လေးစားဂုဏ်ယူမိသော ပရဟိတမေတ္တာတရားအခြေခံ

Type

 

သိန်းထွန်း (IR)

ကိုဗစ် -  ၁၉ ကြောင့် အများပြည်သူတွေအကြားမှာ ကပ်ရောဂါကူးစက်မှု တိုက်ရိုက်ခံစားနေကြရတဲ့ သူတွေ၊ သွယ်ဝိုက်ပြီး ခံစားရသူတွေများလာတဲ့ အချိန်မှာ အထူး ဂုဏ်ယူလေးစားမိနေတာကတော့ ပရဟိတတွေပါပဲ။ 
ပရဟိတ ဆိုတဲ့နေရာမှာ တစ်ဦးချင်း တစ်ပိုင် တစ်နိုင်ဆောင်ရွက်ပေးနေတဲ့သူတွေ၊ အဖွဲ့အစည်း နဲ့ဆောင်ရွက်ပေးနေတဲ့သူတွေ စသည်သဖြင့်    ပုံစံ အမျိုးမျိုးနဲ့ တွေ့ရပါတယ်။ ကိုဗစ် - ၁၉ ကူးစက်မှု ကြောင့်  စားသောက်ရေးကအစ   ကာကွယ်ရေး၊ ကုသရေးတွေအပြင်  နာရေးအဆုံး   လိုက်ပါကူညီ ဆောင်ရွက်ပေးနေကြတဲ့ ပရဟိတစိတ်ထားတွေ၊ ပရဟိတကူညီဆောင်ရွက်ပေးနေကြတာတွေဟာ ကိုဗစ်-၁၉ ကြောင့်   ဖြစ်လာတဲ့အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းရေးကို    တစ်ဖက်တစ်လမ်းက အထောက်အကူပေးလျက်ရှိပါတယ်။
ဒီလို   အကျပ်အတည်းကာလမှာ    ပရဟိတ လုပ်ပေးဖို့ဆိုတာ တော်ရုံတန်ရုံစိတ်ထားနဲ့တော့ မလွယ်ကူပါဘူး။ ပရဟိတစိတ် ရှိပြန်တော့လည်း စိတ်သွားတိုင်း ကိုယ်ပါဖို့ လိုပြန်ပါတယ်။ ပရဟိတ ကို အဖွဲ့အစည်းတွေနဲ့    လုပ်မယ်ဆိုရင်လည်း ဟန်ချက်ညီညီဖြစ်ဖို့၊ စိတ်တူကိုယ်တူဖြစ်ဖို့၊ အများ နဲ့ လိုက်လျောညီထွေ  ပြောဆိုဆက်ဆံ   လုပ်ကိုင် တတ်ဖို့၊ အနစ်နာခံစိတ်၊ သည်းခံစိတ် စတဲ့ အခြေခံ စိတ် သဘောထားတွေက လိုအပ်ပြန်ပါသေးတယ်။ ပရဟိတစိတ်ဟာ  ရယူလိုခြင်းထက်   ပေးဆပ်လို ခြင်းဆိုတဲ့ မေတ္တာတရားအခြေခံဖြစ်တာမို့ တော်ရုံ တန်ရုံစိတ်နဲ့လုပ်ဖို့ဆိုတာ မလွယ်ကူနိုင်ပါဘူး။


