လစ်ဘရယ်လှိုင်းအပုတ်မှာ တိမ်မြုပ်စပြုလာသည့် ရိုးရာဓလေ့စံနှုန်းများ

Type

စာချစ်သူ

====

 

လက်ဖက်ရည်ဆိုင်ထဲမှာ ချစ်သူစုံတွဲတစ်တွဲ နဖူးလေးကိုနမ်းလိုက်၊ ပါးလေးကိုတို့ထိလိုက်နှင့် ပတ်ဝန်းကျင်ကို  သူတို့မေ့လျော့နေသည်။ တစ်ဝိုင်းတည်းထိုင်နေသည့် လူငယ်ကောင်လေးများကလည်း သူတို့စုံတွဲကို ဂရုမထား၊ ဂိမ်းကစားမပျက် ရှိလို့နေသည်။ အတိတ်မြင်ကွင်းပုံရိပ်တို့က တဖျပ်ဖျပ်ထင်ဟပ်လာသည်။ ဆရာမကြီး လူထုဒေါ်အမာက “ကျွန်မတို့ငယ်ငယ်တုန်းက” စာပဒေသာ ပေလွှာဖွဲ့နွဲ့ခဲ့သလို ကျွန်တော်တို့ ငယ်ငယ်တုန်းက ချစ်မှုရေးရာ နှလုံးသားကိစ္စများကို ပြန်ပြောင်းသတိရလာသည်။

 

ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ် ၁၉၈၀ ကျော်လွန်နှစ်များက    ချစ်သူရည်းစားရဖို့အရေး လျှောက်ပြန်သံပေး ခြေအေးဝမ်းရောင်ဖြစ်မတတ် အတော့်ကို ပိုးရပန်းရသည်။ ဆရာမောင်ပန်းမွှေး၏- 


“ဒို့မလာအား၊  ဒို့ကိုယ်စား၊   ပန်းကလေးများ ပို့လိုက်တယ်။”
“ခင်မင်ကြင်နာ၊ အောက်မေ့တာကို၊ သည်စာ လေးက သက်သေပဲ။” စသဖြင့် ချစ်ခြင်းဖွဲ့ကဗျာတို လေးများနှင့်အတူ   ပန်းချီကားလှလှလေးများ ရိုက်နှိပ်ဖော်ပြထားသော ချစ်သဝဏ်လွှာ စာလွှာ လေးများပါးဖို့အရေး လူက ကတုန်ကယင်။
“သိပ်ပျော်လိုက်တာ၊   ရင်တောင်တုန်တယ်၊ ပြန်စာပြန်စာ သူလေးကပေးလာ”  ဆိုသည့်နှယ် ချစ်ဦးသူထံမှ ချစ်အဖြေလွှာပြန်စာရပြန်တော့လည်း ယခုလို လူတောထဲမှာ နဖူးလေး၊ ပါးလေးကို တို့ထိဖို့ ဝေးစွ လူချင်းပင်  မမြင်၊  မတွေ့ရ။  အပြန်အလှန် စာလွှာပါးနေရရုံဖြင့် ကြည်နူးပျော်ရွှင်ခြင်းများစွာ ဖြစ်ကြရပါသည်။
စိတ်ကူးတို့သည်   အတိတ်နေ့ရက်များဆီမှ ပစ္စုပ္ပန်ကာလသို့ ပြန်လည်ကူးပြောင်း ရောက်ရှိလာ ပြန်သည်။  ဘေးစားပွဲဝိုင်းမှ လူငယ်လေးတစ်ဦး ခုံလွတ်တစ်ခုပေါ် ခြေထောက်တင်၍ ဂိမ်းကစားလို့ ကောင်းနေသည်။ သူ့ခြေထောက်တို့က မျက်နှာချင်း ဆိုင်မှာထိုင်နေသည့် ကျွန်တော့်မျက်နှာတည့်တည့် မှာ ဝဲလို့။
ခေတ်လူငယ်တို့၏     သဘောသဘာဝနှင့် လွတ်လပ်မှုကို ကျွန်တော်တို့  နားလည်ပါ၏။ သူတို့ မျိုးဆက်က လစ်ဘရယ်ခေတ်မှာ ကြီးပြင်းလာကြ သူတွေ။ လွတ်လပ်မှုကိုသာ အလေးထားကြသူတွေ။ ကျွန်တော်တို့က ကွန်ဆာဗေးတစ် လူမှုအသိုက် အဝန်းခေတ်မှာ ကြီးပြင်းလာသူတွေ။ အစဉ်အလာ ကိုဖက်တွယ်တတ်သည့်   ရှေးရိုးဆန်သူများဖြစ် ကြသည်။


