လောကကိုအလှဆင်နေသည့် စွမ်းနိုင်သူများ

Type

သိုက်စိုးထွန်း(နတ်ရွာ)

============

 

ကိုယ်ခန္ဓာအားဖြင့်သော်လည်းကောင်း၊ ဉာဏ်ရည် အားဖြင့်သော်လည်းကောင်း  တစ်ခုခုချို့ယွင်းမှု ရှိနေရှာသူတွေကို မသန်မစွမ်းလို့ ခေါ်ခဲ့ကြပါတယ်။ ဒီကနေ့ခေတ်မှာတော့ စကားရပ်ပြောင်းလိုက်ပါပြီ။ မသန်စွမ်းတဲ့။ မသန်ပေမယ့် စွမ်းပါတယ်။ ဟုတ်ပါ တယ်။ မသန်ဘူးဆိုပေမယ့် ဂီတအနုပညာအရာမှာ စွမ်းဆောင်နိုင်တယ်။ မသန်ဘူးဆိုပေမယ့် စာပေ အနုပညာမှာ စွမ်းဆောင်နိုင်တယ်။ ပန်းချီ၊ ပန်းပု စတဲ့  အနုပညာနယ်ပယ်တွေမှာစွမ်းဆောင်နိုင် တယ်။ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး နည်းပညာတွေမှာ စွမ်းဆောင်နိုင်တယ်။ သိပ္ပံပညာ ရဲ့နယ်ပယ်တွေမှာ စွမ်းဆောင်နိုင်တယ်။ စသည် စသည်အားဖြင့် မသန်သူတို့ရဲ့စွမ်းဆောင်မှုတွေဟာ ကမ္ဘာမှာ အံ့ဩဘနန်း မှတ်တမ်းတွေရှိခဲ့ကြပါတယ်။ ဒီကနေ့မျက်မှောက်ခေတ်မှာလည်း မသန်သူတို့ရဲ့ စွမ်းဆောင်မှုတွေဟာ ကမ္ဘာမှာရော မြန်မာမှာပါ သိသာထင်ရှားတဲ့ အခန်းကဏ္ဍ၊ အရေးပါအရာ ရောက်တဲ့အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဥပမာတွေထုတ်ဆောင်လို့ ကုန်နိုင်မယ်တောင်မထင် တော့ပါဘူး။
လောကမှာ နေထိုင်ကြတာ အများအားဖြင့် သန်မာတဲ့ပုဂ္ဂိုလ်တွေချည်းပါပဲ။  ကာယဗလနဲ့ ပြည့်စုံတင့်တယ်တဲ့သူတွေသာ  များပါတယ်။ ကြွက်သားအမြှောင်းမြှောင်းနဲ့ ထောင်းလမောင်း ခတ်အောင် ကျစ်လျစ်တောင့်တင်းမနေဘူးဆိုဦး တောင်မှ အနည်းဆုံးတော့ ကိုယ်လက်အင်္ဂါအစုံ အလင်နဲ့ ကျန်းမာကြံ့ခိုင်နေကြပါတယ်။ ကိုယ်ခန္ဓာ အားဖြင့်သော်လည်းကောင်း၊ ဉာဏ်ရည်ဉာဏ်သွေး အားဖြင့်သော်လည်းကောင်း တစ်စုံတစ်ရာချို့ယွင်း မနေဘူးဆိုရင် သန်တဲ့သူလို့ ဆိုရမှာပါပဲ။


သန်မစွမ်းဖြစ်နေသူတွေ


သန်တဲ့သူတိုင်း   စွမ်းကြသလားဆိုတော့ မဟုတ်ပြန်ပါဘူး။ သန်သန်စွမ်းစွမ်းဖြစ်ပေမယ့် သန်မစွမ်းဖြစ်နေသူတွေ များနေတတ်ပါတယ်။ သန်မစွမ်း၊  သန်မစွမ်း။  ဒီစကားလုံးလေးကို တွေ့လိုက်ရတော့ တွေးဆဆင်ခြင်စရာတွေ ရှည် ရှည်လျားလျားရှိနေပါပြီကောရယ်လို့  ရင်မော မိပါတယ်။
သူသူကိုယ်ကိုယ်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်တော့ သန်လည်းသန်တဲ့သူ၊ စွမ်းလည်းစွမ်းတဲ့သူလို့ မှတ် ယူထားမိကြတာပါ။ သန်မာထွားကြိုင်းတဲ့ ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားလို့ပဲဖြစ်ဖြစ်၊ အချိုးအဆစ်ကျန ပြေပြစ်တဲ့ ရုပ်ဆင်းရူပကာကို ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ဖြစ်၊ သူနဲ့ဆန့်ကျင်ဘက်အနေအထားကို ပိုင်ဆိုင် ထားလို့ပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ်တော့ သန်တဲ့ စွမ်းတဲ့သူလို့ပဲ ခံယူထားမိတတ်တာဖြစ်ပါတယ်။ ဒါပေမဲ့ သန်တယ်ဆိုတာဘာလဲ၊ စွမ်းတယ်ဆိုတာ ဘာလဲ။


