လွမ်းစမပြယ်ကောင်း လွမ်းရိုးဟောင်းဆင့် လွမ်းသစ်ဖွင့်နိုင်စွမ်းသော

Type
၁

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်

========================

 

လွမ်းစမပြယ်ကောင်း လွမ်းရိုးဟောင်းဆင့် လွမ်းသစ်ဖွင့်နိုင်စွမ်းသော

========================================

 

မောင်စံဗြော

 

(၁)

မလွမ်းရော့သော်ကော့။ လွမ်းစရာအထုအထည်။ “ဤနယ်မြေမှာ ချစ်သူခင်သူတို့ထိုင်ရင်း ကြည်ကြည် နူးနူး စကားဆိုဖွယ်ရာ ခုံတန်းလျားလေးများကလည်း အဆင်သင့်” တဲ့။

 

၁၉၆၇-၁၉၆၈ ပညာသင်နှစ် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၊ မောင်မယ် သစ်လွင်ကြိုဆိုပွဲ အခမ်းအနား။ ကျောင်းသားရေးရာ ဌာနမှူး ဦးစန်းအုန်း၏ ကြိုဆိုနှုတ်ခွန်းဆက်စကား။ ယနေ့ထိတိုင် နားစွဲကြားဆဲ။ တက္ကသိုလ်ရနံ့ လွမ်းဖွယ့် အဦး၊ လွမ်းဖွယ့်ဆူး။

 

(၂)

၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် တက္ကသိုလ်စတက်ရ သည်။ အစ်မအပျိုကြီးလုပ်သူက သူ့မောင် ကျွန်တော့်ကို လိုက်ပို့ပေးသည်။ ကျောင်းအပ်ပြီး သုံး၊ လေးလကြာမှသာ အဆောင်ရတတ်သည်ဟု ကြားဖူးသဖြင့် ရန်ကုန်မြို့ သရက်တောကျောင်းတိုက်မှာ ခေတ္တတည်းခို ချက်စား ပြီး ကျောင်းတက်ဖို့ရန်ဖြစ်သည်။ သို့သော် ကျွန်တော် ကံကောင်းပါသည်။ ကျောင်းရောက်သော် အဆောင် နေခွင့်ရသူ စာရင်းထွက်နေပြီ။ အစ်မနှင့် ကျွန်တော် သမိုင်းမှာရှိသော ခပေါင်းဆောင်သို့ သွားကြသည်။ အခန်း (၂၈)။ ကျောင်းတက်တော့ မိန်းထဲမှာ တက်ရ သည်။ ခပေါင်းနှင့် မိန်းအသွား၊ အပြန်ဟီးနိုးကားကြီး များဖြင့် ဖယ်ရီပြေးဆွဲ ပေးသည်။ ဘွဲ့နှင်းသဘင်ခန်းမ နောက်ကျော အင်းလျားလမ်းမှာ ဂိတ်ထိုးပေးသည်။ ဖယ်ရီခမှာ တစ်လခြောက်ကျပ်။

 

တက္ကသိုလ်ရောက်စ ကဗျာနှင့် စာနှင့်ပတ်သက်၍ ဦးစွာလွမ်းလောက်သူမှာ ကိုအောင်စိုး (အောင်စိုးဦး) ဖြစ်သည်။ သူက ကျွန်တော့်ထက်ကြီးသည်။ အသက် ၂၀ ခန့်၊ ကျွန်တော်က ၁၇ နှစ်ပင် မပြည့်တတ်သေး။ သူနှင့်ကျွန်တော်သည် ကဗျာရူး၊ စာရူး၊ တတွဲတွဲ တပူးပူး၊ မျက်စိနောက်လာရော့ထင့်။ ခပေါင်းသားတို့ မေးချေပြီ။ ‘နေပါဦးကွ မင်းတို့နှစ်ယောက် ဘယ်သူက ဆရာ၊ ဘယ်သူက တပည့်လဲ’ တဲ့။ ပြုံး၍သာ နေလိုက်ပါသည်။ သို့တစေ ဖြစ်ခြင်းဖြစ် သူက ဆရာဖြစ်မည်။ သူက ကျွန်တော့်ထက် အစစအရာရာမှာ သာလွန်သူဖြစ်သည်။ တစ်ခါသော် ကျွန်တော်တို့နှစ်ဦး၏ ကဗျာစာမူများကို ပုံနှိပ်ထုတ်ဝေလိုလှပါသည်ဟု အဆိုပြုဖိတ်ကြားစာ ရောက်လာသည်။ အဟုတ် မမှတ်တမှတ်ဖြင့် “ဘာဖြစ် လဲကွာ မဟုတ်တော့လည်း အရှုံးရှိတာမှ မဟုတ်တာ” ဟူသော သဘောပိုက်၍ လိပ်စာအတိုင်း နှစ်ဦးသား မြို့ထဲထွက်လာကြသည်။

