လက်ဆင့်ကမ်း စွမ်းရည်

Type
1

 

(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး
 

အန်ကယ်ပညာ
 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ခေတ်နှင့်အညီ အဆင့်ဆင့်ပြောင်းလဲတိုးချဲ့ ဖွဲ့စည်းလာခဲ့သည့်အတွက် ထိုနေ့ကိုပင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ဟု သတ်မှတ်ခဲ့ကြပါသည်။ သို့ဖြစ်၍ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့သည် (၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဖြစ်ပါသည်။

 

ယနေ့ နိုင်ငံတော်သည်   ခေတ်မီဖွံ့ဖြိုးတိုးတက် ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။   ဤသို့ဆောင်ရွက်ရာတွင်    နိုင်ငံသား တစ်ဦးချင်းသည်လည်းကောင်း၊     အဖွဲ့အစည်း အလိုက်သည်လည်းကောင်း    မိမိကျရာတာဝန်ကို ကျေပွန်အောင်  ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထိုအဖွဲ့အစည်းများတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် လည်း ပါဝင်သည်ဖြစ်၍  မိမိတပ်ဖွဲ့အတွက်  ချမှတ် ထားသည့်  ရည်မှန်းချက်တာဝန်များကို  ကျေပွန်အောင်ဆောင်ရွက်ကြရမည်ဖြစ်ရာ ရဲတပ်ဖွဲ့ဝင်တိုင်း သည် တစ်ဦးချင်းစွမ်းရည်နှင့် ပြည့်ဝနေကြရမည်ဖြစ် ပါသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း၏  စွမ်းရည်ပြည့်ဝ နေမှသာ တပ်ဖွဲ့ဝင်များနှင့်ဖွဲ့စည်းထားသည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့သည်လည်း      စွမ်းရည်ပြည့်ဝသည့် တပ်ဖွဲ့ကြီး ဖြစ်နေမည်ဖြစ်ပါသည်။


အခြေခံအကျဆုံးလိုအပ်ချက်


ထိုသို့  စွမ်းရည်ပြည့်ဝနေမှသာ   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏  ရည်မှန်းချက်တာဝန်ကြီး  (၄) ရပ် ဖြစ် သော ပြည်တွင်းလုံခြုံရေးနှင့်  ရပ်ရွာအေးချမ်းသာယာ ရေး၊  တရားဥပဒေစိုးမိုးရေး၊  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ရေးတာဝန်များကို  မှန်ကန်မြန်ဆန်စွာ အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များကိုကြည့်လျှင်      နိုင်ငံတော်နှင့်     တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏  အေးချမ်းသာယာမှုနှင့်   ကိုယ်စိတ် နှစ်ပါးလုံခြုံမှုအတွက် ဦးတည်ဆောင်ရွက်နေသည် ကို တွေ့ရပါသည်။ ထိုသို့ နိုင်ငံနှင့်အဝန်း လုံခြုံမှုရှိပြီး အေးချမ်းသာယာနေမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက် သောနိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်၍    နိုင်ငံတော်တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏    စွမ်းရည်ပြည့်ဝရေးသည် အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်ပါသည်။


မျက်မှောက်ခေတ်တွင်  နည်းပညာအသုံးပြုမှု တွင်ကျယ်လျက်ရှိရာ    ရာဇဝတ်မှုကျူးလွန်သူများ အနေဖြင့်လည်း နည်းပညာကိုအသုံးချ၍ ဥပဒေချိုး ဖောက်မှုများ၊ ရာဇဝတ်မှုများကို ကျူးလွန်လာကြ သည်။ အချို့သောမှုခင်းကိစ္စရပ်များတွင်  သမားရိုးကျ နည်းဖြင့်   ရှာဖွေစုံစမ်းဖော်ထုတ်ရန်   ခက်ခဲလာသဖြင့် ခေတ်နှင့်အညီ နည်းပညာမြင့်   အထောက်အကူပြု   ပစ္စည်းကိရိယာများကိုလည်း     ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုတတ်ရန်   လိုအပ်လာပါသည်။ သို့ဖြစ်၍ ရဲတပ်ဖွဲ့ဝင်များ၏  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်      စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။