ပရဟိတ


ပရဟိတကို သူတစ်ပါးအကျိုးဆောင်ရွက်ခြင်း လို့ ယေဘုယျနားလည်ထားပါတယ်။ ပါမောက္ခချုပ် ဆရာတော်ကြီး    ဒေါက်တာနန္ဒမာလာဘိဝံသ ကတော့ “ဟိတ”ဆိုတဲ့ စကားလုံးကို  အကျိုးစီးပွား ကို   ဖြစ်ထွန်းစေတတ်တဲ့   အကြောင်းတရားလို့ ဟောပါတယ်။   အကျိုးကို    ပွားစီးစေတတ်တဲ့ အကြောင်းတရားဖြစ်စေတတ်တဲ့ အကြောင်းတရား ကို “ဟိတ”ဟု  ခေါ်ကြောင်း၊   အဲဒီအကြောင်းက ဘာတုံးဆိုရင်   အခြေအနေကောင်းတွေပေါ့လို့ အတ္တဟိတနဲ့  ပရဟိတတရားမှာ   ဟောထားပါ တယ်။ အဲဒီတော့   ပရဟိတဆိုတာက   သူတစ်ပါး ကောင်းကျိုးကိုဖြစ်စေတဲ့ အကြောင်းတရားတွေကို ဆောင်ရွက်ပေးခြင်းလို့ နားလည်လက်ခံမိပါတယ်။ သူတစ်ပါးအကျိုးဆိုရာမှာ  လူတစ်ဦးကို  အရက် ဝယ်ပေးတာဟာ   သူတစ်ပါးရဲ့   ကောင်းကျိုးကို လုပ်ဆောင်ခြင်းမဟုတ်လို့ ပရဟိတလို့   မဆိုနိုင် ပါဘူး။ အဲဒါက မကောင်းမှုကို အားပေးခြင်းပဲ ဖြစ်ပါ တယ်။
ပရဟိတလို့ဆိုရာမှာ အမှန်တကယ် သူတစ်ပါး ကောင်းကျိုးလိုလားလို့     မေတ္တာ၊     စေတနာ သက်သက်နဲ့  နှောင်ကြိုးမဲ့    စိတ်ရောကိုယ်ရော ကူညီလုပ်ကိုင်   ပေးနေသူတွေရှိသလို    ပရဟိတ အမည်ခံများလည်း   ရှိနေတတ်တာ   သတိပြုစရာ ပါ။ ဘယ်လိုပဲဖြစ်ဖြစ်  ကိုယ်ကျိုးမငဲ့ဘဲ   ကိုဗစ်-၁၉ ကာလမှ   မဟုတ်ပါဘူး   အများပြည်သူအခက်အခဲ ဖြစ်ချိန်တိုင်းမှာ  ကူညီစောင့်ရှောက်နေတဲ့   ပရဟိတ ဆောင်ရွက်သူများကိုတော့ အထူးပဲ လေးစားဂုဏ်ယူ စရာကောင်းသလို    ကောင်းမွန်တဲ့လူမှုဝန်းကျင် တည်ဆောက်ရာမှာ လိုအပ်တဲ့စိတ်သဘောထားနဲ့ အလေ့အကျင့်ကောင်းတွေလည်း ဖြစ်ပါတယ်။ 


ဒီမိုကရေစီအလေ့အကျင့်ကောင်း


ပရဟိတလုပ်ငန်းဟာ ပြည်သူလူထုရဲ့ ပူးပေါင်း ပါဝင်မှုနည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ ပြည်သူလူထု ရဲ့  ပူးပေါင်းပါဝင်မှုဟာ  ဒီမိုကရေစီဝန်းကျင် တည် ဆောက်ရာမှာ အရေးပါတဲ့ ဒီမိုကရေစီတန်ဖိုးတစ်ရပ် ပါ။ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ လူမှုရေး၊ ပညာ ရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍတွေမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ ပိုမိုထိရောက်စေပြီး အစိုးရ၊  ပြည်သူနဲ့  အစိုးရအဖွဲ့အစည်းတွေအကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ပါ တယ်။ ဒါကြောင့် ဒီမိုကရက်တစ်အုပ်ချုပ်ရေးတစ်ရပ် ဖြစ်ဖို့အတွက် ပြည်သူလူထုရဲ့   ပူးပေါင်းပါဝင်မှုကို အရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ်၊ တွန်းအား ဖြစ်စေတဲ့ ပုံစံတစ်ရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် ပြည်သူလူထုပူးပေါင်း ပါဝင်လာခြင်းကြောင့် ပြည်သူဗဟိုပြု   ဒါမှမဟုတ်   လူသားဗဟိုပြုစံနှုန်း အပြောင်းအလဲဆီ ဦးတည်နိုင်ပါတယ်။
ပြည်သူလူထုအကြား     ပရဟိတလုပ်ဆောင်သူ တွေ   များပြားလာခြင်းကြောင့်  လက်ငင်းအနေနဲ့ အကျပ်အတည်းဖြစ်နေတဲ့သူတွေကို ထိထိရောက် ရောက်ကူညီစောင့်ရှောက်နိုင်သလို နောက်ဆက်တွဲ အနေနဲ့ ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ ပြုစု ပျိုးထောင်ရာလည်း ရောက်ပါတယ်။


