ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးမျိုးစိတ်သစ်သည် ကမ္ဘာတစ်ဝန်း၌ ပျံ့နှံ့နေသဖြင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေသည်။ မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးကွဲ မျိုးစိတ်သစ်များ ကူးစက်မှုဖြစ်လာသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံသည် ကူးစက်မှုအမြင့်ဆုံးဖြစ်နေပြီး အိန္ဒိယနိုင်ငံမှ တွေ့ရှိခဲ့သည့် ဒယ်လ်တာကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ်ကြောင့် ကူးစက်မှုနေ့စဉ်တိုးနေသည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံ တို့တွင် ရောဂါဖြစ်ပွားမှုမြင့်တက်နေဆဲဖြစ်ပြီး ၎င်းနိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်ဒေသများတွင် လူဝင်၊ လူထွက်များကို အထူးဂရုစိုက်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ပြီးခဲ့သည့်မေလကုန်မှစတင်၍ မြန်မာနိုင်ငံ၏ နယ်စပ် ဒေသအချို့ရှိ မြို့နယ်များတွင် အစုလိုက်ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများသာမက ကိုဗစ်-၁၉ ရောဂါပိုး မျိုးဗီဇ စစ်ဆေးမှုများကို ရှာဖွေစစ်ဆေးခဲ့ရာ မျိုးဗီဇကွဲ ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးစိတ် သစ်သုံးမျိုးကို တွေ့ရှိခဲ့သည်။
အဆိုပါ မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးသုံးမျိုးကို ဇွန်လ ၁၅ ရက်က တရားဝင်ထုတ်ပြန်အသိပေးခဲ့ပြီး ပိုးသုံးမျိုးတွင် Alpha နှင့် Delta တို့သည် ရောဂါပိုး ကူးစက်နိုင်မှုနှင့် ထပ်မံကူးစက်ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားသည့်အပြင် ဆေးရုံတက်ရောက် နိုင်ခြေနှင့် သေဆုံးနိုင်ခြေမြင့်မားကြောင်း သိရသည်။ မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုး သစ် စတင်တွေ့ရှိသည့် နိုင်ငံသား ၁၁ ဦးကို ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးလျက် ရှိသော်လည်း ယခုရက်ပိုင်းအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှုနှုန်းနှင့် သေဆုံးနှုန်း မြင့်မားနေသောကြောင့် ကျန်းမာရေးလုံခြုံမှုစည်းမပေါက်စေရန် အထူးဂရုစိုက် စောင့်ကြပ်စစ်ဆေးကာကွယ်ပေးရန် လိုအပ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှုများပြားနေပြီး ပိုးတွေ့နှုန်းမြင့်တက်နေသည့်မြို့နယ်များကို မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များကို အသိပေးကြေညာခဲ့သည်။ ဦးစွာချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်အချို့ကို ကြေညာခဲ့ပြီး ယမန်နေ့များက ပဲခူး တိုင်းဒေသကြီး လက်ပံတန်းမြို့နယ်နှင့် ဖြူးမြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူ များအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင် ကြောင်း ကြေညာခဲ့သည်။ ထို့အပြင် နေပြည်တော်သို့ ဝင်ရောက်လာမည့်သူများအနေဖြင့်လည်း ကျန်းမာရေးစစ်ဆေးမှုခံယူရမည့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံသို့ နယ်စပ်ဂိတ်နှင့်ပြည်ပအဝင်၊ အထွက်များတွင် စိစစ်စစ်ဆေး လျက်ရှိသော်လည်း တရားမဝင် ဝင်ပေါက်များမှ ရောဂါပိုးရှိသူများအား ရှာဖွေ စစ်ဆေးထိန်းချုပ်ရေးကို အထူးသတိပြုဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်နှစ်မြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာများ တွေ့ရှိမှုများပြားလာပြီး ပိုးတွေ့ရှိမှုနှုန်း မြင့်တက်နေသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အလေးထားဆောင်ရွက်နေသည်။ မမြင်နိုင်သော ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံအတွင်း နေထိုင် ကြသော ပြည်သူအပေါင်းတို့အနေဖြင့် မိမိတို့၏နေထိုင်သွားလာလုပ်ကိုင် ဆောင်ရွက်ကြရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်းများကို အထူးဂရုစိုက်လိုက်နာကြရမည် ဖြစ်သည်။
အထူးသဖြင့် Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော အမိန့်ပါ စည်းကမ်းချက် များအား အတိအကျလိုက်နာရန် လိုအပ်ပါသည်။ လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရနိုင်သည်။ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ သွားရောက် ပါက ပါးစပ်နှင့်နှာခေါင်းစည်းကို မဖြစ်မနေစနစ်တကျတပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းတို့ကို အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါသည် ဗီဇမျိုးကွဲသစ်ဖြင့် တစ်ကျော့ပြန်ခေါင်းထောင် လာပြီဖြစ်၍ ပြည်သူများ ရောဂါကပ်ဘေးကင်းဝေးစေရေးအတွက် ထုတ်ပြန်ထား သောကျန်းမာရေးဆိုင်ရာအမိန့်ညွှန်ကြားချက်များကိုလိုက်နာပြီး လူတိုင်း၊ မိသားစု တိုင်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း။ ။
Remark Type