လား…..လား လွစ္စလမ်း စထရင်းဟိုတယ်အနီးရှိ လူမနေသော ဂိုဒေါင်ပျက်ကြီး နှင့်သာ ပက်ပင်းတိုးခဲ့ကြသည်။ တရားခံကို ကျွန်တော်မသိလိုက်ပါ။ နောင်သောအခါ ကိုအောင်စိုး ပြောပြချက်အရ အလွန်အစအနောက်သန်သော ကိုအေးကို (ဇီးကုန်း) ဖြစ်ကြောင်း သိရသည်။ တက္ကသိုလ် ရောက်စ ယောင်နနလေးများကို ဖမ်းစား၍ ဟာသ လုပ်တတ်သော ကိုအေးကိုလို လူမျိုးများ ရှိတတ်သည်မှာ ရှေးကတည်းကဖြစ်ကြောင်း ကြားခဲ့ဖူးသည်။ ယခုမူ ကိုယ်တိုင်ခံလိုက်ရသည်။ သည်အဖြစ်က နှစ်တွေကြာ ခဲ့ပြီ။ ကဗျာရူး၊ စာရူး ကျွန်တော်တို့နှစ်ဦး ရှက်ကိုးရှက်ကန်း ဖြစ်ခဲ့ရပုံ လွမ်းပုံရိပ်တစ်စအဖြစ် ပြန်လည်ကြည်နူး မိသည်။ ကိုအေးကိုကြီး ကိုဗစ်-၁၉ ဘေးမှ ကင်းဝေး ပါစေသော်။

 

(၃)

ဒုတိယနှစ်တွင် ကျွန်တော် မိန်းထဲရောက်ပြီ။ ဒဂုံဆောင်မှာ၊ ကိုအောင်စိုးက ကျွန်တော်နှင့်ကျောချင်း ကပ်အဆောင် ရွှေဘိုဆောင်မှာ၊ ကျောချင်းကပ်ဆိုတော့ ၃ နှင့် ၄ ပေါ့။ သို့သော် အမုန်းနှင့် ဝေးကြသည်တော့ မဟုတ်ပါ။ သူ့မြန်မာစာမေဂျာမှာကလည်း ကဗျာရေးဖော်၊ စာရေးဖော် များကလည်း အများသား။ အညာတမာ၊ သန်လျင် မောင်ဝင်းဝါ၊ စောမဉ္ဇူ(ဖျာပုံ)၊ တင်တင်ဦး၊ အင်းလေး သန္တာခင်…စသည်။ ‘မြရွက်လှေ’ တစ်လှေကြီးအပြည့်။ ကဗျာရေးဖော်၊ စာရေးဖော်များ။ သူက ကဗျာထက် စကားပြေမှာ ပိုသန်သည်။

“အောင်စိုးဦး” ကို ထူထောင် နေသည်။ ကျွန်တော်က “မောင်စံဗြောဟုခေါ်သည်” ဟူသော စာတန်းလေးထိုးရန် ကြိုးစားနေသည်။ ပြီးတော့ ကျွန်တော်က ကဗျာတစ်ခုတည်း အာရုံထားသည်။ သူက အာရုံများသည်။

 

မြန်မာစာအသင်း အတွင်းရေးမှူးလုပ်သည်။ ရှင်မဟာရဋ္ဌသာရ နှစ် (၅၀၀) ပြည့် စာတမ်းဖတ်သည်။ စောင်းတီးသင်သည်။ ဇာတ်ညွှန်းရေးပညာ လေ့လာ ဆည်းပူးသည်။ ဇာတ်ညွှန်းလည်းစရေးပြီ။ ဤမျှမအားလပ် သည့်ကြားမှ ရည်းစားထားလိုက်သေးသည်။ သူ့ရည်းစားက မမြမြဟိန်း။ သူချစ်ညွှန်းခွန်းဆို ‘ညို’။ ကျွန်တော်က ညနေစာစားပြီး တစ်ခါတလေ သူ့ရွှေဘိုဆောင်အခန်းသို့ရောက်ဖြစ်သည်။ တစ်ခါက ညနေခင်း သူ့အခန်းသို့ အလည် အပတ်ရောက်တော့ သူ့ရည်းစားစာကို အသံထွက်ဖတ်ပြ ပါသည်။ သူ့ရည်းစားစာကို အသံထွက်ဖတ်ပြကောင်းတုန်း ရသဖျက်မိစ္ဆာဟု ဆိုရမလား ကျောချင်းကပ်အခန်းက မောင်ဖန် (သာယာဝတီ)၏ အသံပေါ်လာသည်။