မိဘဆရာသမားတို့၏ အရိပ်က လွှမ်းမိုးထား


မျိုးဆက်အလိုက် ကွာဟမှုနှင့် ခေတ်ကာလ အလျောက် ပြောင်းလဲမှုများကား များစွာကွာခြား သွားခဲ့ပြီ။  ကျွန်တော်တို့ငယ်စဉ်   ၁၉၇၀၊   ၈၀ ကျော်လွန်နှစ်များက   မိဘ၊  ဆရာသမားတို့၏ အရိပ်က အရာရာကို လွှမ်းမိုးထားသည်။


“လူကြီးရှေ့မှာ ခေါင်းငုံ့သွား။ တစ်ခုခုပေးရင် လက်နှစ်ဖက်နဲ့ ရိုရိုသေသေပေး။ စကားပြောရင် ဟုတ်ကဲ့ခင်ဗျ၊ ဟုတ်ကဲ့ရှင့်လို့ပြော။ မသိဘူး၊ မရှိဘူး တုံးတိမပြောရဘူး။ မသိပါဘူးခင်ဗျာ၊ မရှိပါဘူးရှင့်လို့ ‘ပါ’ကို ထည့်ပြော” စသဖြင့် မိဘများက ကိုယ့်သား သမီး လိမ္မာယဉ်ကျေးရှိစေဖို့၊ လူဆိုးလူပေမဖြစ်စေဖို့၊ ရုံးရောက် ဂတ်ရောက်မဖြစ်ဖို့၊ ဘိန်းစား၊  အရက် သမားမဖြစ်စေဖို့ ကြက်ကောင်းကြိုးမကွာ၊ ရင်အုပ် မကွာ ထိန်းသိမ်းစောင့်ရှောက် မွေးမြူကြ၏။
ရပ်မိရပ်ဖ လူကြီးများကလည်း သူ့သားသမီး၊ ကိုယ့်သားသမီးရယ်လို့ မခွဲခြား။ အမြင်မတော်တာ တွေ့လျှင် ဆိုဆုံးမတတ်သည်။  ကျွန်တော်တို့မှာ ကလေးဘဝ ဆော့ကစားရာမှာပင် လူကြီးများ၏ အရိပ်အကဲကိုကြည့်ကြရသည်။ ဘောလုံးကန်လျှင် ဖုန်ထမည်စိုး၍ မြေကြီးကိုရေဖြင့် အရင်ပက်ဖျန်း ကြရသည်။  တစ်ခါတလေ   ကစားချင်ဇောဖြင့် ရေမဖျန်းမိပါက  နီးရာအိမ်မှ  လူကြီးတစ်ဦးက ထွက်အော်သည်။ ဘောလုံးကို သိမ်းဆည်းထားပြီး ရေဖျန်းပြီးမှ ပြန်ထုတ်ပေးပါသည်။ 