သန်တယ်ဆိုတဲ့စကားလုံးကို တခြားနေရာ တွေမှာ ကောက်ယူနိုင်တဲ့ အဓိပ္ပာယ်တွေအများကြီး ရှိတဲ့အထဲက ဒီနေရာမှာတော့ ပုံမှန်အနေအထားအတိုင်းရှိနေတယ်လို့သာ အနက်ယူလိုပါတယ်။ သန်သန်မြန်မြန် ပုဂ္ဂိုလ်ကြီးတစ်ယောက်တော့ ဖြစ်နေခဲ့တယ်။ မိဘနှစ်ပါးကမွေးဖွားလိုက်ကတည်း က လူသန်တစ်ယောက်အဖြစ် လောကကြီးထဲကို ရောက်လာခဲ့တယ်။  ဒီကနေ့အချိန်အထိလည်း ကျန်းကျန်းမာမာနဲ့ လောကအလယ်မှာ ရပ်တည် နေနိုင်တုန်းပဲဆိုပါစို့။


သန်နေရုံနဲ့ မပြီးသေးပါဘူး။ စွမ်းဖို့လည်းလိုပါ သေးတယ်။ လူမှုရေးရာတွေမှာ စွမ်းဆောင်နိုင်ခဲ့ သလား။  စီးပွားရေးရာတွေမှာ   စွမ်းဆောင်နိုင်ခဲ့ သလား။ ပညာရေး၊   ကျန်းမာရေးကဏ္ဍတွေမှာရော စွမ်းဆောင်နိုင်ခဲ့သလား။ ရပ်ရေးရွာမှုအစုစုမှာရော စွမ်းခဲ့ဆောင်ခဲ့နိုင်သလား။ ဆွေမျိုးမိတ်သင်္ဂဟတွေရဲ့    ကောင်းကျိုးမင်္ဂလာအဖြာဖြာမှာရော စွမ်းဆောင် နိုင်ခဲ့သလား။ စာပေ၊ ဝတ္ထု၊ ရတု၊ ကဗျာ၊ ပျို့၊ လင်္ကာ တွေမှာရော စွမ်းဆောင်နိုင်ခဲ့သလား။ ဒါမှမဟုတ် တိုင်းပြည်အတွက်       အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ထစ်ထောင့်တစ်နေရာက  တိုင်းကျိုးပြည်ပြုအစုစုသောလုပ်ငန်းတွေမှာရော    တစ်တပ်တစ်အား စွမ်းဆောင်နိုင်ခဲ့မိသေးသလား။  ဒီလိုဒီလိုစဉ်းစား ကြည့်လိုက်တော့   ကိုယ်စွမ်းခဲ့တဲ့နယ်ပယ်က လက်ချိုးရေတွက်စရာ သိပ်တော့များများစားစားမရှိ လှတာကိုတွေ့ရပြန်ပါတယ်။   ဒါက သာမန်လူ တစ်ယောက်အတွက်ပါ။ နယ်ပယ်ပေါင်းစုံမှာ အားနဲ့ မာန်နဲ့ အရှိန်အဟုန်နဲ့ စွမ်းဆောင်ပြနေနိုင်သူတွေ မရှိတာတော့မဟုတ်ပါဘူး။ ရှေးကလည်း ရှိခဲ့ကြ တယ်။ အခုလည်းရှိနေကြတယ်။  နောင်လည်းပဲ ရှိနေကြဦးမှာဖြစ်ပါတယ်။