‘ဟေ့ နာမည်ချင်းတူလို့ ငါ့ကိုလာချစ်ရင်တော့ ငါက စိတ်မဆိုးတတ်ဘူးကွနော်” တဲ့။ ဟုတ်ပေသားပဲ။ သူ့အမည်ရင်းကလည်း ကိုအောင်စိုးပေကိုး။ ကျွန်တော်တို့ တဟားဟား ရယ်မိသွားကြသည်။ ဒါလည်း ကံ့ကော်ရိပ် အလွန်မှာ လွမ်းစလွမ်းစွန်း လွမ်းအစွန်းအထင်းအဖြစ် ရင်မှာ လွမ်းဖြစ်ရုပ်ကြွင်းပုံနှိပ်ခြင်း တစ်ရပ်ပေပါ့။

 

အဆောင်နေကျောင်းသားဘဝနှင့် မိန်းထဲတွင် စာသင်ရသည်မှာ ပို၍ပျော်စရာကောင်းသည်။ တက္ကသိုလ် ကျောင်းသားဘဝ အတွေ့အကြုံများနှင့် ပိုမိုရင်းနှီးခွင့်၊ ကျွမ်းဝင်ခွင့်ရသည်။ ၁၉၆၉ ခုနှစ်မှာ ဖြစ်မည်ထင်သည်။ ပြည်ထောင်စုအလံတော် လက်ဆင့်ကမ်းသယ်ဆောင်ရာမှ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ညအိပ်ရပ်နားသည်။ ထိုညတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၏ တိုင်းရင်းသား အကများကို ကြည့်ခွင့်ရသည်။ ငြိမ့်ညောင်းလှပသော ရခိုင်အက၊ မွန်အက၊ သွက်လက်သော ကချင်အက၊ ကယားအက၊ ချင်းအက၊ ရှမ်းအကနှင့် ဗမာအကတို့မှာ ကျွန်တော်ကြည်နူးရသ ခံစားခဲ့ရသည်။ ပဝါလေးများကို ဝှေ့ကာယမ်းကာ ခုန်ကာပေါက်ကာ လူလှိုင်းလုံးကြီးများပမာ တက်တက်ကြွကြွ ကခုန်ကြသော ကရင်ဒုံးအကမှာမူ ကြက်သီးမွေးညင်းထအောင် ဝီရရသ ခံစားရစေသည်။ ရွာမှာ တိုင်းရင်းသားသွေးချင်းများ၏ ပြည်ထောင်စုအက အလှကို သွေးချင်းနီးကပ်စွာ အဘယ်မှာခံစား၍ ရနိုင်ပါ့ မည်နည်း။ ရန်ကုန်တက္ကသိုလ်ဟူသော ကံ့ကော်ရွာ၊ ပြည်ထောင်စုရွာပေမို့သာ။

 

ကျွန်တော်နှစ်သက်မိသော တက္ကသိုလ်အလေ့တစ်ခု ရှိသေးသည်။ ဌာနအလိုက် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲ များကို ပြင်ပပညာရှင်များဖိတ်ခေါ်၍ ဟောပြောပွဲ ကျင်းပ ခြင်းပင်ဖြစ်သည်။ မှတ်မှတ်ရရ မိုးလေဝသနှင့် ဇလဗေဒဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှ၏ ဟောပြောပွဲသို့ ကျွန်တော် တက်ရောက်နားထောင်ဖူးသည်။ ပထဝီဝင်ပညာဆိုသည်မှာ သိပ္ပံသဘောတရားများ အကြောင်းတရားများ၊ ဝိဇ္ဇာသဘော တရားများ၊ အကြောင်း တရားများ ပေါင်းစုံစီးဝင်နေသော ဘာသာရပ် တစ်ခုဖြစ်သည်။ ပြီးတော့ လတ်တလော အဖြစ်အပျက် များ၊ အပြောင်းအလဲများ၊ အရွေ့များ၊ အမြင်သစ် အယူ အဆအသစ်များကို မျက်ခြည်ပြတ်ခံ၍ မရပေ။ မိမိတို့ သင်ရိုးမှာချည်း ခေါင်းစိုက်နေ၍မဖြစ်ပေ။ ကိုအောင်စိုးတို့ မြန်မာစာဌာနက ကျင်းပသော ဟောပြောပွဲတစ်ခုကိုလည်း ကျွန်တော် တက်ရောက်နားထောင်ဖူးသည်။ ဟောပြောပွဲ ကျင်းပသည့်ရက်မှာ ၃၁၊ မေ၊ ၁၉၆၉ ရက်နေ့။

