
ဆောင်းပါး
======
လှကြစမ်းဗျာတို့ လွတ်လပ်တယ်
===================
ဆူးငှက်
အလင်္ကာကျော်စွာ မြို့မငြိမ်းကို ကောဇာသက္ကရာဇ် ၁၂၇ဝပြည့်နှစ် တပို့တွဲလဆန်း (၅)ရက်၊ တနင်္လာနေ့ (၁၉ဝ၉ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်) တွင် မွေးဖွားခဲ့သော ကြောင့် ယခုအခါ သက်တမ်း ၁၁၂ နှစ် ပြည့်လုပါပြီ။ သူ ပါဝင်တည်ထောင်ခဲ့သော မြို့မတူရိယာအသင်းကို အခြေခံ ပြီး မြန်မာ့ဂီတလောကအတွက် စွန့်လွှတ်ဆောင်ရွက်ခဲ့ သည့် ဂီတထုထည်ကြီးများစွာအနက် ယခု တင်ပြမည့် အစိတ်အပိုင်းလေးတစ်ကွက် တစ်ကဏ္ဍကဖြင့် အမှတ် တရ ရှိလှပါသည်။
နီတျာတျာ၊ ရှေးစာ ရာမလေးလို၊ သန္တာသွေးနဲ့
နီတျာတျာ၊ ရှေးစာ ရာမလေးလို၊ သန္တာသွေးနဲ့
နှုတ်ခမ်းနဲ့ ဆင်တူအောင်ရယ်
တစ်ကမ္ဘာလုံး နှုတ်ခမ်းနီခြယ်သကြလို့
စကြဝဠာမယ် စော်နံတယ်၊
နှင်းဆီရောင် ပါးပြင်နီမြန်းလို့ရယ် ...၊
မန္တလေးတရုတ်တန်းရှေ့တော်ပြေးဝင်းမြောက်ပေါက် နှင့် ဓားလွယ်ခုတ်နေရာ ၂၈ လမ်းမြောက်ဘက်ခြမ်းတွင် ရှိသည့် ဦးရိပ်၊ ဒေါ်လေးတို့ အိမ်ဝင်းအတွင်းမှ တူရိယာ သံစုံတီးမှုတ်သံများ မနက်လင်းကတည်းက ထွက်ပေါ်နေ ၍ ဖြစ်သည်။ ယခင်က သည်အိမ်ဝင်းအတွင်းရှိ တိုက်ကြီး မှာ စစ်ကြီးအတွင်း မီးလောင်ပြာကျသွားသည်။ ထိုအိမ်ဝင်း အတွင်း တီးသံမှုတ်သံတွေကတော့ ဟိုရှေးယခင်ကတည်း က အခုထိမပြောင်းမလဲရှိနေဆဲ။ ကနဦးတုန်းကတော့ မယ်ဒလင်၊ ဘင်ဂျို၊ ဗျပ်စောင်း၊ မြန်မာဂီတာတွေ ဖြစ်မှာ ပေါ့။
အခုတော့ စန္ဒရား၊ အကော်ဒီယံ၊ ကလယ်ရီနက်၊ ထရန် ပက်၊ ဆိုက်ဆိုဖုန်းစသည့် အနောက်တိုင်း တူရိယာပစ္စည်း အသံများဖြစ်သည်။ ဦးရိပ်၊ ဒေါ်လေးတို့ကလည်း အသက် အရွယ်ကြီးရင့်သော်ငြား မိတဆိုးမြေးကလေး ကိုဘညိန်း ကို အလိုလိုက်လွန်း၏။ သူဖြစ်ချင်သည်ကို ဖြစ်အောင် ကြံဆောင်ပေးသည်။ ကိုဘညိန်းကလည်း ကျောင်းစာ ထက် ဂီတကို ပို၍ခုံမင်သည်။ အိမ်နီးချင်း ရွာစားစိန်ဗေဒါ ကြီးကပင် လက်ဖျားခါရသည့် ပါရမီရှင်ဖြစ်သည်။ ငယ်စဉ် ကတည်းက အနောက်တိုင်း ဆင်ဖိုနီဓာတ်ပြားတွေ နားထောင်၊ နန်းတွင်းထဲက ကလပ်မှာ ဝင်တီး၊ ရွှေတိုက် ဝင်းမှာ ဂီတသင်္ကေတတွေသင်၊ ဆိုင်းတန်း ဦးတော်လုံကို ဥက္ကဋ္ဌတင်ပြီး အပျော်တမ်းတူရိယာအသင်းပင် ထောင် လိုက်သေးသည်။
ဆင်ဖိုနီဩခက်စတြာ
ကိုဘညိန်းဖြစ်ချင်တာက ဆင်ဖိုနီဩခက်စတြာတဲ့။ သူ့မိတ်ဆွေသူဌေးသား ဓားတန်းကိုသန့်နှင့် ပေါင်းကာ မြဝတီမင်းကြီးဦးစ၏ “ဘုံပျံနေနန်း” ကို ဆင်ဖိုနီဩခက် စတြာဝိုင်းဖွဲ့သံစုံတီးဝိုင်းကြီးဖြင့် တီးခတ်ပြလိုသည်။ ဒါက သူတို့ ရည်မှန်းချက်။ ထိုရည်မှန်းချက်ကား စစ်ကိုလည်း ကြုံ၊ ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံရသော်လည်း အညွန့် အညှောက်ထွက်ကာ ရှင်သန်နေဆဲ။
ထို့ကြောင့် စစ်ကြီး အပြီး မြို့မတူရိယာအသင်းကို ပြန်လည်စုစည်းကြတော့ လုပ်သင့်လုပ်နိုင်သည့် ကိစ္စတွေကို တစ်ထစ်ချင်းဆောင် ရွက်သည်။ ကိုဘညိန်းမှာ စီမံကိန်းရှိနေ၏။ ဘယ်သူ့မှ လည်း စကားဖွယ်ဖွယ်ရာရာ ပြောမနေ၊ အမြဲတွေး အမြဲ ငေးကာ သူစီမံကိန်းကို ရေးဆွဲနေသည်။ အသင်းတိုက်မှာ လူငယ်ဂီတ ဝါသနာရှင်တွေကို စုစည်းသည်။ အနောက် တိုင်း ဂီတသင်္ကေတ နည်းပညာတွေကို ပို့ချသည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း သူဖြစ်ချင်တာတွေ ပူးပေါင်း သည်။
ဂီတနှင့်ပတ်သက်လျှင် နေ့မရှိ၊ ညမရှိ၊ အိမ်မရှိ၊ အိပ်ရာ မရှိ၊ ဇနီးမယားသမီးသားမရှိ။ အိမ်မှာ ညပြန်အိပ်ချင်မှ လည်း အိပ်သည်။ သို့မဟုတ် အိမ်မှာပဲ အပေါင်းအသင်း တပည့်တပန်းတွေ တရုန်းရုန်းနှင့် ဂီတကိုပဲ နေ့စဉ်ရက် ဆက် လုပ်ကိုင်နေတတ်သည်။ ဘယ်ဘက်မျက်လုံးက ငယ်စဉ်မှာပင် တိမ်ထိထား၍ ချိုင့်ခွက်ကာ မျက်သား ဖြူဖြူတွေများနေတတ်သည့် လူပုံစံက ဘယ်လိုမှ “ပန်တျာ” မလာသော