
လောက၌ မနုဿလူ၏အစွမ်းဖြင့် ရနိုင်ခွင့်ရှိသော အရာဟူသမျှကို ယုံကြည်သော အထင်အမြင်စိတ် ဖြင့် မည်သူမဆို ရနိုင်လေသည်။ မဖြစ်နိုင်သော အရာကို မတောင့်တအပ်ပေ။
ဤနည်းဖြင့် လူချစ်လူခင်များအောင် လုပ်နိုင် ၏။
ဤနည်းဖြင့် ဂုဏ်ကျက်သရေ၊ ရွှေ၊ ငွေ၊ ဘဏ္ဍာ၊ လယ်ယာမိုးမြေကိုပင် ရှိနိုင်လေသည်။ ယုံမှားသံသယကင်းကြစေသတည်း။
ကြွယ်ဝသူဖြစ်လိုလျှင် ကြွယ်ဝသောစိတ် ရှိစေရမည်။ မိမိ၏စိတ်၌ ဆင်းရဲခြင်း၏ အငွေ့ အသက်မရှိစေရအောင် သတိထားရမည်။
ငါဆင်းရဲတော့မည်၊ ဒုက္ခဖြစ်တော့မည် ထင်ပါရဲ့၊ အလုပ်လည်းမရှိဘူး၊ ဘယ်ပုံအသက် မွေးရမလဲ၊ ငတ်တော့မှာပဲ၊ ကျပ်တော့မှာပဲ စသည့် စိတ်မျိုးသည် စိတ်မွဲမျိုးဖြစ်၏။ အမြဲမိမိကိုယ်ကို ကြွယ်ဝသူကဲ့သို့ သဘောထားကာ စိတ်မှာကြွယ်ဝ ၍ နေစေရမည်။
ပူပင်ကြောင့်ကြခြင်းဟူသမျှ ကင်းလျက် ချမ်းသာကြွယ်ဝသော အခြေအနေတို့ကိုသာ ထင်မြင်လျက် ဆင်းရဲငတ်မွတ်စုတ်နုတ်ခြင်း ဟူသမျှတို့ကို မထင်မမြင် မတွေးမခေါ်ရပေ။
လက်ထဲ၌ ငွေတစ်ကျပ်တည်းရှိ၍ မသုံးဘဲ မနေနိုင်သဖြင့် သုံးရတော့မည်ရှိသည့်အခါ နက်ဖြန် ခါကျလျှင် ခက်တော့မည်ဟူသော နောင်အတွက် တွေးကာ ပူပန်သောစိတ်မရှိစေရ။ လက်ဝယ် ငွေကြေးမြောက်မြားစွာ ကျန်ရှိသောသူအလား ကဲ့သို့ ပစ်ခတ်သုံးစွဲရမည်။
လူမှာ ဝီရိယနှင့် အလုပ်ကိုလုပ်ခြင်း၊ အလုပ်၏ အကျိုးစီးပွားကို အမှန်ခံစားရမည်ဟု ယုံကြည် စိတ်ချခြင်း ဤနှစ်ချက်သာလို၏။ ပျက်စီးခြင်း၊ ဆင်းရဲခြင်းများကို ထင်မြင်တွေးတောကြောင့်ကြ စိုးရိမ်နေဖို့ မဟုတ်ပေ။
လူတို့၏ အပြင်အပအခြေအနေသည် စိတ်နေ သဘောထားပုံအတိုင်း ဖြစ်တတ်လေသည်။ လောကကြီးတစ်ခုလုံးကို စိတ်သည်ပြုပြင်၏။ စိတ်မွဲလျှင် လူမွဲလေသည်။
မိမိကိုယ်တိုင်နှင့်ပတ်သက်၍ မွဲခြင်းမှာ မိမိ ဆင်းရဲသည့်အတွက် ညည်းညူကာ စိတ်မချမ်းသာ ခြင်း၊ နောင်ဆင်းရဲမှာ၊ မွဲမှာကို တွေးခေါ်ကြောက်ရွံ့ ခြင်း၊ အောင်မြင်ဖြစ်မြောက်ပါ့မလားဟု ကြောင့်ကြ ခြင်းများဖြစ်လေသည်။
စိတ်မွဲလျှင် ကိုယ်မွဲ၏။ သူတစ်ပါးနှင့်ပတ်သက် ၍ မွဲခြင်း၊ ဆင်းရဲခြင်းကို ထင်မြင်ခြင်းသည်လည်း ဆင်းရဲသောစိတ်၊ မွဲသောစိတ်ပင်ဖြစ်လေရာ မိမိ ကိုယ်တိုင် ဆင်းရဲခြင်း၏အကြောင်းပင် ဖြစ်လေ သည်။