 

ဟောပြောသူမှာ ဆရာဦးသိန်းဖေမြင့်။ “ဟောပြောမယ့် ပုဂ္ဂိုလ်တွေထဲမှာ ဆရာဦးမောင်မောင်ကြီး မပါပါဘူး။ ပါမောက္ခမို့ မဟုတ်ပါဘူး။ မင်းနဲ့ငါနဲ့ အားရပါးရပြောချင် ရင် သူကတော့ ရွယ်တူလား။ သူကတော့ ကိုယ့်ထက်ကြီး မလားလို့ တွက်နေရတယ်။ ရုပ်ကြည့်တော့ သူက ကြီးနေ တာပဲ” ဟု အရွှန်းဖောက်အစချီကာ “ကျွန်တော့်ဝတ္ထုများ ထဲမှ ကျွန်တော့်ဇာတ်ဆောင်များ” ခေါင်းစဉ်ဖြင့် ဟောပြော ပါသည်။ နားထောင်သူ ကျွန်တော်တို့အဖို့ ရယ်လည်း ရယ်ရ ပညာလည်းရသည်။ သူ၏ သပိတ်မှောက် ကျောင်းသား၊ တက်ခေတ်နတ်ဆိုးတို့မှအစ၊ လမ်းစပေါ်ပြီ၊ အရှေ့က နေဝန်းထွက်သည့်ပမာ အလယ်၊ သီတာပြုံး၊ အဏ္ဏဝါခရီးသည်နဲ့ ပုလဲဒေဝီအဆုံးဝတ္ထုများတွင် ပါဝင်သော ဇာတ်ဆောင်စရိုက် ရေးရသောအကြောင်းရင်း (theme)၊ ဇာတ်လမ်းဖန်တီးခြင်းစသည့် ဝတ္ထုအင်္ဂါရပ် များကို ဟောပြောသွားပါသည်။ သီတာပြုံး၏ ချို့ယွင်း ချက်ကိုလည်း သူကိုယ်တိုင် ထောက်ပြသွားပါသည်။ ဆရာသိန်းဖေမြင့်၏ ဟောပြောချက်ကို ၁၉၆၉ ခုနှစ် စက်တင်ဘာလတွင် နံ့သာတိုက်က ဝတ္ထုရေးအတတ် ပညာကို ဖွင့်သော ဝတ္ထုသဘောတရားကျမ်းအဖြစ် ‘ကျွန်တော်ဝတ္ထုများထဲမှ ကျွန်တော့်ဇာတ်ဆောင်များ’ အမည်ဖြင့်ပင် စာအုပ်ထုတ်ပါသည်။ ရွာမှာ သည်လို တန်ဖိုးရှိသော ဟောပြောပွဲမျိုး ဘယ်မှာနားထောင် ခွင့်ရလိမ့်မတုံး။ ကံ့ကော်ရွာမို့လို့သာ။

 