စန္ဒရားအေးမောင် ဆိုသည့် တပည့် ကလည်း ထိုအိမ်က မပြန်တော့။ သူက စန္ဒရားခုံ ရှေ့ထိုင် သည်ကပင် ခပ်စောင်းစောင်း။ ဝတ်ပုံစားပုံ ဘိုဆန်ဆန်၊ နှစ်ထပ်ကော်လံ ဟာဝေယံရှပ်အဆင်အကွက်များကို ဘောင်းဘီရှည်နှင့် ဝတ်တတ်သူ၊ တစ်ခါတစ်ရံ ဘောင်းဘီ တိုနှင့် ဝတ်တတ်သူ၊ ဘောင်းဘီနှင့်မဟုတ်ဘဲ လုံချည်နှင့် ဆိုပါက ထိုဟာဝေယံရှပ်တို လုံချည်အပြင်ဘက် ထုတ်ဝတ် တတ်သူ၊ တစ်ခေါင်းလုံး ငွေရောင်ဆံပင်၊ အသားက ဖြူနီစပ်စပ်၊ ရုပ်က ဘိုကပြားရုပ်...။ ရုပ်သွင်ဟန်ဟန် အမူအရာစမတ်ကျကျနှင့် ကိုဘသင်ကလည်း ထိုအိမ်က မပြန်တော့။
ဆံပင်တိုတို၊ မျက်ဆံကြောင်ကြောင် ကယောင်ကယင် မအူမလည်ရုပ် စန္ဒရားအေးမောင်နှင့်တွဲဖက်သူက ထိုကဲ့သို့ သော စမတ်ကျကျ ဘိုဆန်ဆန် ကိုဘသင် ...။ ကိုဘသင်က ဂျပ်ဇ်နှင့် ဒယ်ဘယ်လ်ဘေ့စ်ကို တီးခတ်သည်။ သူတို့ နှစ်ယောက်ကခွဲလို့မရ။ စန္ဒရားနှင့်ဂျပ်ဇ်၊ ဒယ်ဘယ်လ် ဘေ့စ်။
“ရွေတညာ” လေးလုပ်စမ်းပါ
စန္ဒရားဆိုရာတွင် ကိုအေးမောင်က လက်ဆယ်ချောင်း ဖြင့် အသံအကွာအဝေး၊ အနိမ့်အမြင့်၊ အတိုအရှည်၊ အတိုး အကျယ် လိုသလို အတိအကျရိုက်ခတ်မိအောင် ထိနိုင် ဖိနိုင်တီးနိုင်သူတဲ့။ စန္ဒရားကို အနောက်တိုင်းဂီတ သင်္ကေတ (note)ဖြင့် ကျွမ်းကျင်စွာတီးခတ်နိုင်သူ။ စန္ဒရား ကို “ကော့ဒ်” နှင့် ကျွမ်းကျင်စွာ တီးခတ်နိုင်သဖြင့် “ကော့ အေးမောင်” ဟု ဝိသေသပြုခံရသူ။ ဒီလို ဘိုဆန်ဆန်စန္ဒရား လက်သံနှင့် ဘိုရုပ် ကိုဘသင်၏ ဂျပ်ဇ်နှင့် ဒယ်ဘယ်လ် ဘေ့စ်နှင့် နှစ်ယောက်သား တီးခတ်နေကြလျှင် အများငေး ကြည့်ကြရသတဲ့။ ဤကဲ့သို့ လိုက်ဖက်ညီသော တပည့်များ စိတ်ရည်တူလုပ်ဖော်ကိုင်ဖက်များနှင့်အတူ ကိုဘညိန်း(ဝါ)မြို့မငြိမ်းက “ဆီမီးဆင်ဖိုနီ” သီချင်းတစ်ပုဒ်ရေးထုတ်ခဲ့ သည်။ သီချင်း၏ကနဦးအစ သံဖြူတန်းက မိတ်ဆွေကြီး ကိုလှဒင်အိမ်မှာဖြစ်၏။ ကိုလှဒင်ဆိုတာ မြို့မငြိမ်းနှင့် မြို့မမှာ ကနဦးထူထောင်ခဲ့သူတစ်ဦးအပါအဝင် ...။ သူက လည်း ဂျပ်ဇ်သမား ....။
