နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲလျက်ရှိသော အိမ်ထောင်စုများ ဓာတ်အားချွေတာသုံးစွဲကြရေးအတွက် သက်ဆိုင် ရာက နှိုးဆော်တိုက်တွန်းထားသည်။ မိမိတို့နိုင်ငံတွင် အိမ်ထောင်စု ပေါင်း ၁၀ ဒသမ ၉ သန်းခန့်ရှိရာ လက်ရှိအချိန်တွင် အိမ်ထောင်စု ပေါင်း ၆ ဒသမ ၆ သန်းခန့်က နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အား ရရှိသုံးစွဲနေကြသည်။ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် အိမ်ထောင်စု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်း မီးရနေခြင်းပင်ဖြစ်သည်။
ဓာတ်အားရရှိသုံးစွဲနိုင်ခြင်းဖြင့် လူနေမှုအဆင့်မြင့်တက်သွား သည်။ နေအိမ်များတွင် မီးထွန်း၊ ချက်ပြုတ်၊ တီဗွီကြည့်၊ ပန်ကာ၊ လေအေးပေးစက်၊ အဝတ်လျှော်စက်တို့ တပ်ဆင် စသည်ဖြင့် ဓန အင်အား တတ်နိုင်လျှင် တတ်နိုင်သလောက် သုံးစွဲလာကြသည်။ ကျေးရွာများတွင် အသေးစားစက်မှုလုပ်ငန်းများ၊ အလုပ်ရုံငယ်များ ထူထောင်လာနိုင်ကြသည်။
ဓာတ်အားသုံးစွဲမှုက နှစ်စဉ်တိုးတက်နေ သကဲ့သို့ ထုတ်လုပ်ဖြန့်ဖြူးမှုအပိုင်းကလည်း နှစ်စဉ်တိုးတက်နေ စေရန် အားထုတ်ကြိုးပမ်းနေကြရသည်။ မြန်မာနိုင်ငံတွင် ဓာတ်အား ထုတ်လုပ်မှု အများစုကို ရေအားလျှပ်စစ်စနစ်ဖြင့် ထုတ်လုပ်နေခြင်း ဖြစ်ပြီး သဘာဝဓာတ်ငွေ့၊ LNG၊ နေရောင်ခြည်စွမ်းအင်နှင့် အခြား နည်းလမ်းများဖြင့် ဓာတ်အားထုတ်လုပ်မှုများရှိသော်လည်း အနည်းစု သာဖြစ်သည်။ ရေအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ပြန်ပြည့်မြဲစွမ်းအင်ဖြစ်ခြင်း၊ ထုတ်လုပ်မှုစရိတ်သက်သာခြင်း စသည့်အားသာချက်များရှိသလို စီမံကိန်းကုန်ကျစရိတ် ကြီးမားခြင်း၊ တည်ဆောက်မှုအချိန်ကာလကြာမြင့်ခြင်း၊ ဓာတ်အားထုတ်လုပ် သည့် နေရာများနှင့် မြို့ပြဒေသများ အလှမ်းဝေးခြင်းစသည့် အားနည်း ချက်များလည်းရှိသည်။ အဓိကအားနည်းချက်မှာ ရာသီဥတုအပေါ် မှီခိုနေရခြင်း ဖြစ်သည့်အတွက် မိုးရာသီကုန်ဆုံးခြင်း၊ မိုးရွာသွန်းမှု ပုံမှန်ထက်လျော့နည်း၍ ဆည်တမံများတွင် ရေဝင်ရောက်မှုနည်းပါး ခြင်း စသည့်အခါများတွင် ဓာတ်အားထုတ်လုပ်မှုကို ပုံမှန်အောက်သာ လျှော့ချထုတ်လုပ်နိုင်ခြင်းပင်ဖြစ်သည်။