တက္ကသိုလ်တွင် ကျွန်တော်၏ ‘ဧကစာအကျင့်’ တစ်ခုကို သတိရမိ၊ ကြည်နူးမိသေးသည်။ စာကြည့်တိုက်မှ စာအုပ်ငှားဖတ်ခြင်းပင် ဖြစ်သည်။ စာကြည့်တိုက်သွား ရာတွင် အဖော်မပါ တစ်ကိုယ်တည်းဖြစ်သဖြင့် ‘ဧကစာ အကျင့်’ ဟု ကျွန်တော်ဆိုခြင်း ဖြစ်သည်။ ပထမနှစ်တွင် စာအုပ်ငှားကတ် နှစ်ကတ်ကို ကိုင်ဆောင်ခွင့်ရှိသည်။ တစ်ကြိမ်ငှားလျှင် စာအုပ် နှစ်အုပ်ကို တစ်ပြိုင်တည်း ငှားခွင့်ရှိသည်။ ဒုတိယနှစ်တွင် စာအုပ်ငှားကတ် သုံးကတ်.. စသည်ဖြင့် နှစ်အလိုက် စာအုပ်ပိုငှားခွင့်ရ သည်ဟု ကျွန်တော်မှတ်မိနေသည်။ ပြီးတော့ ကြိုက်သကောရယ်လို့ ငှားထားသော စာအုပ်ကို ပြန်မအပ်ဘဲ အတိုအလျှိုလုပ်ဖို့များ မကြံလေနှင့်။ အချိန်တန်၍ အောင်စာရင်း ထုတ်ပြန်လျှင် ငတိုအမည် မပါပြီသာမှတ်။ မည်သို့ဆိုစေ တက္ကသိုလ်ကျောင်းသား တစ်ယောက်ပီပီ “တက္ကသိုလ်များ ဗဟိုစာကြည့်တိုက် ကြီး” ကို အသုံးချခဲ့ရသည်မှာ ဂုဏ်ယူဖွယ်တစ်ရပ်ပင် ဖြစ်သည်။ သင်ရိုးသက်သက် ကျောင်းမှထွက်လာခြင်း မဟုတ်သော တက္ကသိုလ်ကျောင်းသားတစ်ယောက် အဖြစ် ကျွန်တော်လိပ်ပြာလုံပါသည်။

 

၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင်နှင့် ကြုံပါသည်။ အခါမဲ့မိုးကြောင့် ရွှေရတု ပွဲကို မိုးတဖွဲဖွဲနှင့် ဆင်နွှဲခဲ့ရသည်ဟု အမှတ်ရမိနေသည်။ “အို ချစ်လှစွာသော နှမကလေး၊ ကျေးဇူးပြု၍ ကျွန်ုပ်အား ရေချမ်းချမ်းတစ်ခွက်ပေးလိမ့်မည်ဟု မျှော်လင့်မိပါ သည်”တဲ့။ ဘိလပ်ပြန်မောင်သောင်းဖေက သူ့နှမ မသောင်းမေကို ပြောသံ။ မြန်မာမဆန် တိုင်းတစ်ပါး ယဉ်ကျေးမှုဟန် လွှမ်းပုံ။ ရွှေရတုမှာကသည့် ပြဇာတ်ထဲက အသံ။ ယနေ့တိုင်ကြားဆဲ မြင်ယောင်မိဆဲ ဖြစ်သည်။ ရွှေရတုအထိမ်းအမှတ်စာအုပ်များ ကျွန်တော်ဝယ်ဖြစ်ခဲ့ သည်။ ပြီးတော့ ပန်းချီ ဦးနန်းဝေ၏ အဖြူအမည်း ပို့စ်ကတ်နှစ်ခု။ တစ်ခုက သစ်ပုပ်ပင်ကြီးပုံ၊ နောက်တစ်ခု က ဘွဲ့နှင်းသဘင်ခန်းမကြီးပုံ၊ ခုံခုံမင်မင် မြတ်မြတ် နိုးနိုး။

 

ရွှေရတုနှစ်မှာပင် ဒဂုံဆောင် သာယာရေးကော်မတီ က စာပေပြိုင်ပွဲကျင်းပသည်။ ကျွန်တော်၏ ‘ရွာသုံးရွာနှင့် နွားအုပ်များ’ ကို သူတို့ကဗျာ ပထမဆုချီးမြှင့်ပါသည်။

 