အစွမ်းဆိုတာ

အစွမ်းဆိုတာဘာလဲ။ ဒါလည်း တော်တော် လေးလေးနက်နက်စဉ်းစားရမယ့်ကိစ္စပါ။ ပြီးတော့ လူတစ်ယောက်ရဲ့  စွမ်းဆောင်နိုင်မှုဆိုတာကရော ဘယ်အတိုင်းအတာအထိ ရှိနေနိုင်မလဲ။ ဒါလည်း စဉ်းစားရမယ့်ကိစ္စပါပဲ။ 
ရေတံခွန်တစ်ခုက တသွင်သွင်စီးဆင်းနေတယ် ဆိုပါစို့။ ရေဇလာနဒီနဲ့ မြေမဟာပထဝီတို့ရဲ့ အခြေ အနေတွေအရ တချို့တချို့သောရေတံခွန်တွေက ငြိမ့်ငြိမ့်ဖြည်းဖြည်း မြတေးချိုချို    သီဆိုနေသလို တငြိမ့်ငြိမ့်ကလေးစီးဆင်းနေကြတယ်။   တချို့က တော့လည်း ဝူးဝူးဝေါဝေါမြည်သံပေးပြီး  အားနဲ့ မာန်နဲ့ အပြေးအလွှားစီးဆင်းနေကြတယ်။ သာမန် အတိုင်းကြည့်ရင်တော့ ရေတံခွန်ဟာရေတံခွန်ပဲပေါ့။ 


ရေတံခွန်ကို လူတွေအများကြီး တွေ့ကြမြင်ကြ တယ်။ ရေရှိတာ ချိုးမှပဲလို့ စိတ်ကူးမိတဲ့သူက ရေ တံခွန်အောက်မှာ ရေတွေချိုးကြ၊ ကူးကြတယ်ပေါ့။ ဒါမှမဟုတ် ဒီရေတံခွန်လေးနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ ညှို့ငင်တဲ့အလှတရားကိုအကြောင်းပြုပြီး ခရီးသွားဒေသလေးတစ်ခုဖော်ဆောင်ဦးမှပဲလို့ စိတ်ကူးမိတဲ့ သူကလည်း သူ့စိတ်ကူးအလျောက်  အကောင်အထည် ဖော်လိုက်ချင်တယ်ပေါ့။   နောက်တစ်ယောက် ကျပြန်တော့လည်း သူ့စိတ်ကူးနဲ့သူ။ အရှိန်နဲ့အဟုန်နဲ့ ထုနဲ့ထည်နဲ့စီးဆင်းနေတဲ့  ရေတွေရဲ့စွမ်းအင်ကို အလဟဿဖြစ်မယ့်အစား    ရေအားလျှပ်စစ်ထုတ်ယူဖို့ စိတ်ကူးရလိုက်သတဲ့။   ရေတံခွန်လေးကတော့ သဘာဝအတိုင်းစီးဆင်းနေတာပါပဲ။ ကြည့်တဲ့မြင်တဲ့ သူရဲ့ စဉ်းစားဉာဏ်နဲ့ အသုံးပြုမှုအရ ရေချိုးစရာ နေရာလေးဖြစ်သွားတာလည်းရှိသလို လျှပ်စစ်ဓာတ် တွေ  ထုတ်လုပ်ရာနေရာဖြစ်သွားတာမျိုးလည်း ရှိပါတယ်။ 


ပြောင်းလဲဖန်တီး


ခေါင်းစဉ်အရ ပြောလိုတာကတော့ စွမ်းအင် အကြောင်းပေါ့။ ရေကသူ့သဘာဝနဲ့သူ စီးဆင်းနေတာ ပါပဲ။ ဒါကို အသုံးချနိုင်တဲ့သူနဲ့တွေ့တော့ တာဘိုင် ဒလက်တွေ၊ ဂျင်နရေတာတွေဆင်ပြီး ရေစီးကြောင်းရဲ့ အဟုန်ကနေ စွမ်းအင်တွေရလာအောင် ပြောင်းလဲ ဖန်တီးပစ်လိုက်တယ်။    ရေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ လေမှာလည်း ထိုနည်းလည်းကောင်း ပါပဲ။  လေကသူ့ဟာသူတိုက်နေတာပဲ။  လေကို ရှူရုံရှိုက်ရုံထက်   ပိုသုံးတတ်တဲ့သူနဲ့တွေ့တော့ လေရဟတ်တွေ ဘာတွေဆင်ပြီး လေကနေ စွမ်းအင် ထုတ်ယူပြန်တယ်။ နေရောင်ခြည်ကျတော့ရော။ နေကသူ့ဟာသူပူနေတာပဲ။ ဒါကိုအသုံးဝင်မှန်းသိတဲ့သူနဲ့တွေ့တော့ ဆိုလာပြားတွေ ဘာတွေဆင်ပြီး စွမ်းအင်တွေအမျိုးမျိုး ဖန်တီးယူလိုက်တယ်။ 


