ကူညီဖြည့်စွမ်း စေတနာ့ဝန်ထမ်း

အယ်ဒီတာ့အာဘော်

==============

 

ကူညီဖြည့်စွမ်း စေတနာ့ဝန်ထမ်း

=====================

 

ကိုဗစ်-၁၉ ရောဂါကူးစက်မှုက မိမိတို့နိုင်ငံတွင် များလာနေသည်။ ရောဂါ ကူးစက်မှုများက လျော့မသွားတိုး၍သာများနေသဖြင့် ရှေ့တန်း တိုက်စစ်မှူးများဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ သည်လည်း ပင်ပန်းနွမ်းလျလာကြ၏။ ပိုးတွေ့လူနာများပြားမှုကြောင့် ဆေးရုံနေရာ အခက်အခဲ၊ ကူညီစောင့်ရှောက်သူအင်အား အခက်အခဲများ ကြုံနေရသော်လည်း နည်းဗျူဟာအပြောင်းအလဲများ ပြုလုပ်ကာ မကြာမီ ကာလအတွင်း ထိန်းချုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။

 

ရန်ကုန်မြို့နေပြည်သူများ မလိုအပ်ဘဲ လမ်းပေါ်မထွက်ရန် စည်းကမ်း သတ်မှတ်ချက်များ အသစ်ထုတ်ပြန်ခဲ့ရာ ရန်ကုန်လမ်းမများတွင် လူသူသွားလာမှု အတော်ရှင်းသွားသည်။ ပြည်သူများပူးပေါင်းပါဝင်မှု၏ ရလဒ်ပင် ဖြစ်ပါသည်။ ထိုအခြေအနေကို နှစ်ပတ်၊ သုံးပတ်လိုက်နာပါက ကူးစက်မှုများ ထိန်းချုပ်ရာတွင် အများကြီးအထောက်အကူပြုမည် ဖြစ်သည်။ လက်ရှိ ကူးစက်လူနာဦးရေနှင့် ယခုရက်ပိုင်းအတွင်း တွေ့လာ နိုင်သည့်လူနာအရေအတွက် ချိန်ထိုးတွက်ချက်ကာ အသွားအလာ ကန့်သတ်မှု (Quarantine)ကိုလျှော့ချခဲ့ရာ ဆေးရုံနေရာအခက်အခဲအတွက် ဖြေရှင်းနိုင်သည့်အခြေအနေတွင်ရှိနေသည်။

 

လက်ရှိဖြစ်ပွားနေသော ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမျက်နှာစာမှ ပါဝင်လျက်ရှိသော ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အဓိကကျလျက်ရှိသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကူးစက်လူနာ များနှင့် အနီးကပ်ထိတွေ့နေရသူများဖြစ်သဖြင့် ကူးစက်ခံရနိုင်ခြေ အများဆုံးအခြေအနေတွင် လုပ်ကိုင်နေရသည်။ ကူးစက်ခံရမှုများလည်း ရှိနေသည်။ ထို့ပြင် မိမိတို့မိသားစုနှင့် အတူမနေရဘဲ သီးသန့်ခွဲနေရကာ ကျန်းမာရေးစောင့်ရှောက်မှုတာဝန်များကို ထမ်းဆောင်နေရသည်။

 

ထို့အတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသည်လည်း တာဝန် ထမ်းဆောင်စဉ်ကာလတွင် သတ်မှတ်ထားသောနေရာ၌ သတ်မှတ်ရက် အတိုင်းနေထိုင်ပြီး Quarantine Center များတွင် မိမိတို့ကျွမ်းကျင်မှုအလိုက် ပါဝင်ဆောင်ရွက်ရသည်။ မိမိတို့၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံ ဉာဏ်များကို အခကြေးငွေမယူဘဲ အများကောင်းကျိုးအတွက် ပါဝင် ထမ်းရွက်နေကြသူများဖြစ်သည်။ ၎င်းတို့အနေဖြင့် ရှေ့တန်းမျက်နှာစာတွင် ပင်ပင်ပန်းပန်း တာဝန်ထမ်းဆောင်နေကြသည်။

 

ယခုဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါသည် ကူးစက်ရောဂါဖြစ်သည်။ ကူးစက်ခံထားရသူများအနေဖြင့် အစိုးရိမ်မလွန်ဘဲ ရောဂါ၏သဘော သဘာဝကိုသာ သိထားရန်လိုသည်။ မိမိသည် လူနာဖြစ်သည်ဟုမခံယူဘဲ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာပါက ရက်ပိုင်းအတွင်း ပျောက်ကင်းသက်သာသွားနိုင်မည် ဖြစ်သည်။

 

ယနေ့အခြေအနေတွင် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ၏ စွမ်းဆောင်မှုများကို ကျေးဇူးတင်တန်ဖိုးထား အသိအမှတ် ပြုရမည်ဖြစ်သည်။ ထို့အတူ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကိုလည်း ထပ်မံဖြည့်စွမ်းရမည်ဖြစ်သည်။

 

 

လောလောဆယ်တွင် သုဝဏ္ဏ ဘောလုံးအကယ်ဒမီတွင် ဖွင့်လှစ်ထားသော ယာယီဆေးရုံ၌ မိမိတို့ဆန္ဒ အလျောက် တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်းများဖိတ်ခေါ်လျက် ရှိသည်။ ကျန်းမာသန်စွမ်းပြီး နိုင်ငံ့တာဝန်ကို တစ်ဖက်တစ်လမ်းမှ ကူညီလိုသော လူငယ်၊ လူရွယ်များကို ပါဝင်ကူညီကြရန် တိုက်တွန်းလိုပါ သည်။

 

ယနေ့ဖြစ်ပွားလျက်ရှိသော ကပ်ရောဂါဆိုးကြီးကို တိုက်ထုတ်ရန်မှာ တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် မဖြစ်နိုင်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုအောက်တွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ကူညီဆောင်ရွက် နေသူများ၊ ပြည်သူများအားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင်ကူညီ ဖြည့်စွမ်းမှုစွမ်းအားဖြင့်သာ တိုက်ထုတ်နိုင်မည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။ ။