စိတ်မွဲခြင်းဆိုရာမှ ကိုယ်တိုင်နှင့်ပတ်သက်၍ လည်း မမွဲရ၊ သူတစ်ပါးနှင့်ပတ်သက်၍လည်း မမွဲစေရအောင် သတိထားရမည်။ သူတစ်ပါးနှင့် ပတ်သက်၍ မွဲခြင်းကား အခြားမဟုတ်။ မည်သူဖြင့် ပျက်တော့မည်။ မည်သူ့မှာတော့ ဟန်သာရှိတယ် အဆံမရှိဘူး။ မည်သူ့မှာ အကြွေးလည်ပင်း ရောက်နေသတဲ့၊ ဘယ်သူဖြင့် ဒေဝါလီဖြစ်လုပြီ၊ ဘယ်သူဝတ်ထားတာက သတ္တုလက်ကောက် တွေပဲ၊ ဓာတုဗေဒစိန်တွေပဲ စသည်ဖြင့် မနာလို သော ဤစိတ်မျိုးသည် မွဲခြင်း၊ ဆင်းရဲခြင်းကို ထင်မြင်သောစိတ်များဖြစ်ရာ ထိုစိတ်များသည် ထင်မြင်သူကိုယ်တိုင်အား မကောင်းကျိုးကို အဟုတ်အမှန်ပေးလေသည်။ ဤကား ဓမ္မတာ သဘောဖြစ်လေသည်။ သို့ဖြစ်သောကြောင့် လောကမှာ ပျက်စီးဆင်းရဲသူတွေ များ၍နေကြလေ သည်။
သူတစ်ပါးချမ်းသာမှာကိုသာ ထင်မြင်၊ သူတစ်ပါး တိုးတက်၍နေသည်ကိုသာတွေး၊ အိမ်နီးပါးချင်း ဖြစ်ထွန်းကြီးပွား စီးပွားတိုးတက်နေသည်ဟူ၍သာ ယုံကြည်။ ထိုကဲ့သို့ အမြဲထင်မြင်ဝမ်းသာလေ့ရှိသော သူ၏စိတ်မှာ အမြဲကြွယ်ဝပြည့်စုံလျက် လူပါ ကြွယ်ဝ၍လာလိမ့်မည်။ ထိုသူမှာ မိမိကိုယ်တိုင်လည်း ဆင်းရဲလိမ့်မည်ဟူ၍ အဘယ်အခါမျှ ထင်တော့မည် မဟုတ်ပေ။ မိမိကိုယ်တိုင် ချမ်းသာမည်ကို ထင်မြင် တောင့်တသည့်အခါ တစ်နည်းနည်းဖြင့် မိမိချမ်းသာ ဖို့နည်းလမ်းများ ပေါ်ပေါက်၍လာလိမ့်မည်။ မိမိ၏ အခြေအနေမှာ သိသိသာသာပြောင်းလဲ၍လာပါလိမ့် မည်။
မိမိအမုန်းဆုံးသောသူ၊ အမုန်းဆုံးသောသတ္တဝါ တို့ကို တွေးတောရှာကြံပြီးနောက် အမုန်းကို ဖျောက်ပြီးလျှင် ပျက်စီးစေလိုသည့်စိတ်တွေပါ ကင်းပျောက်စေလျက် ချမ်းသာနေ၊ သင်းအမှန် ချမ်းသာမှာပဲဟူသော စိတ်ကိုထား၊ ချမ်းသာနေသည် ဟု ယုံကြည်ခြင်းသည် ချမ်းသာပါစေဟု ဆုတောင်း ခြင်းထက် ပိုမို၍စွမ်းလေသည်။ ချမ်းသာပါစေဟု ဆုတောင်းခြင်းမှာ ဆင်းရဲနေသောကြောင့် ချမ်းသာ အောင် ဆုတောင်းရသောအနေမျိုးသို့ ရောက်လေရာ ဆင်းရဲကြောင်း ရှေးဦးပထမယုံကြည်ပြီးမှ ချမ်းသာ အောင် ဆုတောင်းရခြင်းဖြစ်လေသည်။ သို့ဖြစ်လေရာ ဆင်းရဲသည်ဟု ယုံကြည်သောစိတ်သည် ချမ်းသာ ခြင်းကို ဖြစ်စေနိုင်လေရာ ထိုအထင်အမြင်စိတ်ကို ချမ်းသာပါစေဟူသော (Will Power) သည် လွယ်ကူ စွာနိုင်မည်မဟုတ်ပေ။ ဤသဘောသည် အတော် သိမ်မွေ့လေရာ သေချာစွာစဉ်းစားပါလေ။ ချမ်းသာ နေသည်ဟု ယုံကြည်ခြင်းသည် တကယ်ချမ်းသာ စေနိုင်၏။