‘ရွာသုံးရွာ’ ဆုရခြင်းမှာ ပြောပလောက်သော အကြောင်းတစ်ရပ်မဟုတ်ပါ။ ညီအစ်ကိုလို ချစ်ခင်ရင်းနှီး သော ကိုအောင်စိုးပင် မသိလိုက်ပါ။ ကျွန်တော်သင်ယူ နေသည့် ပထဝီဝင်ပညာရပ်၏ ကျေးဇူးကြောင့် ‘ရွာသုံးရွာ’ ကျွန်တော် ရေးဖြစ်ပုံကိုမူ ပြောပလောက်သည် ထင်ပါသည်။ 'ရွာသုံးရွာ' ကျွန်တော် ရေးချိန်မှာ ဗီယက်နမ်စစ်မီး အရှိန်ညီးညီး တောက်လောင်နေချိန် ဖြစ်သည်။ ကျောင်းမှာ လည်း နိုင်ငံရေးရာ ပထဝီဝင်ကို မျက်မှောက်ခေတ် နိုင်ငံရေး အခြေအနေနှင့် ယှဉ်ဟပ်လျက် သင်ကြားပြသပေး တတ်သော ကထိကဆရာ ဦးလှထွန်းအောင်၏ ပို့ချချက် များမှာ ကျွန်တော်သိမ်မွေ့စွာ သက်ဝင်ရှင်သန်နေချိန် ဖြစ်သည်။ ကောင်းလိုက်ပါဘိ။ ဒဂုံဆောင်အခန်း (၁၀၄) မှာ ATLAS(မြေပုံစာအုပ်ကြီး) ရှေ့မှာချပြီး ‘ရွာသုံးရွာနှင့် နွားအုပ်များ’ ကို ကျွန်တော်ရေးခဲ့သည်။ မဲခေါင်မြစ်သည် တောင်ဗီယက်နမ်မှာ မြစ်ဝကျွန်းပေါ်ဖြစ်ထွန်းကာ တောင်တရုတ်ပင်လယ်အတွင်း စီးဝင်သည်။ မြစ်နီမြစ်သည် မြောက်ဗီယက်နမ်မှာ မြစ်ဝကျွန်းပေါ်ဖွဲ့ကာ တုံကင်ပင်လယ် ကွေ့အတွင်း စီးဝင်သည်။ ပြီးတော့ ကျွန်တော်တို့ ဧရာဝတီ မြစ်ဝကျွန်းပေါ်။ ဤသို့ မြစ်ဝကျွန်းပေါ်ကြီး သုံးခုကို စပါးခင်းကြီးသုံးခုအဖြစ် ပုံရိပ်ပြုကာ ‘ရွာသုံးရွာနှင့် နွားအုပ် များ’ ကဗျာကို ရေးဖွဲ့ခဲ့သည်ဟု အမှတ်ရနေမိသည်။ ဤသည်လည်း အမိတက္ကသိုလ်ရင်ခွင် ‘အလွမ်းတင် မျက်ဝန်း’ ဖြစ်စေ။

(၄)

 

မောင်ရွှေငယ် (သရက်) သည် ကျွန်တော်၏ ကဗျာ ရေးဖော်တစ်ဦးဖြစ်သည်။ သူ့ကို ‘ကိုတူး’ ဟုလည်း ခေါ်သည်။ တွံတေးမြို့ စိုက်ပျိုးရေးဘဏ်တွင် အလုပ်လုပ် သည်။ တွံတေးမြို့ ပြန်ကြားရေးဌာန စာကြည့်တိုက်တွင် တွေ့ဆုံပြီး ချစ်ခင်ရင်းနှီးခဲ့ကြသည့် ကဗျာငယ်ပေါင်းလည်း ဖြစ်သည်။ ကျွန်တော်တက္ကသိုလ်တက်နေစဉ် ကံ့ကော် ရပ်ဝန်းသို့ သူလိုက်လာတတ်သည်။

 