ယခုနှစ် မိုးရာသီကုန်ဆုံးချိန်တွင် ယခင်နှစ်များအတိုင်း ရေအား လျှပ်စစ်ထုတ်လုပ်မှုကို လျှော့ချရသည့်အပြင် အခြားသော အကြောင်း အရာများကြောင့် ဓာတ်အားထုတ်လုပ်မှု လျော့ကျနေသည့်အတွက် သုံးစွဲမှုအပိုင်းကလည်း ချွေတာသုံးစွဲကြရေး၊ ဓာတ်အားဖြုန်းတီးမှု များကို သတိပြုရှောင်ကြဉ်ကြရေးအတွက် သက်ဆိုင်ရာက မီဒီယာ များမှတစ်ဆင့် နှိုးဆော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားရရှိသုံးစွဲနေသည့် အိမ်ထောင်စု ၆ ဒသမ ၆ သန်းတို့ ဓာတ်အားချွေတာသုံးစွဲခြင်းဖြင့် မိမိတို့မိသားစုရော နိုင်ငံတော်အတွက်ပါ နှစ်ဦးနှစ်ဝ အကျိုးရှိစေမည့် ချွေတာရေး နည်းလမ်းကိုလည်း အကြုံပြုလမ်းညွှန်ထားသည်ကို တွေ့ရသည်။ ဓာတ်အားသုံးစွဲနေကြသည့် အိမ်ထောင်စုများတွင် ရိုးရိုးမီးလုံး၊ မီးချောင်းများအစား LED မီးလုံး၊ မီးချောင်းများကို လဲလှယ်သုံးစွဲ ကြရန်နှင့် မလိုအပ်သောနေရာများမှ မီးခလုတ်များကို ပိတ်ထား ကြရန်ဖြစ်ရာ လွန်စွာရိုးရှင်းလွယ်ကူသည့်အပြင် မိသားစုအတွက် လျှပ်စစ်မီတာခ လျော့နည်းသက်သာစေမည့် အကျိုးကျေးဇူးကို လက်ငင်းရရှိနိုင်ကြမှာဖြစ်သည်။
LED (light emitting diodes) မီးလုံး၊ မီးချောင်းများသည် သမားရိုးကျ မီးလုံး၊ မီးချောင်းများနှင့် နှိုင်းယှဉ်ပါက စွမ်းအင်လိုအပ်ချက် ၈၅ ရာခိုင် နှုန်းအထိ လျော့နည်းသည့်အတွက် ဝပ်အား အတူတူသုံးစွဲလျှင်ပင် အလင်းအားပိုမို၍မြင့်မားသည်။ ထို့ပြင် တာရှည်လည်းခံသည်။ သာမန် မီးလုံး၊ မီးချောင်းများထက် ဈေးပိုကြီးသော်လည်း လွန်စွာမြင့်မား သည့် ဈေးနှုန်းမဟုတ်သည့်အပြင် ဓာတ်အားခသက်သာခြင်းနှင့် သက်တမ်းတာရှည်ခြင်းတို့ကြောင့် ပို၍တွက်ခြေကိုက်သည်။ လူမရှိ ဘဲ မီးထွန်းထားခြင်း၊ တီဗွီဖွင့်ထားခြင်း၊ ပန်ကာလေအေးပေးစက် များ ဖွင့်ထားခြင်း၊ မီးဖို၊ ရေတင်သည့်မော်တာ၊ မီးပူ အစရှိသည့် ဓာတ်အားသုံးစွဲမှုမြင့်မားသည့်ကိရိယာများကို တစ်ပြိုင်တည်း သုံးစွဲ ခြင်း စသည်တို့ကို ဆင်ခြင်ရှောင်ကြဉ်ခြင်းအားဖြင့် ဓာတ်အားခ လျော့နည်းသက်သာစေမည်ဖြစ်သည်။ မိသားစုအတွက်ရော နိုင်ငံ အတွက်ပါ အကျိုးရှိစေမည့် လျှပ်စစ်ဓာတ်အားချွေတာရေး ကျင့်စဉ် များကို လက်တွေ့ကျကျ ကျင့်သုံးခြင်းဖြင့် အကျိုးဆောင်နိုင်ကြ ပါစေကြောင်း။ ။