ကိုဗစ်-၁၉ နှင့် ပရဟိတများ


ပရဟိတလုပ်ငန်းတွေဆိုတာ    မြန်မာနိုင်ငံမှာ သာမကပါဘူး၊ ကမ္ဘာနဲ့အဝန်း  ကျယ်ကျယ်ပြန့်ပြန့်   လက်ခံဆောင်ရွက်ပေးနေတာပါ။        ပရဟိတ ဆောင်ရွက်ပေးသူတွေထဲမှာ မာသာထရီဆာ ဟာ ကမ္ဘာမှာထင်ရှားတဲ့ မေတ္တာရှင်ပရဟိတလုပ်ဆောင် သူပဲ ဖြစ်ပါတယ်။ မာသာထရီဆာဟာ  သူ့ရဲ့   ဘဝ တစ်ခုလုံးကို မိဘမဲ့ကလေးသူငယ်တွေ၊ အနာကြီး ရောဂါသည်တွေ၊ သူဖုန်းစားတွေ၊ အဆိုးရွားဆုံးရောဂါ သင့်နေသူတွေ၊ အဆင်းရဲဆုံးသူတွေနဲ့ မေတ္တာမဲ့နေသူ တွေကို ကူညီစောင့်ရှောက်တဲ့ ပရဟိတလုပ်ငန်းတွေ မှာ မြှုပ်နှံဆောင်ရွက်ခဲ့လို့  ငြိမ်းချမ်းရေးနိုဘယ်ဆု အပါအဝင် အခြားဆုပေါင်းများစွာနဲ့ ဂုဏ်ပြုခံရသူ ဖြစ်ပါတယ်။
ဒီလိုပဲ မိမိတို့ပတ်ဝန်းကျင်မှာ ကိုဗစ် -  ၁၉ ကြောင့် ဖြစ်လာတဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေးအခက်အခဲတွေကို ပရဟိတအသင်းတွေ၊ တစ်ပိုင်တစ်နိုင်   ပရဟိတကူညီသူတွေက    ကူညီ စောင့်ရှောက်နေကြတာကို    မြင်တွေ့ရတိုင်း  အကြိမ်ကြိမ်   သာဓုခေါ်မိပါတယ်။  သက်ကြီးရွယ်အို တွေ၊  နာမကျန်းသူတွေ၊   ငွေကြေးခက်ခဲနေသူတွေ အပါအဝင် မိမိပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို ဒီပရဟိတအဖွဲ့တွေက လူမှုရေး အသိစိတ်၊ တာဝန်ယူလိုစိတ်၊ ကူညီလိုစိတ်တွေနဲ့ လုပ်ဆောင်ပေးလို့   အခက်အခဲတွေ   ပြေလည် သွားကြတာကိုလည်း တွေ့မြင်တိုင်း ကြည်နူးမိတာ အမှန်ပါပဲ။
ပရဟိတတွေဟာ   ကပ်ရောဂါဆိုးကာလမှာ ကြုံတွေ့နေကြရတဲ့   အခက်အခဲအကျပ်အတည်း အမျိုးမျိုးအဖုံဖုံကြားမှာ  ကိုယ်ကျိုးမငဲ့ဘဲ    ကူညီ ဆောင်ရွက်ပေးနိုင်တာဟာ      ပေးဆပ်ခြင်း သက်သက်သာဖြစ်လို့ အကျိုးမျှော်ကိုးခြင်းမရှိတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီဖြစ်လို့ ဝိုင်းဝန်းအားပေးကြရမယ့် လူထုအကျိုးပြုလုပ်ငန်း တွေ ဖြစ်ပါတယ်။  