လေးခွတစ်လက်ဖြင့် ဟိုပစ်၊ ဒီပစ် ပစ်ပါက လည်း အိမ်ခေါင်မိုးများပေါ်  လောက်စာလုံးမကျမိ အောင် သတိပြုရသည်။ မတော်တဆ အိမ်ခေါင်မိုး ပေါ်ကျပါက အိမ်ရှင်လူကြီးသူမများက “ဘယ်သူ့ သား၊  ဘယ်သူ့မောင်မို့လား၊ အိမ်လာတိုင်ရမလား”ဟု ဆူပူဆိုဆုံးမသံကြားရပါလိမ့်မည်။ ကျွန်တော်တို့မှာ လူကြီးသူမများကို  ပြန်လည်ခွန်းတုံ့ပြန်ဖို့ဝေးစွ၊ မျက်နှာချင်းပင်   မဆိုင်ရဲ၍   အိမ်ခေါင်မိုးအပေါ် လောက်စာလုံးကျသံ   ကြားသည်နှင့် ဦးအောင် တစ်ချိုးတည်း လစ်ပြေးကြရပါတော့သည်။


ဓလေ့စံနှုန်းများသည် တိမ်မြုပ်ပျောက်ကွယ်စပြု


ပစ္စက္ခ     လစ်ဘရယ်လှိုင်းအပုတ်မှာတော့ အတိတ်က   ဓလေ့စံနှုန်းများသည်   တိမ်မြုပ် ပျောက်ကွယ်စပြုလာခဲ့ချေပြီ။    အတိတ်ကလို လူကြီးတွေရဲ့   အရိပ်အကဲကို    လူငယ်တွေက ကြည့်နေရသည့်ခေတ် မဟုတ်တော့။ လူငယ်တွေရဲ့ အရိပ်အကဲကို လူကြီးတွေက ပြန်ကြည့်ရသည့်ခေတ် ဖြစ်လာသည်။
အမြင်မတော်၍    သွန်သင်ဆုံးမလိုသည့်တိုင် ယဉ်ကျေးသိမ်မွေ့သူလား၊      ရိုင်းပျတတ်သူလား၊ အစွန်းရောက်သူလား၊ ကိုယ်နှင့်ရင်းနှီးကျွမ်းဝင်သူ တွေရဲ့ သား၊ သမီး၊ တူ၊ တူမတွေလား၊ မသိကျွမ်းသူ တွေများလား  စသဖြင့်   ရေငုံနှုတ်ပိတ်ရသည်က များလေသည်။ ထိုသို့ လူကြီးသူမတို့၏ နှုတ်ဆိတ်မှု များ  များလာသည်နှင့်အမျှ မြန်မာ့လူ့ဘောင်သည် အပြန်အလှန်ထိန်းကျောင်းမှုဘောင်မှ ကင်းလွတ်၍ အကွပ်မရှိသည့်ကြမ်း ပရမ်းပတာအသွင် ဖြစ်လာသည်။
မြန်မာ့လူ့အဖွဲ့အစည်းအတွင်း၌လည်း ကြီးစွာ သောပြောင်းလဲမှုများ  ဖြစ်ပေါ်လာသည်။  အထူး သဖြင့်   လူမှုကွန်ရက်နည်းပညာ  အပြောင်းအလဲ များနှင့်အတူ   ပါတီစုံဒီမိုကရေစီစနစ်   သက်ဝင် လာသည့် ဆယ်စုနှစ်အတွင်း၌  ပြောင်းလဲမှုအရှိန် သည် ပို၍မြန်နှုန်းမြင့်လာသည်။