အသုံးဝင်မှန်းသိသူကသာ အသုံးချနိုင်တာပါ။ အသုံးမဝင်သူရဲ့လက်ထဲမှာဆိုရင်တော့ မျောက်အုန်း သီးရသလိုဖြစ်နေမှာပါပဲ။
သဘာဝတရားကြီးထဲက  စွမ်းအင်တွေကို လူတွေက လိုအပ်ရာမှာ လိုအပ်သလို သုံးနိုင်အောင် အမျိုးမျိုးပြောင်းလဲဖန်တီးနေကြတယ်။  ရေတွေ၊ လေတွေ၊ နေတွေကို လူတိုင်းမြင်နေတွေ့နေကြတယ်။ မြင်တွေ့နေပေမယ့် ဒီရေထဲမှာ၊ ဒီလေထဲမှာ၊ ဒီနေထဲ မှာ စွမ်းအင်တွေရှိနေပါလားဆိုတာကို လူတိုင်း မသိနိုင်ပါဘူး။ စွမ်းအင်တွေရှိနေတယ်ဆိုတာကို သိဦးတော့ ဘယ်လိုပုံဘယ်လိုနည်းနဲ့ ထုတ်ယူသုံးစွဲရ မလဲဆိုတာကို သိနိုင်ဖို့က ပိုခက်သွားပြန်ပါတယ်။ လုပ်နည်းလုပ်ဟန်ကိုသိဦးတော့ အဲဒီနည်းလမ်းတွေ အတိုင်း အကောင်အထည်ဖော်နိုင်မယ့် အခြေအနေ ကောင်းတွေရှိနေဖို့နဲ့ လက်တွေ့အကောင်အထည် ဖော်ဖြစ်ဖို့က ပိုလို့ပိုလို့ခက်သွားပြန်ပါတယ်။ 


ဒီလိုပါပဲ။ လူတစ်ယောက်ရဲ့အစွမ်းအစဆိုတာ ကလည်း ရေတွေ၊ လေတွေ၊ နေရောင်ခြည်တွေထဲက အစွမ်းအစကို ထုတ်ယူရသလိုပါပဲ။ ကိုယ့်မှာ ဘာ အစွမ်းအစတွေရှိနေသလဲဆိုတာကို ကိုယ်ကိုယ်တိုင် သိဦးမှဖြစ်မှာပါ။ “ငါကိုက ဘယ်နေရာမှ အဖြစ် မရှိပါဘူးလေ” ဆိုပြီး တစ်နေထွက်ကတစ်နေဝင် အစဉ်သဖြင့် ခရီးဆက်နေမယ်ဆိုရင်လည်း အချိန် တွေသာကြာညောင်းသွားပေမယ့် ဘာအစွမ်းအစမှ ထွက်လာနိုင်မှာမဟုတ်ပါဘူး။
သဘာဝတရားကြီးထဲက  စွမ်းအင်တွေကို ပြောင်းလဲဖန်တီးပြီးအသုံးပြုမှ အကျိုးရှိသလိုပဲ ကိုယ့်အစွမ်းအစတွေကိုလည်း ထုတ်ဖော်အသုံးပြုမှ သာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့် ပတ်ဝန်းကျင်အတွက် အကျိုးရှိနိုင်တာ ဖြစ်ပါတယ်။ 

