အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် အကြမ်းဖက်သမား လေးဦးအား သေဒဏ်အမိန့် ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ပြင်သစ် ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ပြောဆိုချက်၊ ထုတ်ပြန်ချက် များအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လည်း လွတ်လပ်သည့်တရားစီရင်ရေးစနစ်ဖြစ်သည်။ တရားမျှတ ခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားသုံးပါး ထွန်းကားမှ လူ့ဘောင်ဘဝ ထွန်းကားတိုးတက်နိုင်မည်ဖြစ်သည်။ လူသည် တရားဥပဒေကို အကာအကွယ်အစောင့်အရှောက်အဖြစ် အသုံးပြုနိုင်သလို တရားဥပဒေနှင့်အညီ နေထိုင်ကြရမည်ဖြစ်ပြီး တရားဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်မှုကိုလည်း ခံယူကြရမည်ဖြစ် သည်။ အပြစ်ရှိသူကို ထိုက်သင့်သောအပြစ်ပေးရန်နှင့် အပြစ် မရှိသောသူကို ဥပဒေအရ ကာကွယ်ပေးရန်မှာ တရားရုံးတို့၏ အဓိကဝတ္တရား ဖြစ်သည်။
ယခု အကြမ်းဖက်မှုကျူးလွန်ခဲ့သူများ၏ အခြားတစ်ဖက်တွင် ကျူးလွန်ခံခဲ့ရသော အပြစ်မဲ့ပြည်သူများ ရှိနေသည်ကိုလည်း သတိမူရမည်ဖြစ်ပြီး ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေးတို့ကိုလည်း လေးစားကြရန် လိုသည်။ အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့ရသူများတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ကျန်းမာ ရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အထွေထွေ အုပ်ချုပ်ရေး၊ အကျဉ်းဦးစီး၊ နတလ၊ သစ်တော၊ လျှပ်စစ် စသည့်ဌာနဆိုင်ရာများမှ ဝန်ထမ်းအများအပြား သေဆုံး၊ ဒဏ်ရာ ရခဲ့ကြသလို အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူများ ရာနှင့်ချီ၍ ရှိခဲ့သည်။ အဆိုပါဖြစ်စဉ်များ ဖြစ်ပွားခဲ့စဉ်က သတင်း များ ထုတ်ပြန်ခဲ့သလို သတင်းစာရှင်းလင်းပွဲများတွင်လည်း သက်သေအထောက်အထားများစွာနှင့်တကွ ထုတ်ပြန်ရှင်းလင်းခဲ့ သည်။ ယခု အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှု ကျူးလွန်ကြောင်း ထင်ရှားသဖြင့် အကြမ်းဖက်သမား လေးဦး သေဒဏ်ချမှတ်ခံရခြင်းအပေါ် တာဝန်မဲ့ပြောဆို၊ ထုတ်ပြန်ခဲ့သူများ မှာ အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများအား ဒေါက်တိုင်များ၊ ဒလန် များဟူ၍ စွပ်စွဲပြီး အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့စဉ်က မသိချင်ယောင်ဆောင်ကာ နှုတ်ဆိတ်နေခဲ့ကြသူများသာ ဖြစ်သည်။
အသက်ရှင်ခြင်း၊ လွတ်လပ်ခြင်းနှင့် လုံခြုံခြင်းကို ရရှိခွင့်သည် လူတိုင်းအတွက် လူ့အခွင့်အရေးဖြစ်သည်။ ထိုလူ့အခွင့်အရေးကို မျက်ကွယ်ပြု ဖောက်ဖျက်ကာ နိုင်ငံရေးရည်မှန်းချက်အတွက် အပြစ်မဲ့အရပ်သားများကို လုပ်ကြံသတ်ဖြတ်ခဲ့သူသည် အကြမ်း ဖက် လူသတ်သမားသာဖြစ်ပြီး တရားဥပဒေနှင့်အညီ တရားစီရင် မှုသည် တရားရုံးတို့၏ တာဝန်ဖြစ်သလို ကျူးလွန်ခံခဲ့ရသူတို့ အတွက် တရားမျှတမှု ရရှိပိုင်ခွင့်ပင် ဖြစ်ပါကြောင်း။ ။