လိုင်စင်၊ ဥပဒေနှင့် လုပ်ပိုင်ခွင့်

မြန်မာ့အလင်းအယ်ဒီတာအာဘော်

 

 

 

ရပ်ကွက်လမ်းကျဉ်းလေးထဲဝင်လာသည့် ကားတစ်စီး ဟွန်းသံ တတီတီဖြင့် မောင်းဝင်လာသည်။ အရှိန်မလျှော့။ ရပ်ကွက်တွင်းက ကလေးငယ်များ၊ လူသူများ ထိခိုက်မှာကို စိုးရိမ်စိတ် သို့မဟုတ် ထိခိုက်မှု ဖြစ်လျှင် အမှုရင်ဆိုင်ရမည်ကို စိုးရိမ်စိတ်ကြောင့် ဖြစ်နိုင်၏။ သူ့တွင် ယဉ်မောင်းလိုင်စင်တော့ရှိမည်။ သို့သော်လည်း ထိုလိုင်စင်ကို မည်သို့ မည်ပုံရခဲ့သည်ကို မှန်းကြည့်လျှင် သိနိုင်သည်။

ရန်ကုန်မြို့ မထသ ကားလိုင်းများနေရာတွင် ဝိုင်ဘီအက်စ်စနစ် ပြောင်းလိုက်သောအခါ ရန်ကုန်မြို့ရှိလူထုအများ ဝမ်းသာကြရသည်။ သို့သော်လည်း အချို့သော ဝိုင်ဘီအက်စ် ဘတ်စ်ကားကြီးများသည် ယခုတိုင် အပြိုင်အဆိုင်မောင်းနေ၊ အရှိန်မြှင့်မောင်းနေကြဆဲ။ ဟွန်းသံ တညံညံပေးနေကြဆဲ။ မည်သို့သောနည်းဖြင့် အများပြည်သူ စီးနင်းမည့် ဘတ်စ်ကားမောင်းလိုင်စင် ရရှိထားသလဲ။

မြန်မာနိုင်ငံရှိ ပြည်သူများကတော့ သိပြီးသား။ တစ်ချိန်တုန်းက ‘ကညန’ ဟူသည် ကားလိုင်စင်၊ ယာဉ်မောင်းလိုင်စင် ရရှိရေးအတွက် အထက်အောက် အဆင့်ဆင့် မည်မျှလောက် လုပ်ကိုင်ရခက်ခဲပြီး၊ သူ့နည်းသူ့ဟန်ဖြင့် ဝင်တတ်ထွက်တတ်လျှင် မည်မျှလောက် လွယ်ကူ ကြောင်း။ သည်လိုနှင့် ငွေပေးနိုင်လျှင် လိုင်စင်ရလာကာ ယနေ့ လမ်းများပေါ်ရှိ များစွာသော ယာဉ်မောင်းတို့သည် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းကို ကောင်းစွာနားမလည်ဘဲ၊ ယာဉ်မောင်းသူတို့၏ ကျင့်ဝတ်နှင့် ယဉ်ကျေးမှုတို့ကို လိုက်နာရကောင်းမှန်းမသိဘဲ မောင်းနေ ကြသည်ကို တွေ့ရပါမည်။

ကမ္ဘာပေါ်ရှိ အချို့သောလုပ်ငန်းများသည် လိုင်စင်ရှိမှ လုပ်ခွင့်ရှိ၏။ လုပ်ငန်းလိုင်စင်၊ စီမံကိန်းအကောင်အထည်ဖော်ခွင့်လိုင်စင်၊ သစ်ခုတ်ခွင့် လိုင်စင်၊ ဓာတ်ဆီ၊ စားအုန်းဆီ တင်သွင်းခွင့်လိုင်စင် အစရှိသည်။ ဤသည်က တစ်ကဏ္ဍ။

လုပ်ငန်းလိုင်စင်ကဲ့သို့မဟုတ်ဘဲ အချို့အလုပ်များမှာ လိုင်စင် ရှိသူမှ လုပ်ခွင့်ရှိသည့် လုပ်ငန်းမျိုးလည်းရှိ၏။ ဆရာဝန်လိုင်စင်၊ ရှေ့နေ လိုင်စင်၊ ဗိသုကာလိုင်စင်၊ အင်ဂျင်နီယာလိုင်စင်၊ ယာဉ်မောင်းလိုင်စင် စသည်ဖြင့်။ အဘယ့်ကြောင့်ဆိုသော် ထိုလုပ်ငန်းများကို လုပ်ကိုင်ရာ၌ အမှားအယွင်းဖြစ်လျှင် အများသူငါ ထိခိုက်နစ်နာနိုင်သည့်အတွက် ဖြစ်ပါသည်။ ထိုလုပ်ငန်းများ၏ လုပ်ပိုင်ခွင့်ကို အကန့်အသတ်ထားရှိ၏။ လိုင်စင်မရှိဘဲ ကန့်သတ်ထားသည်များကို လုပ်ကိုင်ခွင့်မရှိ။ ဥပဒေဖြင့် တားမြစ်ထားသည်။ လိုင်စင်မရှိဘဲ ထိုအကန့်အသတ်လုပ်ငန်းများကို လုပ်လျှင် အများပြည်သူကို အကာအကွယ်ပေးနိုင်ရန်အလို့ငှာ ဥပဒေ အရ အရေးယူရသည်။

ထို့ကြောင့် ထိုလုပ်ငန်းတို့ကို လုပ်ကိုင်နိုင်ရန်အတွက် စနစ်တကျ သင်ယူတတ်မြောက်ထားရန်လည်းလို၏။ ပညာရပ်ဆိုင်ရာ ကျင့်ဝတ်နှင့် ယဉ်ကျေးမှုကိုလည်း လိုက်နာကြရန်လို၏။ ထို့ပြင် လိုင်စင်တစ်ခါရပြီး ကာမျှဖြင့် ရာသက်ပန် လုပ်ကိုင်ခွင့်ပေးလို့မရ။ ဤလုပ်ငန်းလုပ်ကိုင် နိုင်ရန် လိုအပ်သည့် ကိုယ်စိတ်ကျန်းမာရေး၊ ကြံ့ခိုင်တောင့်တင်းမှု၊ ပညာရပ်ဆိုင်ရာ အရည်အချင်း စသည်တို့ကို သတ်မှတ်ချက်အတိုင်း ပြည့်စုံမှုရှိ မရှိ စစ်ဆေးကာ ပုံမှန်သက်တမ်းတိုးရ၏။ အရည်အသွေး မပြည့်မီလျှင် သို့မဟုတ် ကျင့်ဝတ်ကို ဖောက်ဖျက်လျှင် လိုင်စင်ကို အကန့်အသတ်ဖြင့် ဖြစ်စေ၊ ရာသက်ပန်ဖြစ်စေ ရုပ်သိမ်းခံရနိုင်၏။

လိုင်စင်ရထားပြီးဖြစ်သော်လည်း ထင်ရာလုပ်လို့မရအောင် ထိန်းကွပ်ထားခြင်းဖြစ်၏။ လိုင်စင်သည် အရေးကြီး၏။ လိုင်စင်ဆိုသည် ကို ငွေပေးရုံဖြင့် မရနိုင်။ သတ်မှတ်ထားသည့် အရည်အသွေးများ ပြည့်စုံမှ၊ လိုင်စင်ရပြီးသော်လည်း စောင့်ထိန်းပါမှ။

သို့သော် မြန်မာနိုင်ငံကဲ့သို့ အရာရာချို့ငဲ့သောနိုင်ငံတွင် လိုအပ် ချက်နှင့် ဖြည့်ဆည်းနိုင်မှု မလောက်ငသည့် အခက်အခဲက နေရာတကာ တွင် ရှိနေသည်။ ကျေးလက်တောရွာများတွင် (ဆမ) လက်မှတ်ရှိသည့် ဆရာဝန်များ မလုံလောက်သည့်အခါ သားဖွားဆရာမက ဖြစ်စေ၊ ဒေသန္တရ ကျန်းမာရေးဝန်ထမ်းက ဖြစ်စေ၊ ရပ်ရွာထဲက ဗိန္ဒောဆရာက ဖြစ်စေ၊ ပယောဂဆရာက ဖြစ်စေ ဆရာဝန်အနေဖြင့် ဝင်ကုနေကြသည် လည်းရှိ၏။ ဥပဒေဖြင့် အကုန်လုံးကို လိုက်လံအရေးယူရန် ခက်ခဲနေ သည်။ တစ်ခါတစ်ရံ ထိုကုသမှုတို့က လူထုအကြား များစွာ အကူအပံ့ ဖြစ်သည်တို့လည်း ရှိ၏။

သို့သော်လည်း ထိုသို့ ဖြည့်ဆည်းပေးမှုအတွက်မူ ၎င်းတို့အား ဆေးကုသခွင့်လိုင်စင် (ဆမ) ပေးအပ်ရန် မဖြစ်နိုင်။ အခြားသော လုပ်ငန်းများတွင်လည်း ထိုနည်းနှင်နှင်။ သည့်အတွက် စနစ်တကျ အလုပ်လုပ်နိုင်မည့်၊ ထို့ပြင် ကျင့်ဝတ်ကိုလည်း လိုက်နာမည့် လိုင်စင်ရသူ ဦးရေများများ မွေးထုတ်ကာ လိုအပ်သည့် နေရာဒေသအသီးသီးသို့ လွှတ်နိုင်ရန်နှင့် လူထုထိခိုက်မှုမရှိနိုင်သည့် အချို့သောလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုနိုင်ရန် အဆင့်ခွဲခြားသတ်မှတ်ကာ သက်မွေး ဝမ်းကျောင်းမှုဆိုင်ရာ ကျောင်းအများအပြားဖွင့်လှစ်ကာ သတ်မှတ် မွေးထုတ်ပေးရန်တို့ကို စဉ်းစားကြရန် လိုပါလိမ့်မည်။

သို့မဟုတ်ပါက လိုင်စင်မရှိသည့် တတ်ယောင်ကား ပညာရှင် အတုများ၊ ဒေါက်တာရမ်းကုများ၊ ကားကြီးများကိုတက်မောင်းနေသော လိုင်စင်မဲ့ ယာဉ်မောင်း နောက်လိုက်များတို့ကြောင့် ပြည်သူအများ ထိခိုက်နစ်နာမှုများ ရှိနေပါလိမ့်မည်။ လိုင်စင်၊ ဥပဒေနှင့် လုပ်ပိုင်ခွင့် အကန့်အသတ်တို့သည် အထူးအလေးအနက်ထား စဉ်းစားဆောင်ရွက် ကြရမည့် အရေးအရာများဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။