ကိုလှဒင်အိမ်မှာ မြို့မငြိမ်းက စန္ဒရားအေးမောင်ကို “ရွေတညာ” လေးလုပ်စမ်းပါဆို၏။ “ရွေတညာ” ဆိုတာ ပြင်စည်မင်းသားကြီး၏ အလွမ်းဘွဲ့ ယိုးဒယားသီချင်း ဖြစ်သည်။
“ရွေတညာ၊ ဖျော်ဖြေဘွေကြော့၊ မြန်မြေချာဝယ်၊
လွန်သာထွေလို့ ဖန်ရွှေစာငယ် မူရာပိုဖွဲ့ ဆိုယောင် မှား ....” အစချီသီချင်းဖြစ်သည်။ အတီးသမားများ အကြိုက်တွေ့သည့်သီချင်းလည်း ဖြစ်၏။
ဝါရွှေညိုနီ၊ ဟို အနောက်တိုင်းဆီဝယ်
မြို့မငြိမ်းက စန္ဒရားအေးမောင်ကို “ရွေတညာ” တီးခိုင်း တော့ တပည့်လုပ်သူကလည်း စန္ဒရားခုံမှာ တစောင်း လေးထိုင်ပြီး ညက်ညက်ကျေနေသော “ရွေတညာ” ကို ဒေါင်းဒေါင်းပြေး တီးခတ်တော့၏။ “အသော” ဒေါင်လို့ မချမီ ရပ်ခိုင်းသည်။ ထပ်တီးခိုင်းသည်။ အသော “ဒေါင်” လို့ မချမီရပ်ခိုင်းပြန်ပြီးလက်ထဲက နုတ်(စ်)စာရွက်တွေပေး ကာ “ဒါကိုဆက်တီး” ဟုခိုင်းသည်။ စန္ဒရားအေးမောင်က ခပ်ကြောင်ကြောင် မျက်လုံးကို ခပ်စောင်းစောင်း အားစိုက် ကာ နုတ်(စ်)တွေကိုကြည့်သည်။ လက်ဆယ်ချောင်းနှင့် စန္ဒရားခလုတ် အဖြူ၊ အနက်တွေကို ခပ်သွက်သွက်တို့ ထိသည်။ ဘိုဆန်ဆန်တေးသွားတစ်စ ...။ ရပြီ။ ခပ်သွက် သွက် တီးခတ်လိုက်သည်။ နုတ်(စ်) နှင့်အတူ ရေးမှတ်ထား သော သူ့ဆရာ၏ လက်ရေးခပ်စောင်းစောင်းတွေကို လိုက်ဖတ်ရင်း စိတ်ထဲက အသံထွက်လိုက်ဆိုမိ၏။
“ဝါရွှေညိုနီ၊ ဟို အနောက်တိုင်းဆီဝယ်
ပလက်တီနမ်ဘလွန်း၊ ရောင်စုံခြယ်
မြန်မာလုံမယ်၊ မင်ညိုပိတုန်းရောင်ခြယ်
သွယ်သွယ်ပျော့ပျောင်း၊ ယဉ်ကေဆံသီနွယ်
အနက်ရောင်တစ်မျိုးနဲ့ ဒို့မယ်၊
ကြက်တောင်ဆံရစ်ဆံပတ်ထုံးတယ်
ဒေါက်ချာမြင်းမိုရ် ကြီးငယ်၊ အိုးစည်ခေတ်မီသုံးတယ်
ဗျာပါဆံကေသွယ်၊ ဘောင်ဘောင်ဗွေထဲဆီဝယ်
စွန်တောင်ကိုဆွဲ၊ မူရာတော်တွေကြွယ်”
မြန်မာသံ မြန်မာအသွားပြန်ဝင်