ထို့အပြင်    ဥပဒေဘောင်အတွင်းမှ   စီးပွားရေး လုပ်ကိုင်နေသူများအနေဖြင့်   မူးယစ်ဆေးဝါးအပါ အဝင်     တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းတို့မှ ရရှိသည့် ငွေကြေးပမာဏကို ယှဉ်ပြိုင်နိုင်ခြင်း မပြု နိုင်သည့်အပြင် ငွေကြေးမတည်ငြိမ်မှုများ၊ ငွေကြေး ခဝါချမှုများပါဖြစ်ပေါ်နေသဖြင့်  တိုင်းပြည်၏ စီးပွားရေး ကို ကမောက်ကမဖြစ်စေပါသည်။ သို့အတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အနေဖြင့်   ငွေကြေးခဝါချမှုနှင့်  ၎င်း၏ မူလဇာစ်မြစ်  ရာဇဝတ်မှုခင်းများကိုပါ   ဖော်ထုတ် အရေးယူဆောင်ရွက်လျက်ရှိပါသည်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  ပြည်တွင်းလုံခြုံရေး၊ ရာဇဝတ်မှုခင်းများ လျော့နည်းကျဆင်းရေး၊ နယ်မြေ ဒေသတည်ငြိမ်ရေးတို့ကို ဆောင်ရွက်လျက်ရှိသည့် အပြင်   နိုင်ငံတော်၏သယံဇာတများ   တရားမဝင် ခိုးထုတ်ခြင်းမှ တားဆီးကာကွယ်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတော်၏ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနေသည့် ပို့ဆောင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး အတွက်    ရေကြောင်း၊    လေကြောင်း၊    ရထားနှင့် ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ     ယာဉ်သွားလာမှု လုံခြုံချောမွေ့စေရေးတို့ကိုပါ  ဆောင်ရွက်ပေးလျက် ရှိပါသည်။


ဖြည့်ဆည်းလေ့ကျင့်


သို့ဖြစ်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင်    အရေးပါသည့်ကဏ္ဍများ အတွက် ရဲလုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက် ပေးလျက်ရှိရာ ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည်ပြည့်ဝရေး သည်   များစွာအရေးပါလျက်ရှိသည်ကို   တွေ့ရပါ သည်။ ရဲတပ်ဖွဲ့ဝင်များ၏    စွမ်းရည်ဟုဆိုရာတွင် ပြည်သူလူထုအသိအမှတ်ပြုသည့် အသွင်သဏ္ဌာန် နှင့် အနှစ်သာရများနှင့် ပြည့်ဝနေစေရမည်ဖြစ်ပါ သည်။  ထိုသို့ပြည့်ဝနေစေရန်     ရဲတပ်ဖွဲ့ဝင်များအနေ ဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်(၄)ရပ်၊ အခြေခံ အရည်အချင်း(၅)ပါး၊  အမြင် (၅) မြင်၊ ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆) ချက်တို့နှင့် ပြည့်စုံနေရန် ဖြည့်ဆည်း လေ့ကျင့်နေကြရမည်ဖြစ်ပါသည်။


ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  စနစ်တကျ ဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်နှင့်အညီ စွမ်းရည်ပြည့်ဝသည့် တပ်ဖွဲ့ဖြစ်နေစေ ရေးအတွက် တည်ဆောက်ရေးတာဝန် (၄)ရပ်နှင့် တပ်ဖွဲ့များကို   တည်ဆောက်နေကြရမည်ဖြစ်ပါ သည်။ နယ်စပ်ဒေသနှင့် ပြည်တွင်းလုံခြုံရေးတာဝန် များကို ထမ်းဆောင်ရာတွင် သိရှိလိုက်နာ ဆောင် ရွက်ကြရမည့် စစ်အောင်ရာသောအကြောင်းကြီး များ၊  စစ်အခြေခံသဘောတရားများနှင့်   စစ်နည်း ဗျူဟာများကို  လက်တွေ့အသုံးချနိုင်ပြီး   တာဝန် ထမ်းဆောင်ရာ၌လည်း လှေခွက်ချည်းကျန် အလံ မလှဲသည့် စိတ်ဓာတ်၊   တုံးတိုက်တိုက်  ကျားကိုက် ကိုက် စိတ်ဓာတ်၊ အမိနိုင်ငံတော်၏မြေကို တစ်လက် မမျှ ပဲ့အပါမခံနိုင်သည့်တိုက်ပွဲဝင်စိတ်ဓာတ်မျိုးထားရှိနိုင်သည်အထိ လေ့ကျင့်ထားကြရမည်ဖြစ်ပါသည်။    