ဘက်အမြင်ဘက်အတွေးစံနှုန်းများဖြင့်သာ အကဲဖြတ်


ဂုဏဝုတ္တိ၊  ဝယဝုတ္တိဟူသော  ဂုဏ်အားဖြင့်၊ အသက်အရွယ်အားဖြင့် ကြီးမြင့်သူများကို ရိုသေ ကိုင်းရှိုင်းခြင်း၊ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားခြင်းဟူသည့် ဓလေ့စံနှုန်းများလည်း ပျောက်ကွယ်သွားလုမတတ် ဖြစ်လာသည်။ အရာရာ ကို  ဘက်အမြင်  ဘက်အတွေး၊  နိုင်ငံရေးအတွေး အမြင် စံနှုန်းများဖြင့်သာ  ရှုမြင်အကဲဖြတ်လာကြ လေသည်။ ကိုယ်နှင့်နိုင်ငံရေးအမြင်၊ သဘောထား ရပ်တည်ချက်မတူလျှင် မတူသလို လူမှုကွန်ရက် စာမျက်နှာထက်တွင်  ပုတ်ခတ်စော်ကားရေးသား လာကြသည်။
တပ်မတော်က နိုင်ငံတော်တာဝန်ကို လွှဲပြောင်း ရယူခဲ့သည့် ၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလ  ၁ ရက်နေ့ နောက်ပိုင်းကာလများတွင်မူ မြန်မာ့လူ့အဖွဲ့အစည်း ၏    ဓလေ့ရိုးရာယဉ်ကျေးမှု    စံနှုန်းများသည် ကြီးစွာသောစိန်ခေါ်မှုများနှင့်  ရင်ဆိုင်ကြုံတွေ့ လာခဲ့သည်။
အစွန်းရောက်ဝါဒီများသည်   မြန်မာ့လူ့အဖွဲ့ အစည်းကို  ရန်၊  ငါ စည်းခြားလိုက်ကြသည်။ ကိုယ်နှင့်ယုံကြည်ချက်၊ ရပ်တည်ချက်သဘောထား အမြင်မတူသူကို      ရန်သူအဖြစ်သတ်မှတ်ပြီး အကြမ်းဖက်    လုပ်ကြံသတ်ဖြတ်လာကြသည်။ ဘာသာ သာသနာအပေါ် စော်ကားလာကြသည်။

ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွင်     နေလို၊ လလို ထင်ရှားကျော်ကြားသည့်       ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများကို   လူမှုကွန်ရက်စာမျက်နှာ ထက်တွင် ပုတ်ခတ်စော်ကား  ရေးသားလာကြသည်။ ပွင့်လင်းရာသီတွင် ဘုရားဖူးထွက်သူများ၊ ဆရာ တော် သံဃာတော်များအား သွားရောက်ဖူးမြော် ကြသူများကို ရှုတ်ချစော်ကားလာကြသည်။ ဘုရား ဖူးယာဉ်များကို     အကြမ်းဖက်တိုက်ခိုက်ရန်ပင် လှုံ့ဆော်ရေးသားလာကြသည်။


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖတ်လိုက်ရသည့် Comment စာကြောင်းတစ်ခုကမူ  မြန်မာ့လူ့ဘောင် အဖွဲ့အစည်း၏ အနာဂတ်အတွက် ကြီးစွာသော တုန်လှုပ်မှုကို  ဖြစ်ပေါ်ခံစားမိလေသည်။   နိုင်ငံရေး နှင့်မဆိုင်သည့်    အားကစားသတင်းစာမျက်နှာ တစ်ခုတွင် ပေါ်တူဂီလက်ရွေးစင်ဘောလုံးအသင်းမှ နာမည်ကျော် ရော်နယ်ဒိုက ပြိုင်ဘက်လက်ရွေးစင် အသင်းကို   သုံးဂိုးဆက်တိုက်  ဂိုးသွင်းယူနိုင် သည့်သတင်းကို  ရဟန်းသံဃာတော်တစ်ပါးက မရှင်းလင်း၍ “ရော်နယ်ဒိုသွင်းတဲ့ နှစ်ဂိုးအပေါ်က ဘာလုပ်ထားတာလဲ”ဟူ၍ မေးမြန်းခဲ့ရာ   လူ တစ်ယောက်က “ဘုန်းကြီးကျောင်းမှာ အင်္ဂလိပ်စာ မသင်ရလို့နေမယ်။ P ကိုတောင်မသိတဲ့ သင်္ကန်းခြုံနဲ့ လူသား”ဟူ၍  မဆီမဆိုင်   ဝင်ရောက်ရေးသား စော်ကားခဲ့သည်ကို ဖတ်လိုက်ရသည်။