အကြောင်းမူကား ယုံကြည်ခြင်းကို တန်ခိုးကြီး သော (Megiration) ဖြစ်လေသည်။ ချမ်းသာပါစေ ဟူသောဆုတောင်း၌ ဆင်းရဲနေသည်ဟူသော ယုံကြည်သော အင်မာဂျင်နေရှင်း အထင်အမြင်စိတ် က လွှမ်းမိုး၍နေလေသည်။ ထိုလွှမ်းမိုးသောစိတ်က မီးစတစ်ဖက်၊ ဆုတောင်းမေတ္တာက ရေမှုတ်တစ်ဖက် ဖြစ်လေရာ ဆုတောင်းကျိုးမနပ်ဖြစ်တတ်လေသည်။ မျက်မြင်တွေ့ရှိရသည်အရ တစ်စုံတစ်ယောက် ပျက်စီးတော့မည်ရှိသည့်အခါ ဝမ်းနည်းဟန်နှင့် ပြောသူတို့အနက် ဝမ်းမြောက်သူတွေ များစွာရှိ ကြလေသည်။
အပြိုင်ဖြစ်သော သတင်းစာနှစ်ခုအနက် တစ်ဦးမှာ စောင်ရေလျော့လျှင် တစ်ဦးမှာ ဝမ်းသာ တတ်၏။ စောင်ရေလျော့သွားသည်ဟူသော စကား ကိုလည်း တစ်ဦးက လွယ်ကူစွာ ယုံတတ်၏။ လွယ်ကူ စွာ မယုံဘဲ အဘယ်ကြောင့် လျော့ရမလဲ၊ မလျော့ဖို့ နည်းလမ်းတွေ အဘယ်ပုံရှိတာပဲ၊ ဒီစကားမဟုတ်နိုင် ဘူး၊ တိုးနေရမည်၊ လျော့လျှင်လည်း ပျက်စီး ဆုတ်ယုတ်သွားလောက်အောင် မလျော့နိုင်ဘူး ဟူသောစိတ်မျိုးကို ထားတတ်သောအကျင့်ရှိစေ ရမည်။ ထိုအကျင့်သည် အမှန်ပြည့်ဝချမ်းသာသော စိတ်ကိုဖြစ်စေလျက် ပြည့်ဝချမ်းသာသော အခြေ အနေကို ဖြစ်စေနိုင်လေသည်။
တစ်ပါးသူ ဆင်းရဲခြင်း၊ ပျက်စီးခြင်း၌ ဝမ်းသာ ခြင်းသည် မိမိမှာ တစ်စုံတစ်ရာ အဆီအသားမတိုးဘဲ လျက် အကျိုးယုတ်စေသောစိတ်ကို မွေးမြူခြင်း ဖြစ်လေသည်။
မနာလိုခြင်းသည် မိမိထက်သာမှာကို ကြောက်ခြင်းဖြစ်လေရာ သာမှာကိုကြောက်လျှင် မိမိအခြေအနေကို ဆုတ်ယုတ်နိမ့်ကျမည်ကို ထင်မြင် ခြင်းပင်ဖြစ်လေသည်။ ထိုမြင်ခြင်းသည် မိမိကိုယ်ကို အကျိုးယုတ်စေသော စိတ်ပင်ဖြစ်လေသည်။ သို့ဖြစ် သောကြောင့် “သူများမနာလို ကိုယ်အကျိုးမရှိ”ဟု ရှေးလူကြီးများ ပြောခဲ့ကြလေသည်။ စင်စစ်မှာ အကျိုးမရှိရုံမက အကျိုးယုတ်စေသောစိတ်ဖြစ်လေ သည်။