ဝိသမလောဘသားများ


ကိုဗစ် - ၁၉ ကြောင့် လူတိုင်းနီးပါးအခက်အခဲ အကျပ်အတည်းတွေနဲ့   နေ့စဉ်    ရင်ဆိုင်ဖြေရှင်း နေရစဉ်မှာ နှောင်ကြိုးမဲ့ကူညီစောင့်ရှောက်နေကြတဲ့ ပရဟိတသမားတွေ၊ အသင်းအဖွဲ့တွေ  ရှိနေကြ သလို  လူတွေရဲ့   အခက်အခဲအကျပ်အတည်းကို အခွင့်ကောင်းယူအမြတ်ထုတ်နေကြတဲ့    ဝိသမ လောဘသမားတွေကိုလည်း နေရာအနှံ့မှာ တွေ့နေ ရပါတယ်။
အကျပ်အတည်းကာလမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံစားကုန်တွေ၊  ကိုဗစ်-၁၉ ကာကွယ်ရေး ပစ္စည်းတွေ၊ ဆေးဝါးတွေမှာ ရောင်းလိုအားနဲ့ဝယ်လို အားမမျှလို့ ဈေးနှုန်းတက်နိုင်ပေမယ့် ဖြစ်သင့်တာ ထက်ပိုတဲ့ မတန်တဆ ဈေးနှုန်းတွေနဲ့  ရောင်းချ နေကြတာ၊   အမြတ်ကြီးစားနေကြတာ၊   ပစ္စည်း လိမ်လည်ရောင်းချနေကြတာ၊ မတန်တဆငွေယူပြီး ဝန်ဆောင်မှုပေးနေကြတာတွေဟာ အတ္တကိုယ်ကျိုး စီးပွားသမားတွေရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေဖြစ်လို့ လက်ခံဖို့ ခက်ခဲပါတယ်။ 
လူတိုင်းဟာ ဘဝရပ်တည်ရေး၊  တိုးတက်ရေး၊ ချမ်းသာကြွယ်ဝရေးအတွက်   စီးပွားရှာကြတာ သဘာဝပဲ ဖြစ်ပါတယ်။  ဒါပေမယ့်   စီးပွားရှာတဲ့ နေရာမှာ အများတကာ ဒုက္ခသုက္ခရောက်နေတာ ကို အခွင့်ကောင်းယူပြီး မတော်လောဘနဲ့ စီးပွား ရှာနေကြတာတွေ တွေ့မြင်နေရတာဟာ ပရဟိတ နဲ့ ဆန့်ကျင်ဘက်လားရာတွေပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်တွေဟာ   ကိုယ်ကျိုးအတ္တတစ်ခုတည်း အတွက်   အခြားသူတွေရဲ့   အခက်အခဲအကျပ် အတည်းတွေကို ပိုပြီးဒုက္ခရောက်အောင် လုပ်နေ သလိုပဲ ဖြစ်ပါတယ်။ ဝိသမလောဘသမားတွေဟာ တစ်နပ်စားဉာဏ်နဲ့   တစ်ဘို့တည်းသမားတွေ ဖြစ်ကြလို့   လူ့ပတ်ဝန်းကျင်ကို    ပျက်စီးစေပါ တယ်။