“လှကြစမ်းပါဗျာတို့”သီချင်း၏အစ“နီတျာတျာ၊ ရှေးစာ ရာမလေးလို သန္တာသွေးနဲ့” မှ “နှင်းဆီရောင်၊ ပါးပြင်နီမြန်း လို့ရယ် ....” အထိမှာ “ရွေတညာ” ယိုးဒယားအသွား ဖြစ်သည်။ စာလုံးအရေအတွက်၊ အသံ အကွာအဝေးကြောင့် စည်းဝါးတော့ နည်းနည်းကွာသည်။ “ဝါရွှေညိုနီ” မှသည် “စွန်တောင်ကိုဆွဲ” အထိအပိုဒ်က စန္ဒရားအကော်ဒီယံ တွေကို “ဂျပ်ဇ်”၊ “ကော့ဒ်” တွေနှင့် ဘိုသံညက်ညက်တီးခတ် ရသည်။ “ယဉ်တစ်ကိုယ် ပါးကျပ်ကိုလဲ” မှ “လှကြစမ်းဗျာ တို့ လွတ်လပ်တယ်” ထိက မြန်မာသံ မြန်မာအသွား ပြန်ဝင်လာ၏။
ထိုအပိုဒ်တွင် ပို၍မြန်မာဆန်လာအောင် ပန်းချီဦးဘသက် က ဝါးပတ္တလားအသံကျဲကျဲလေးနှင့် ဆော့ကြည့်ချင်သေး တယ်ဟု ဆိုသည်။ ၂၈ လမ်းအိမ်ကလေးမှာ “လှကြစမ်းပါ ဗျာတို့” ကို အပြန်ပြန်အလှန်လှန် အညက်ကြီးညက်အောင် စိတ်လိုလက်ရ နှစ်နှစ်သက်သက် တီးမှုတ်နေကြတာ နေ့စဉ်ရက်ဆက် ... ။ မြို့မငြိမ်း၏ အဘွားဒေါ်လေးကလည်း သူ့မြေးနှင့် အပေါင်းအသင်းတွေ ပျော်ရွှင်နေကြတာ ကြည့်ပြီး ကျေနပ်နေသည်။ မြေးဖြစ်သူဘာလိုသလဲ၊ လိုသမျှ ဆောင်ကြဉ်းပေးရတာကိုပဲ အဘွားအိုက ဝမ်းသာ နေ၏။
ဆရာမြို့မငြိမ်း လိုချင်သော ဆီမီးဆင်ဖိုနီ
“လှကြစမ်းပါဗျာတို့” ကို မြန်မာဝါးပတ္တလားသာမက အခြားအနောက်တိုင်းတူရိယာတွေ ကြိုးတပ်တူရိယာတွေ နှင့်ပါ အသံတွေထပ်မံ ဖြည့်စွက်ကြဦးမည်။ တူရိယာပစ္စည်း အသီးသီးနှင့် ပိုင်နိုင်ကျွမ်းကျင်မှုကို နာရီမလပ်မပြတ် လေ့ကျင့်နေကြသည်။ မကြာမီ ဆရာမြို့မငြိမ်း လိုချင်သော ဆီမီးဆင်ဖိုနီကို အကောင်အထည်ဖော်နိုင်ကြတော့မည်။
“ယဉ်တစ်ကိုယ်၊ ပါးကျပ်တိုပဲ
ဆိုးလက်သဲလက်သဲ၊
ရဲနီမြန်းနီမြန်း။ ပန်းနွယ်ကော့သွယ်
စင်အောင်နှုတ်လို့သာပေး၊ ရေးမင်ရေး မင်ရေး
ကွေးကောက်ကွေးမျက်ခုံးသုံးရက်လနှယ်
အစ်မကြီးတို့ရဲ့ ဓနဉ္စရူပံ၊
ကြံဖန်ထင်သလို၊ လှကြစမ်းဗျာတို့ လွတ်လပ်တယ်”
- Log in to post comments