သို့ဖြစ်လေရာ ကြီးပွားချမ်းသာလိုသောသူမှာ မိမိနှင့်ပတ်သက်၍လည်းကောင်း၊ သူတစ်ပါးနှင့် ပတ်သက်၍လည်းကောင်း ဆင်းရဲစိတ်၊ မွဲစိတ် အငွေ့အသက် လုံးလုံးကင်းစေရမည်။
စွဲလမ်းစူးစိုက်သောစိတ်သည် အမှန်တန်ခိုးကြီး ၏။ ဖြစ်နိုင်သောအရာ၊ ဖြစ်နိုင်၊ ရောက်နိုင်သော အခြေအနေမှန်က စူးစိုက်သောစိတ်နှင့် စွဲစွဲလမ်းလမ်း ကြုံလျှင် တစ်နေ့သ၌ ပေါက်ရောက်ရလေသည်။ အများအားဖြင့် ပေါက်ရောက်စွာမဖြစ်မမြောက်ကြသည်မှာ တစ်စုံတစ်ခုကို တစ်သမတ်တည်းမကြုံ၊ တစ်မျိုးပြီးတစ်မျိုး အကြံပြောင်းလဲကြခြင်းကြောင့် ဖြစ်ရလေသည်။ ကမ္ဘာပေါ်၌ အကျော်စောဆုံးသော ဓာတ်ဆရာကြီးဖြစ်လိုက သင့်မှာ အဟုတ်ဓာတ်ဘက် ၌ ဝါသနာပါချေက စိတ်ကိုမပြောင်းဘဲ ဤအလုပ် တစ်ခုတည်းကိုသာ အစဉ်တစိုက်ကြံစည်ကာ နည်းလမ်းရှိသမျှကို ရှာဖွေလျှင် ဧကန်တစ်နေ့ ကျော်စောထင်ရှားခြင်းအဖြစ်သို့ ရောက်ရမည်။
ဝီရိယထက် စွဲမြဲခြင်းသည် ပိုမို၍ အစွမ်း ကောင်းလေသည်။ နောင်ငါးနှစ်၊ ဆယ်နှစ်ကြာလျှင် တစ်စုံတစ်ခုကို အမှန်ဖြစ်မြောက်နိုင်ဖို့ ရှိသော်လည်း မစောင့်နိုင် မအောင့်နိုင်၊ ယခုလတ်တလော အဘယ်ပုံချမ်းသာမည်ဟူသော နည်းလမ်းတို့ကို ပြောင်းလဲကာ သူတစ်ပါးပြောတိုင်း အားကျ၍သော် လည်းကောင်း၊ သူတစ်ပါးဖြစ်မြောက်သည်ကို မြင်သဖြင့်သော်လည်းကောင်း ပြောင်းလဲခြင်း ကြောင့် လမ်းဆုံးသို့မရောက်ဘဲ နေကြရလေသည်။ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်း၊ လိုသောအရာကို ထင်ရှားစွာ အမြင်အထင်စိတ်ပေါက်ခြင်းသည် အောင်မြင်ခြင်း၏ မလွဲနိုင်သောနည်းလမ်းဖြစ်လေ သည်။
အဘယ်မျှပင် အထင်အမြင်စိတ်ပေါက်၍ အဘယ်မျှပင်ယုံကြည်သော်လည်း စွဲစွဲလမ်းလမ်း မလုပ်လျှင်မဖြစ်နိုင်ပေ။ စွဲလမ်းစွာလုပ်ခြင်း၌ ဖြစ်မှ ဖြစ်ပါ့မလားဟူသော သံသယစိတ်ကင်းဖို့သာ လိုလေသည်။
လောက၌ ကျိန်းသေကိုသာ စောင့်မျှော်လျှင် မည်သည့်အလုပ်မျှဖြစ်မြောက်မည် မဟုတ်ပေ။ ဘီအေ-အမ်အေအောင်ပြီး ရာထူးရဖို့ မျှော်လင့် ပညာသင်သူတို့မှာ ခုလတ်၌ မမာမကျန်းဖြစ်နေ မလား။ မိဘသေဆုံး၍ စရိတ်အကုန်ဆက်လက် မခံနိုင်ဘဲနေမလားဟူသော တွေးတောချက်တို့ ကြောင့် ကျိန်းမသေတဲ့ အလုပ်ကြီးပါလားဟု စိတ် ကို လျှော့ကြလျှင် အမ်အေအောင်သူ၊ အိုင်စီအက်စ် အောင်သူတွေပင် ရှိကြမည်မဟုတ်ပေ။ အောင်နိုင် လျှင် အကျိုးရှိသည်ဟူသော စကားသည် မမှားနိုင် သောစကားဖြစ်လေသည်။