ကျွန်တော်တို့ ပထဝီဝင် အဓိကကျောင်းသားများသည် ဘွဲ့ယူစာတမ်းပြုစုရသည်ကို အကြောင်းပြု၍ စတုတ္ထနှစ်တွင် အခန်းဖော်နှင့် တွဲစရာမလို။ တစ်ယောက်ခန်း (single room) နေခွင့်ရသည်။ သူ ကျွန်တော်နှင့်အတူ ဒဂုံဆောင်အခန်း (၁၀၄) မှာ အိပ်သည်။ ကျွန်တော်နှင့် ကိုတူးသည် တစ်မြို့တည်းသား သမိုင်း အဓိက ကိုတင်မြင့် (စစ်ကိုင်းဆောင်)၊ ပဲခူးသား မြန်မာစာ အဓိက ကိုသိန်းဟံ (မောင်စိမ်းခိုင်)တို့နှင့် တွဲလေ့ရှိသည်။ ရံဖန်ရံခါ ကွမ်းခြံကုန်းသား မြန်မာစာအဓိက ကိုမြင့်သိမ်း (စိုးမြင့်သိမ်း)၊ ခိုင်ကျော်ထွေး (စစ်တွေ)နှင့် သန်လျင် မောင်ဝင်းဝါတို့လည်း ပါတတ်သည်။ ကိုတူးသည် ဂီတကို လည်း မြတ်နိုးသူဖြစ်သည်။ မိန်းထဲက ဆောင်းညချမ်းသည် ကိုတူးအဖို့ အကြိုက်ဖြစ်ပြီ၊ အင်းလျားဆောင်၊ ရတနာဆောင် များဘက်သို့ ကျွန်တော်တို့ ခြေဦးလှည့်တတ်ကြသည်။ ကျွန်တော်တို့ထဲမှာ ကိုတူးသာလျှင် သီချင်းကောင်းကောင်း ဆိုတတ်သည်။ ကျန်သူတို့မှာ ဟုတ်တိပတ်တိမရှိပါ။ သို့ဖြစ်၍ တစ်ယောက်သောသူက “စာကြည့်နေသလား မေ…သီချင်းလေးတစ်ပုဒ်တော့ မောင်ဆိုပါရစေ” ဟု အဆောင်သူများဘက်သို့ ခွင့်ပန်ခြေဆင်းလေး ဆိုလိုက် သည်။ သူတို့ကလည်း လူလုံးတော့မပြ။ ပြတင်းခန်းဆီး နောက်မှာ လူရိပ်ကိုပဲပြသည်။ ဤမျှလောက် ပြလျှင်ပင် ကျွန်တော်တို့ ကျေနပ်ရသည်။ သို့နှင့် “စာကြည့်နေသလား မေ....သီချင်းလေးတစ်ပုဒ်တော့ မောင်ဆိုပါရစေ”ကို သုံးကြိမ်ကျော့၍ ဆိုပြီးမှ သံပြိုင်ဟစ်ကြွေးဆိုလိုက်ကြသည် မှာ ‘ကမ္ဘာမကြေ’ သီချင်းပင်ဖြစ်ပါသည်။ ကျွန်တော်တို့ကား သီချင်းလူပြက်မျှသာဖြစ်သည်။ ကိုတူးကား အတည်အခံ့။ “သံသယတောအလယ်…. မောတယ်အချစ်ရယ်….ပန်းချီ ကဗျာထက်လှတဲ့…. သီလာတက္ကရဲ့ ကျွန်းညိုမြဝယ်…. မိုးမြေနိမ့်ယောင်….ဝေသာဆောင်သို့ မြူနှင်းတို့ဝေတဲ့ ကာလ…. ဆောင်းချမ်းမြ ဟေမန်ဝယ်….တက္ကသိုလ်မှာ ဝေတဲ့နှင်းရယ်… နှင်းလေးတွေမှ ဟုတ်ရဲ့လား…. နှင်းလေး တွေမှ ဟုတ်ပါရဲ့လားကွယ်” မတုန်သလို တုန်သလို မခါသလို ခါသလိုနှင့် ဆိုလိုက်သော ကိုတူး၏အသံမှာ ချိုမြိန်လှသည်။

 