လုပ်ငန်းခွင်လေ့ကျင့်ရေး


မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တိုင်းသည်   နယ်ဘက် ဆိုင်ရာ ဥပဒေများအပြင် ရဲစည်းကမ်း ထိန်းသိမ်း ရေးဆိုင်ရာ ဥပဒေများကိုပါ အစဉ်လေးစားလိုက်နာ ကြရပြီး ဆောင်ရန်ရှောင်ရန်အတိုင်း   လိုက်နာနေ ထိုင်ကာ ရဲတပ်ဖွဲ့၏ အစဉ်အလာ (၁၂) ရပ်ကို ထိန်း သိမ်းသွားကြရမည်ဖြစ်ပါသည်။ ထို့အပြင်  နေရာ ဒေသမရွေး၊ အချိန်အခါမရွေး ပေးအပ်သည့်တာဝန် နှင့် ပေါ်ပေါက်လာသည့် ပြဿနာများကို အောင်မြင် အောင်ဆောင်ရွက်နိုင်ရန်       ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ  ကျန်းမာကြံ့ခိုင်မှု   အမြဲရှိနေစေရေး အတွက် ခံနိုင်ရည်စံနှုန်းများအတိုင်း  အမြဲလေ့ကျင့် နေကြရမည်ဖြစ်ပါသည်။


ဤသို့   ရုပ်ပိုင်းနှင့်   စိတ်ပိုင်းဆိုင်ရာ   ကျန်းမာ ကြံ့ခိုင်ပြီး     ယုံကြည်ချက်  ခံယူချက်မြင့်မားကာ  စွမ်းရည်ပြည့်ဝသည့်  ရဲတပ်ဖွဲ့ဝင်များဖြစ်ပေါ်လာစေ ရေးအတွက် လေ့ကျင့်ရေးဖြင့် တည်ဆောက်ရာတွင် သင်တန်းကျောင်းများ၌  လေ့ကျင့်ခြင်းသည်အခြေခံ မျှသာဖြစ်၍  လုပ်ငန်းခွင်များတွင်ပါ  တာဝန်ထမ်း ဆောင်ရင်း လက်တွေ့လုပ်ဆောင် လေ့ကျင့်သွားကြ ရမည်ဖြစ်ပါသည်။


ထို့အပြင် သင်တန်းကျောင်းများတွင် သက်ဆိုင် ရာ ရာထူးအဆင့်အတန်းအလိုက် လုပ်ငန်းကျွမ်းကျင် မှုမွမ်းမံလေ့ကျင့်ခြင်း၊ ပြည်ပနိုင်ငံများသို့ စေလွှတ်၍ သင်တန်းတက်ရောက်စေခြင်း၊ တပ်မတော်ဆိုင်ရာ သင်တန်းများသို့ တက်ရောက်စေခြင်းနှင့် သက်ဆိုင် ရာတပ်ဖွဲ့အလိုက် လေ့ကျင့်မှုများ ပြုလုပ်ခြင်းတို့ဖြင့် လည်း တပ်ဖွဲ့ဝင်များ၏ အရည်အချင်းကို မြှင့်တင် ပေးနေရမည်ဖြစ်ပါသည်။


ကျေပွန်အောင်မြင်အောင်


မြန်မာနိုင်ငံရဲတပ်ဖွဲ့သည်  နိုင်ငံတော်အစိုးရနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ချမှတ်သည့်မူဝါဒများ၊ တည်ဆဲဥပဒေများနှင့်အညီ   ရည်မှန်းချက်တာဝန် များကို ထမ်းဆောင်ရာတွင် ပြည်သူလူထုနှင့်အများ ဆုံးတိုက်ရိုက် ထိတွေ့ဆက်ဆံရသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ထို့အပြင် ဖွဲ့စည်းတည်ထောင်ချိန်မှစ၍ မြန်မာနိုင်ငံသမိုင်းကြောင်းနှင့်ယှဉ်၍ အသုံးပြုခဲ့ကြ သည့်   ခေတ်စနစ်များအလိုက်  မိမိတို့၏တာဝန် ဝတ္တရားများကို   ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြ သည့် အဖွဲ့အစည်းလည်းဖြစ်ပါသည်။ 


သို့ဖြစ်၍ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု နှင့်   ထိတွေ့ဆက်ဆံရာတွင်  စွမ်းရည်ပြည့်ဝမှုကို အရင်းပြု၍ ဥပဒေဘောင်အတွင်းမှ သိမ်မွေ့မှန်ကန် စွာဆက်ဆံခြင်း၊  ပြည်သူ၏  လိုအပ်ချက်များကို စိတ်ရင်းစေတနာကောင်းဖြင့် ဝန်ဆောင်မှုပေးခြင်း တို့ဖြင့်   ပြည်သူလူထု၏ ကောင်းမွန်သည့်အမြင်နှင့် စိတ်ပိုင်းဆိုင်ရာ   ယုံကြည်အားကိုးမှုတို့ကို  ရယူ တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတော်အစိုးရ၏    ရှေ့လုပ်ငန်းစဉ်နှင့်  ဦးတည် ချက်များ အကောင်အထည်ဖော်ရာတွင်လည်း မိမိ တို့ကျရာကဏ္ဍမှ ကျေပွန်အောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပေသည်။      ။