လင်ယောက်ျားသေသည်ဟု အိပ်မက်သည့် အခါ လင်နှင့်ကွဲလိုသောစိတ်ရှိ၍နေကြောင်း အထက်၌ ဖော်ပြခဲ့ပြီ။ သို့သော်လည်း ဤလင်နှင့် ကွဲပြီး ဟိုလင် ထိုလင်ကို ယူလိုသောကြောင့်ဟု မဆိုလိုပေ။ အချို့လည်း လင်ယူမိတာ မှားသည် ဟူသောစိတ်နှင့် ကွဲလိုခြင်းဖြစ်တတ်လေသည်။ သို့အိပ်မက်သည့်အခါ မိန်းမများမှာ ထိုစိတ်ရှိ ကြောင်း သတိမရဘဲနေတတ်လေသည်။ ထိုစိတ် သည် တစ်ခါတစ်ရံပေါ်ပေါက်မိ၏။ အခါများစွာ မသိမသာရှိနေတတ်လေသည်။ အိပ်မက်သည် ညဉ့်မှာ စိတ်မကူးဘဲ မက်တတ်၏။ စိတ်ကူးတိုင်း အိပ်မက်သည်မဟုတ်ပေ။ တစ်ခါတစ်ရံ စိတ်ကူးဖူး၊ ဖြစ်ပျက်ဖူးပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သည့် အခါ သာ၍မက်တတ်လေသည်။
မိမိမှာ ဝေဒနာတစ်ခု ပေါ်လာသည်ထင်လျှင် ငါ့မှာတန်ခိုးရှိ၏။ ငါ့၌ ထိုရောဂါကို နှင်နိုင်သော သတ္တိတန်ခိုးရှိ၏ဟု ယုံကြည်အားတက်ကာ ဖော်ပြခဲ့သောနည်းတို့ကို အသုံးပြုလျှင် ဧကန် ချမ်းသာရပါလိမ့်မည်။
မနာလိုသောစိတ်သည် မိမိမကြီးပွားနိုင် ကြောင်း ထင်မြင်ယုံကြည်ရာသို့ရောက်သော စိတ်ဖြစ်ရာ ကြီးပွားခြင်းဘေးရန်ဖြစ်လေသည်။ ရလိုသောအရာကို ထက်သန်စွာ အိပ်မက်၌ မက်လု ခမန်းဖြစ်အောင် တကယ်စွဲစွဲလမ်းလမ်း တောင့်တ ၍ နည်းလမ်းရှိသမျှကို ငါအသုံးပြုမည်ဟူသော စိတ်လည်းရှိက နည်းလမ်းတွေပေါ်လာရ၏။ ထိုနည်းတွေ ပေါ်လာရမည်ကို ယုံကြည်ဖို့သာ လိုလေသည်။
ဝေဒနာတစ်ခုရှိလျှင် ထိုဝေဒနာပျောက်တော့ မည်၊ သွားတော့မည်ဟု စူးစိုက်စွာဆင်ခြင်ပါလေ။
ကလေးများမှာ ဝေဒနာရှိလျှင် နားနားကပ် ကာ ပျောက်တော့မည့်အကြောင်းကို ယုံကြည် အောင် ပြော၍ပြရမည်။ အိပ်ပျော်သည့်တိုင်အောင် ပြော၍ပြလျှင် သာ၍ပျောက်လွယ်လေသည်။
အလိုရှိသောအရာကို အိပ်ပျော်သည့်တိုင် အောင် စူးစိုက်စွာထင်မြင်လျှင်ရမည်ဟု ယုံကြည်၊ ထိုအရာကို မြင်အောင်ရှု၊ ကိုယ်လက်တို့ကို လျှော့၍ ထား၊ ရဖို့ရန်လမ်းပေါ်လာရမည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments