာခုန်တောင်ချချင်စိတ် ပေါက်ရောဗျို့"
"အိမ်ကိုဧည့်သည်လာရင်လည်း ထမင်းမစားခင် လက်ဆေးဖို့ ရေခွက်လေးထဲရေထည့်ပေးတာ၊ လက် သည်း မလှီးထားတဲ့လက်နဲ့ ချေးကိုရေနူးရုံလေးဆေးပြီး စားလိုက်ရတာပေါ့"
"ဒါလည်း အပြစ်ပဲလား"
"အရိုးစွဲနေတဲ့ အလွဲပဲဗျ။ ဆပ်ပြာနဲ့ရေလောင်းဆေးမှ လက်မှာကပ်နေတဲ့ ဗက်တီးရီးယား၊ ဖမ်းဂတ်စ်မှိုတွေ ပြောင်တယ်ဆိုတာ မိုက်ခရိုဘိုင်အိုလိုဂျစ် အဏုဇီဝဗေဒ ပညာရှင်တွေက သက်သေပြထားတာပါ"
"မြန်မာ့ဓလေ့ယဉ်ကျေးမှုအစဉ်အလာ ရေချမ်း စင်လေးအကြောင်း ပြောဦးမယ်ဆို"
‘‘ပြောနေကျမို့သိနေပြီပေါ့။ အထူးသဖြင့် အညာဒေသ တွေမှာပါဗျာ။ အောက်ပြည်အောက်ရွာ ကျေးလက်ဒေသ တွေမှာ ချစ်စရာ့မြန်မာ့ရေချမ်းအိုးအလှူလေးတွေ ရှိပါ တယ်’’
‘‘ရေချမ်းစင်အလှူ့ဒါယကာက ရေစိမ့်နေတဲ့မြေအိုး လေးကို သဲခင်း၊ ကရွတ်ခွေမှာတင် စပါးပင်လေးတွေ စိုက်ပြီး ရေဖြည့်လှူပါတယ်’’
‘‘ရေအကျိုးဆယ်ပါးကလည်း မက်မောစရာပါ။ ကျောင်းသုံးစာအုပ်ထဲက ခေတ်စမ်းစာညွန့်လေးတွေမှာ ရေချမ်းစင်ကိုဖတ်ရတော့ ရေချမ်းစင်လေးတွေကို ချစ်ရ တယ်ဗျာ။ မြန်မာ့ရာသီဥတုက နွေရာသီဆိုပြင်းထန်ပါ့။ နေပူအာခြောက် ချွေးပေါက်ပေါက်ကျကာ ရေအလွန် ငတ်ပါတယ်။ ရေချမ်းစင်လေးက အပူကလာသူကို ရင်ဆူပျောက်စေပါတယ်။ တစ်ယောက်ကလာ အုန်းမှုတ် ခွက် သို့မဟုတ် ဒန်ခွက်နဲ့ ရေအိုးထဲနှစ်ခပ်၊ အားရပါးရ သောက်။ နောက်တစ်ယောက်ရောက်လာလည်း ရေထဲ နှစ်ခပ်၊ ဝမ်းမြောက်ဝမ်းသာသောက်။ ဆိုတော့ ... ရောဂါဘယတွေ အခမဲ့ဖြန့်ဝေသလိုများ ဖြစ်နေ မလားလို့"
‘‘ဟာ...ဒီချစ်စရာဓလေ့လေးက ဘိုးဘွားဘီဘင် လက်ထက်ကတည်းက ရှိခဲ့တာလေ’’
‘‘ဟိုးတုန်းက မြန်မာတွေရဲ့လူနေမှုဘဝက ရိုးရှင်း တယ်။ ရောဂါကင်းရှင်းကျန်းမာခြင်းနဲ့ ပြည့်စုံကြတယ်။ ခုခေတ်က လော်လီဆန်းပြား ဖြစ်နေကြပြီ။ ဒါကြောင့် ပိုက်ခေါင်းကကျလာတဲ့ရေကို ကိုယ်ပိုင်ခွက် သို့မဟုတ် တစ်ခါသုံးခွက်လေးနဲ့ သောက်တဲ့စနစ်ကို ပြောင်းသင့် နေပါပြီခင်ဗျာ’’
‘‘အလှူ၊ မင်္ဂလာဆောင်တွေမှာ ပိုဆိုးပါတယ်။ ထမင်းကျွေးရင် ချဉ်ပေါင်ဟင်းချိုတို့၊ ဘူးသီးချဉ်ရည်တို့၊ မဲဇလီဟင်းခါးတို့ကို ဟင်းသောက်ပန်းကန်လုံးကြီးထဲ ဇွန်းသုံးလေးချောင်းတပ်ပြီး တစ်ယောက်တစ်လှည့် ဆွဲကြ တာလေ’’
‘‘အမယ် သူတို့ကပြောသေးတယ်၊ ကျုပ်တို့က မရွံ တတ်ဘူးဗျာ၊ တစ်ယောက်နဲ့တစ်ယောက် သွေးသောက် ကြီးတွေလို ချစ်ခင်တဲ့သဘာဝပြယုဂ်လည်း ဖြစ်သတဲ့’’