တကယ်တော့ အစွမ်းအစမဲ့နေတဲ့သူဆိုတာ မရှိပါဘူး။     ကိုယ့်ကိုယ်ကိုယ် ဘယ်ဟာစွမ်းလို့  စွမ်းမှန်းမသိဘဲဖြစ်နေသူတွေသာရှိတာပါ။ အတန်းထဲ မှာ နံပါတ်တစ်မရတာနဲ့ဘဲ “နင်ဟာလေ၊ အသုံးကို မကျဘူး”ဆိုပြီးမိဘကပြောလိုက်တယ်။ အပြေးပြိုင် ပွဲတစ်ခုရဲ့ ပွဲကြည့်ပရိသတ်တွေရှေ့မှာ ဟပ်ထိုး လဲပြီး နဖူးကွဲဒူးပြဲဖြစ်သွားရတာနဲ့ပဲ “ဒီကောင် တော့ မစွံပေါင်ကွာ”လို့ တစ်ယောက်သောသူက မှတ်ချက်ပြုလိုက်တယ်။ အသုံးမကျဘူး၊ မစွံဘူးလို့ အပြောခံရတဲ့သူကလည်း   ကိုယ့်ကိုယ်ကိုယ် “ငါဘယ်နေရာမှမတော်ပါဘူးလေ” ဆိုပြီး စိတ်ပျက် အားငယ်သွားတာမျိုး၊ နောင်ဘယ်တော့မှ စာသင် ခန်းဘက်ကို ခြေဦးမလှည့်ချင်တော့တာမျိုး၊ နောင် ဘယ်တော့မှ ပြေးပွဲပြိုင်ပွဲမဝင်ချင်တော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ 
ကိုယ်ဘယ်နေရာမှာ စွမ်းနေသလဲ
အတန်းထဲမှာ နံပါတ်တစ်မရရုံနဲ့ လူညွန့်တုံးသွားတာမျိုးမဟုတ်ပါဘူး။ ပြေးပွဲမှာ မှောက်လျက် လဲသွားတာနဲ့   မစွံတော့တာမျိုးမဟုတ်ပါဘူး။ သင်ခန်းစာတွေကို အလယ်အလတ်လောက် လိုက် နိုင်ရင်းနဲ့ အနုပညာဘက်မှာ ထူးချွန်ထက်မြက်သွား တာမျိုး၊ အပြေးပြိုင်ပွဲမှာ ကြေးတံဆိပ်တောင်မရနိုင် ပေမယ့် စစ်တုရင်ကျမှ ရွှေတံဆိပ်ရသွားတာမျိုး အမျိုးမျိုးရှိနိုင်ပါတယ်။ အရေးကြီးတာက ကိုယ် ဘယ်နေရာမှာ စွမ်းနေသလဲဆိုတာကို သိဖို့ပါပဲ။ လူတစ်ယောက်က အနည်းဆုံးတော့ ကဏ္ဍတစ်ခု နှစ်ခုဖြစ်ဖြစ်၊  ဒီထက်ပိုပြီးဖြစ်ဖြစ် စွမ်းနေတတ်ပါ တယ်။ စွယ်စုံရပုဂ္ဂိုလ်ဆိုတာတွေတောင် ရှိနေ သေးတာပဲလေ။ ကိုယ့်ကျမှ  တစ်ခု၊ နှစ်ခုလေး တောင် မစွမ်းဆောင်နိုင်ရတော့ဘူးတဲ့လား။ ဒါဆို ရင်တော့ မှားတာပေါ့။ 


တစ်ခုခု အဆင်မပြေဖြစ်ပြီဆိုရင် “လောက ကြီးကလည်း ငါ့ကျမှ၊ ငါ့ကျမှ”ဆိုပြီး လောကကို သွားပြီး    မဆီမဆိုင်အပြစ်ဖို့တတ်ပါတယ်။ တကယ်က လောကကြီးကမှားနေတာမဟုတ်ပါ ဘူး။ ကိုယ်က မှားနေတာပါ။ ကိုယ်ဘယ်နေရာမှာ စွမ်းနိုင်လို့စွမ်းနိုင်မှန်းမသိလောက်အောင် မှားနေခဲ့ တာပါ။
ကိုယ့်ကိုယ်ကိုယ် အမြဲမေးနေဖို့လိုပါတယ်။ ကိုယ်ဟာ သန်သန်စွမ်းစွမ်းလူတစ်ယောက် ဟုတ်ရဲ့ လား။ စွမ်းခဲ့ရဲ့လား၊ စွမ်းနေသေးရဲ့လား၊ စွမ်းနေဦး မှာလား။ စွမ်းနိုင်ပါလျက်နဲ့ မစွမ်းဖြစ်ခဲ့တဲ့အခြေအနေမျိုးလား။ လားပေါင်းများစွာနဲ့ ဘဝခရီးကို ဆက်ကြရဦးမှာပါ။ 
သန်တဲ့စွမ်းတဲ့သူတွေ၊ စွမ်းနိုင်သူတွေကြောင့် သာ လောကကြီးက တစ်နေ့တခြားလှပလာခဲ့ တာပါ။
သန်လည်းသန်ကြပါစေ။ စွမ်းလည်းစွမ်းကြပါ စေ။ စွမ်းနိုင်သူတွေ ဖြစ်ကြပါစေ။     ။