ဆရာတော်က “မပြောတော့ပါဘူးလေ၊ ငရဲကြီး ပါတယ်”ဟု သည်းခံစိတ်ဖြင့် ပြန်လည်ဖြေလျှော့ ရေးသားခဲ့သည်ကို   ထပ်မံဖတ်ရှုမိပြန်၍   စိတ် မကောင်းဖြစ်ခဲ့ရလေသည်။ ဪ .... လစ်ဘရယ် လှိုင်းအပုတ်မှာ ကျွန်တော်တို့ မြန်မာတွေရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ လုံးပါးပါးပြီး တိမ်မြုပ် လေတော့မလား။
တွေးပူမိ
ထိုသောအခါ  ကျွန်တော်သည်    အတိတ်က မြန်မာ့လူမှုဝန်းကျင်နှင့် မြန်မာ့လူမှုအဖွဲ့အစည်း အပေါ်     ပြန်လည်လွမ်း    တမ်းတလာမိသည်။ ယဉ်ကျေးပျူငှာသော၊ ရိုးသားဖြူစင်သော မြန်မာ လူမျိုးတို့၏ ကောင်းမြတ်သော ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ ပွန်းရှပျက်စီး ဆုံးရှုံးသွားမည့်အရေး ကိုလည်း တွေးပူမိလေသည်။ 
မြန်မာလူငယ်မောင်မယ်များ၏ လွတ်လပ်မှုကို အလေးထားမြတ်နိုးတတ်သော သဘောသဘာဝကို ကျွန်တော်တို့ မပိတ်ပင်၊ မတားဆီးလိုပါ။ သို့တစေ အထိန်းအကျောင်းမဲ့ လွတ်လပ်မှုမျိုး၊ လောက၊ ဓမ္မကို  ဆန့်ကျင်သွေဖည်သွားမည့်အတွေးအခေါ် မျိုး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု           ဓလေ့ထုံးစံများနှင့် လားလားမျှမတူညီသည့် အနောက်တိုင်းယဉ်ကျေး မှုမျိုးကို အားကျအတုယူကြသည့်အဖြစ်မျိုး မဖြစ် ပေါ်လာစေရန် မြန်မာ့လူမှုအဖွဲ့အစည်းတစ်ခုလုံးက ကျွန်တော်တို့ငယ်စဉ်က လူကြီးများ ဝိုင်းဝန်း ထိန်းကျောင်းပေးကြသလို စောင့်ရှောက်မွေးမြူကြရ ပေမည်။
“ကျွန်တော့်ဘဝက သမီးနှစ်ယောက်ကို မဏ္ဍိုင် ထားရပါတယ်။ သူတို့ကို ဘယ်လို ကမ္ဘာလောကမှာ ထားခဲ့ချင်သလဲ ကျွန်တော်တွေးပါတယ်။ သားသမီး များအတွက် ကျွန်တော်တို့ အားလုံးရဲ့သားသမီး အားလုံးပါပါတယ်။   ကျွန်တော်တို့ခေတ်ထက် ကောင်းတဲ့ကမ္ဘာလောကကို မထားခဲ့နိုင်ဘူးဆိုလျှင် တော့  ကျွန်တော်တို့ဘဝတန်ဖိုး   သိပ်မရှိဘူးလို့ ကျွန်တော်နားလည်ထားပါတယ်။ ဖခင်အနေနဲ့၊ မိဘများအနေနဲ့ ဒါဟာ  ကျွန်တော်တို့ရဲ့  ပဓာန တာဝန်ပါပဲ”ဟူသည့် ဖခင်များနေ့၌ ရှီကာဂိုဘုရား ကျောင်းတစ်ခုတွင်  သမ္မတ  ဘာရက်အိုဘားမား ပြောကြားခဲ့သော မိန့်ခွန်းအပိုင်းအစအချို့ကို ကျွန် တော် သတိရသွားသည်။ ကျွန်တော်တို့ရဲ့ပဓာန တာဝန်ဟာ ဘာလဲ၊ ကျွန်တော်တို့ သားသမီးများကို ဘယ်ကမ္ဘာလောကမှာ           ထားခဲ့ချင်သလဲဟူ၍ ကျွန်တော်လည်း ထိုသို့တွေးတောနေမိပါ၏။  ။