‘‘တလွဲဂုဏ်ယူကြပုံများ ပြောပါတယ်’’
‘‘ဒါကြောင့် ချောင်းဆိုးလည်းကူး၊ တုပ်ကွေးလည်း မတားဆီးနိုင်၊ နိုင်ငံခြားမှာအလုပ်ရလို့ ဓာတ်မှန်ရိုက်လိုက် ရင် အဆုတ်မှာအစက်တွေတွေ့လို့ ပြန်ရတဲ့သူတွေ မနည်းဘူးခင်ဗျ’’
‘‘အမျိုးသားကျန်းမာရေးအတွက် ချစ်တဲ့စိတ်နဲ့ပြော တာပါ။ အလှူ၊ မင်္ဂလာဆောင်မှာလည်း တစ်ယောက် တစ်ခွက်ပေးတဲ့စနစ်၊ ဘူဖေးလို သန့်သန့်လေးယူစားတဲ့ စနစ် လူတိုင်းကျင့်သုံးဖို့ လိုနေပါပြီ’’
‘‘လက်ဖက်သုပ်စားရင်ကြည့်၊ ဝက်သားတုတ်ထိုး အချဉ်ရည်တို့စားရင်၊ ဘူးသီးကြော်စုစားရင် အချဉ်ရည်ကို တို့လိုက်၊ ကိုက်စားလိုက်၊ ပြန်တို့လိုက်’’
‘‘အိမ်ဆောက်တဲ့ဒီဇိုင်းကစ လွဲနေတာ’’
‘‘ဟိုက် အဲဒီလောက်အထိလား’’
‘‘ခေတ်မီတိုးတက်တဲ့နိုင်ငံတွေက ဒါတွေအားလုံး ပြုပြင်ပြီးသွားပြီ။ မြန်မာပြည်မှာတော့ နောက်ဆောက်တဲ့ ကွန်ဒိုတွေ၊ အိမ်ဒီဇိုင်းအသစ်တွေကလွဲရင် ဟိုတုန်းက မှားခဲ့ကြတယ်’’
‘‘သိပါရစေဗျာ’’
‘‘ခေတ်မီရောဂါဘယကင်း တစ်ကိုယ်ရေသန့်ရှင်း အိမ်ရာစနစ်မှာ ဧည့်ခန်းနဲ့မီးဖိုချောင်ကို တွဲလျက်ပါ။ ကျွန်တော်တို့ရိုးရာက မီးဖိုချောင်ကိုဖြတ်ပြီး အိမ်သာ သွားရတယ်။ တချို့အိမ်က မီးဖိုချောင်နဲ့ အိမ်သာတွဲလျက်။ အိမ်သာကရောဂါ မီးဖိုချောင်ထဲ တန်းရောက်တာပဲ။ ခြေလက်သန့်စင်ဆေးကြောမှုကလည်း နည်းခဲ့ကြတယ်။ ခုဒီဇိုင်းသစ်မှာ အလွန်သန့်ပြန့်အောင် ထိန်းသိမ်းနိုင်တဲ့ အိမ်သာနဲ့ ရေချိုးခန်းက အိပ်ခန်းနဲ့တွဲလျက် ဖြစ်သွား ပါတယ်’’
‘‘သန့်ရှင်းအောင်ရှင်းလင်းသုတ်သင်မှု နည်းစနစ် တော့ ကောင်းရမှာပေါ့နော်’’
‘‘အင်း အလွဲကြီးလွဲလို့ နိုင်ငံခြားသားတွေ ကျိတ် အံ့ဩရတာက ရှိသေးတယ်’’
‘‘ဘာများပါလိမ့်’’
‘‘တိုးတက်ပြောင်းလဲလာတဲ့ တစ်ရှူးခေတ်မှာ စားသောက်ဆိုင်တွေမှာ တစ်ရှူးလိပ်တွေကို ပါးစပ်သုတ်ဖို့ သုံးလာကြတယ်’’
‘‘တစ်ရှူးလိပ်အကြမ်းစားက အိမ်သာသုံးအတွက်ပဲ၊ ပါးစပ်သုတ်၊ မျက်နှာသုတ်တစ်ရှူးက ထမင်းစားပွဲမှာ သုံးဖို့ပါဗျာ။ အရှေ့တိုင်းနိုင်ငံများစွာမှာ တစ်ရှူးလိပ်ကို အိမ်သာသုံးအဖြစ်ကနေ ထမင်းစားပွဲဆီ အသုံးတည့်လာမှု ကို အနောက်တိုင်းက လူတွေရဲ့အမြင်ပါ’’
‘‘ကျန်းမာရေးရောဂါကူးစက်မှုနဲ့တော့ မဆိုင်လှပါ ဘူး၊ လွဲတော့လွဲတာပဲ’’
