လှိုင်၊ သာကေတ၊ နောင်ချိုနှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  နိုဝင်ဘာ   ၁၃  


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်  နံနက် ၁၁ နာရီခွဲတွင် လှိုင်မြို့နယ် အမှတ်(၉) ရပ်ကွက်  အင်းစိန် လမ်းတွင် ကျော်ဇင်ထွန်း(ခ)မှန်လေးကို မသင်္ကာဖွယ်တွေ့ရှိ သဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီခွဲတွင် သာကေတမြို့နယ် အမှတ်(၃) ရန်ပြေရပ်ကွက်နေ ပံသုကျော် (ခ)ပိုင်ကြီး၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၁၈၅ ပြား၊ ဆေးခြောက် ၀ ဒသမ ၄ ကီလို၊ အိုက်စ် ၀ ဒသမ ၁၃ ကီလိုကို ဖမ်းဆီးရမိခဲ့သည်။

 


ထို့အတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်   နောင်ချိုမြို့နယ်   ကန်ကြီးကျေးရွာ အနီး နောင်ချို-ရပ်စောက်သွားကားလမ်းတွင်  တင်ထွန်းဦး မောင်းနှင်ပြီး မနန်းဖွေးဦး လိုက်ပါလာသည့် မော်တော်ယာဉ် ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ ကို လည်းကောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၉ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ် မိုင်းယုကျေးရွာအနီး မူဆယ်-ကွတ်ခိုင်သွားကားလမ်းတွင် လီရှီးဂျုံး  မောင်းနှင် ပြီး ဇော်နန်လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား    ၁၈၀၀၀  ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။    

ရဲပြန်ကြား