ဘုရားဟော အတ္တဟိတ၊ ပရဟိတ


ပရဟိတနဲ့  ပတ်သက်လို့   မြတ်စွာဘုရားက အင်္ဂုတ္တရနိကာယ် (၁ဝ) ၅-အသုရဝဂ် ၈-အတ္တဟိတ သုတ်မှာ  အောက်ပါပုဂ္ဂိုလ်လေးမျိုး    ထင်ရှားရှိ ကြောင်း ဟောတော်မူခဲ့ပါတယ်။
၁။    မိမိအကျိုးစီးပွားအလို့ငှာကျင့်၍ သူတစ်ပါး အကျိုးစီးပွားအလို့ငှာ မကျင့်သော ပုဂ္ဂိုလ်၊ 
၂။    သူတစ်ပါး အကျိုးစီးပွားအလို့ငှာ ကျင့်၍ မိမိအကျိုးစီးပွားအလို့ငှာ မကျင့်သော ပုဂ္ဂိုလ်၊ 
၃။ မိမိအကျိုး   စီးပွားအလို့ငှာလည်း   မကျင့်၊  သူတစ်ပါး အကျိုးစီးပွားအလို့ငှာလည်း မကျင့်သော ပုဂ္ဂိုလ်၊ 
၄။ မိမိအကျိုးစီးပွား   အလို့ငှာလည်း    ကျင့်၊  သူတစ်ပါး အကျိုးစီးပွားအလို့ငှာလည်း   ကျင့်သော ပုဂ္ဂိုလ်တို့ဖြစ်ကြောင်း ဟောတော်မူထားပါတယ်။
ဒီနေရာမှာ   မိမိ  အကျိုးစီးပွားဆောင်ရွက်ခြင်း အတ္တဟိတဆိုရာမှာ ဝိသမလောဘနဲ့ စီးပွားရှာခြင်း ကို မဆိုလိုပါဘူး။ မိမိကိုယ်ကို ကောင်းမွန်အောင် ဆောက်တည်ခြင်း ဥပမာ- မိမိကိုယ်ကိုကို    ငါးပါး သီလလုံခြုံအောင်  ဆောက်တည်ခြင်းဟာ အတ္တ ဟိတဖြစ်ပြီး သူတစ်ပါးကိုလည်း ငါးပါးသီလလုံအောင် တိုက်တွန်းနှိုးဆော်တာ၊ ကူညီတာကို ပရဟိတလို့ ပါမောက္ခချုပ်ဆရာတော်ကြီးက ဟောပါတယ်။
မိမိအကျိုးစီးပွားအလို့ငှာလည်း ကျင့်၊ သူတစ်ပါး အကျိုးစီးပွားအလို့ငှာလည်း ကျင့်သော   ပုဂ္ဂိုလ် ကတော့   ထောပတ်ကြည်လို    အကောင်းဆုံးလို့ ဟောထားပါတယ်။ မိမိအကျိုးစီးပွားအလို့ငှာလည်း မကျင့်,  သူတစ်ပါး   အကျိုးစီးပွားအလို့ငှာလည်း မကျင့်သော ပုဂ္ဂိုလ်အတ္တဟိတ၊ ပရဟိတ မရှိတဲ့သူ ဟာ သူကောင်ဖုတ် ထင်းမီးစနဲ့တူကြောင်း ဆဝါလာ တသုတ်မှာ ဟောထားပါတယ်။ ဆန်ကုန်မြေလေးလို့ ဆိုပါတယ်။ အဲဒီ ဆန်ကုန်မြေလေးထက် ဆိုးတာက ဝိသမလောဘသားတွေပဲ ဖြစ်ပါတယ်။


စုပေါင်းရင်ဆိုင်ကျော်လွှား


မိမိတို့    လူမှုအသိုက်အဝန်းမှာ   ပရဟိတ စိတ်ထားရှိသူတွေ၊ ပရဟိတလုပ်ငန်း ဆောင်ရွက် ပေးသူတွေ များပြားလာခြင်းဟာ ကြည်နူးစရာပါပဲ။ ပေးဆပ်ခြင်းသက်သက်နဲ့   သူတို့တစ်တွေ   ကူညီ လုပ်ကိုင်ပေးနေတဲ့အလုပ်တွေကို လူတိုင်းလုပ်နိုင်ဖို့ မလွယ်ကူပါဘူး။ တချို့က ကိုယ်ကိုယ်တိုင်  မလုပ် နိုင်ပေမယ့် ပရဟိတလုပ်နေတဲ့သူတွေကို တစ်ဖက် တစ်လမ်းက ထောက်ပံ့ကူညီပေးနေကြတာကလည်း ပရဟိတ လုပ်နေသူတွေအတွက် စိတ်အားတက်စရာ အပြင်   များစွာအထောက်အကူ    ဖြစ်စေမှာပါ။  ဒါ့အပြင်  ပရဟိတလုပ်နေကြတဲ့သူတွေ၊   ပရဟိတ လုပ်ငန်းတွေကို မိမိတို့ကိုယ်တိုင် မကူညီနိုင်တောင်မှ အနှောင့်အယှက်မဖြစ်စေဖို့ကလည်း သတိပြုဆင်ခြင် စရာပဲ ဖြစ်ပါတယ်။
အထူးသဖြင့် အခုလို ကိုဗစ် -၁၉ ဖြစ်ပွားနေချိန် မှာ ကိုယ့်ရဲ့လူမှုပတ်ဝန်းကျင်မှာ ပရဟိတစိတ်ထား တွေ၊ ပရဟိတလုပ်ငန်းတွေကို  အားပေးကြမယ်၊ များပြားလာမယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးကို မဆို   ရင်ဆိုင်ကျော်လွှား   ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်မိပါတယ်။ 


ကိုးကား
၁။    ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၊ အတ္တဟိတ နှင့် ပရဟိတ
၂။    အင်္ဂုတ္တရနိကာယ် (၁ဝ) ၅-အသုရဝဂ်