‘‘နိုင်ငံတကာမှာ ပင်လယ်ကမ်းခြေ၊ မြစ်ကမ်းခြေက အဆောက်အဦတွေ၊ မြေတွေက တန်ဖိုးကြီးမားလှပါတယ်။ အိမ်ပုံစံထုတ်ဗိသုကာတွေက ရေပြင်ကိုမျက်နှာပြုတဲ့ အဆောက်အဦတွေဖန်တီးကြတယ်။ နာမည်ကျော်မြစ်ကြီး တွေကို မျက်နှာပြုပြီးဆောက်သလို ရေပြင်ကိုလည်း သန့်ရှင်းလှပအောင် စုပေါင်းပြုပြင်ကြပါတယ်’’
‘‘ဟာ ကျုပ်တို့က မြစ်တို့၊ ချောင်းတို့ကို ကျောပေးပြီး အိမ်ဆောက်တာ။ အိမ်သာကို ကမ်းစပ်မေးတင်ပြီး အပေါ့အလေးကိစ္စ မြစ်ထဲတစ်ခါတည်းပြီးသွားအောင် ဆောက်ထားတာပါ့"
‘‘ပင်လယ်ကို ဖြတ်တိုက်လာတဲ့လေကိုရှူရင် ရောဂါ ကင်းတယ်၊ ရောဂါပျောက်တယ်။ မြစ်ချောင်းအင်းအိုင်နဲ့ ရေပြင်ရှုခင်းတွေကြောင့် စိတ်နှလုံးအေးချမ်းမှုရစေတယ်’’
‘‘အဲဒီအလွဲကြီး၊ အမှားကြီးကတော့ မြန်မာ့ကျန်းမာရေး သမိုင်းကြောင်းမှာ ဝမ်းရောဂါတွေ ထိန်းမရဘဲ ရွာလုံးကျွတ် ကူးစက်ဒုက္ခ ရောက်ကြရတာရှိပါတယ်။ မြစ်ထဲကို မစင်စွန့်၊ လူသေ၊ ခွေးသေကောင်တွေ စွန့်ပစ်တာ၊ အမှိုက်ပစ်တာ၊ ဒါတွေရပ်တန်းက ရပ်သင့်ပါပြီ’’
‘‘အဲဒီရေတွေကို ထရိမင့်မလုပ်ဘဲ သောက်ကြတော့ ဝမ်းပျက်ဝမ်းကိုက် ဝမ်းရောဂါတွေ ခံစားကြရတယ်။ အဲဒါ ကြောင့် အသက်အန္တရာယ်ထိပါးတဲ့အထိ ဖြစ်ကြရတယ်’’
‘‘မြန်မာ့အသက်သွေးကြောမြစ်ကြီးတွေကို ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်။ အဖိုးတန်ပိုင်ဆိုင်မှု ကြီးတွေပါ’’
‘‘ခုတော့ မြို့ကြီးတွေမှာ မြစ်ရေကိုစုပ်တင်ပြီး ကန်ထဲမှာထည့်၊ အနည်ထိုင်၊ ရေစစ်။ ရေထဲပါလာတဲ့ ဗက်တီးရီးယား ပိုးမွှားတွေ သုတ်သင်ရှင်းလင်းတဲ့ နည်းစနစ်တွေနဲ့ အိမ်အရောက်ပိုက်သွယ် ပို့ဆောင်ပေး နိုင်လာတော့ ဝမ်းသာစရာပေါ့’’
‘‘အဲဒီတော့ မလွဲတော့ဘူးပေါ့နော်’’
‘‘အင်း ပြဿနာက မြန်မာပြည်ကြီးက ကျယ်ပြန့် တော့ မြို့တိုင်း ရွာတိုင်း ဒီလိုမလုပ်နိုင်သေးတာ လွဲနေတာ ပေါ့’’
‘‘ဘာပဲဖြစ်ဖြစ် အားလုံးသော အလွဲလေးများကို ပြည်သူ့ကျန်းမာရေးအတွက် ရှေးရှုပြီး ပြင်ဖို့ ကြိုးစား လိုက်ကြရအောင်လား’’
‘‘စီးပွားရေးက ကျပ်တည်းနေသေးတော့၊ မပြင်နိုင် ကြသေးရင်ရောဗျာ’’
‘‘မပြင်နိုင်သေးရင်တော့ ဒီလိုညစ်ညစ်ပတ်ပတ် အလွဲတွေကြားက ကျုပ်တို့ကိုယ်ခံအားကိုသာ အားကိုးရ တော့မှာပေါ့ဗျာ’’
‘‘ဟုတ် ခံနိုင်ရည်ကိုယ်ခံအားထက် ကျော်သွား ရင်တော့ ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရှိကြောင်းပါ ဗျာ’’ ။ ။
- Log in to post comments