ကိုတူးသည် မဂ္ဂဇင်းထုတ်ချိန် လဆန်းရက်တိုင်းလို ကျွန်တော်တို့ဆီ ရောက်လာတတ်သည်။ ကျွန်တော်တို့သည် လှည်းတန်းရှိ ဦးဆောက်ပန်းစာပေ၊ သိန်းစာပေတို့တွင်ဟိုလှန်သည်လှောနှင့် မဂ္ဂဇင်းမာတိကာကို ကြည့်ကြ၊ ကဗျာရွေးစာရင်းကို ကြည့်ကြသည်။ လှည်းတန်းအဝိုင်းမှာ ထိုင်ရင်း မြို့ပြဆည်းဆာကို ခံစားတတ်ကြသည်။ တက္ကသိုလ်ည၏ အလှကိုလည်း စာပေစကားဝိုင်းဖွဲ့ မျှဝေ ခံစားတတ်ကြသည်။ မိန်းထဲက ဦးချစ်လက်ဖက်ရည်ဆိုင်တွင် ကိုယ်လတ်တလောရေးဖြစ်သော ကဗျာကို နားဆင်ပေး အောင် လက်ဖက်ရည်ဒကာခံပြီး ရွတ်ဆိုပြရ၊ အဝေဖန်ခံယူ ရ မှတ်မိသေးသည်။ လက်ဖက်ရည်ဆိုင်စားပွဲထိုးလေး၏ ဘဝနှင့် အချစ်ကို ဖွဲ့ဆိုထားသော ရှုမဝမဂ္ဂဇင်းပါ အောင်ပြည့်၏ ‘ကြက်ဥနှင့် ကျောက်တုံး’ ဝတ္ထုတိုလေးကို လက်ဖက်ရည်သောက်ရင်း နှစ်သက်ခဲ့ကြဖူးသည်။ ရံဖန်ရံခါ ပြည်လမ်းပေါ်က ကြက်ဆင်ဖဲထီးဆိုင်မှာ လက်ဖက်သုပ်၊ ခရမ်းချဉ်သီးသုပ် စားရင်း စာပေစကားဝိုင်းဖွဲ့တတ်ကြသည်။ ကြက်ဆင်ဖဲထီးမှာပင် မထင်မှတ်ဘဲ ဆရာမောင်ပန်းမွှေးနှင့် ကြုံခဲ့ဖူးသည်ကို အမှတ်ရမိသည်။ သည်တုန်းက ဆရာ မောင်ပန်းမွှေးသည် အင်းဝဆောင် အဆောင်နည်းပြ ဖြစ်သည်။ ထိုစဉ်က ဆရာသည် ရှုမဝတွင် တစ်လခြား ကဗျာဖော်ပြခံနေရချိန်ဖြစ်သည်။ “ခိုလိုညည်းတယ်၊ အပူသည်ဟု၊ ဘယ်သူမေးငေါ့၊ မမှုတော့ဘူး၊ လွမ်းတော့ ကိုယ်ပဲလွမ်းရသည်” ဟု သူ့ကဗျာလေးများကို ရွတ်ပြတတ် သည်။ ကျွန်တော်တို့ကား ငေးမောနားစိုက်။ “တစ်ခါတစ်ရံ အင်းလျားကန်မှာ၊ မှန်ကလေးတစ်ချက်၊ ဖျတ်ခနဲကွဲ” ဟူသော ဆရာတင်မိုး၏ “စိမ်းလန်းသော အိပ်မက်” ထဲက ကဗျာတစ်စ အပြလှပုံကို နှစ်သက်ခံစားကြသည်။ ထိုကာလတွင် ထွက်ရှိလာသည့် ကဗျာအမှာအချို့ကိုလည်း ဆွေးနွေးတုံ့တင် အမြင်ဖလှယ်တတ်ကြသည်။ “ပန်းဈေးခင်း” ဒဂုန်တာရာ အမှာ၊ “စိမ်းလန်းသော အိပ်မက်” ညွန့်ကြူးအမှာ၊ “တော်လှန်ကဗျာ” ဒဂုန်တာရာအမှာ စသည်တို့ဖြစ်သည်။ အမှာဗေဒမှ ကဗျာဒဿနကို ဖွေရှာကြသည်။ မောင်သာနိုး၏ ထင်းရှူးပင်ရိပ်ကို လေ့လာ။ လစဉ်ထုတ်မဂ္ဂဇင်းများမှ စာပေဆောင်းပါးများ အထူးသဖြင့် ရှုမဝ၊ မိုးဝေမှ စာပေဆောင်းပါးကို ဆွေးနွေးဖြစ်ကြသည်။ သည်လိုနှင့် ကျွန်တော်တို့သည် လေကန်ရင်း၊ ဝေဖန်ရင်း၊ ဆွေးနွေးရင်း ဆွေးနွေးရင်း တစ်ကျပ်တန် မဂ္ဂဇင်းများမှ နှစ်ကျပ်တန် မဂ္ဂဇင်းကြီးများသို့ရောက်အောင် အားထုတ်ကြသည်။ အထူးသဖြင့် “ရှုမဝ” သို့။

 

(၅)

“ဤနယ်မြေမှာ ချစ်သူခင်သူတို့ ထိုင်ရင်း ကြည်ကြည် နူးနူးစကားဆိုဖွယ်ရာ ခုံတန်းလျားလေးများ ကလည်း အဆင်သင့်”..တဲ့။

ဆရာဦးစန်းအုန်းကို အားနာစရာတွေဖြစ်ရပြီ။ လေးနှစ်သာ ပြည့်ရော့မည်။ ဆရာညွှန်းသည့် ခုံတန်းလျား လေးများမှာ ချစ်သူနှင့် မထိုင်ဖြစ်ခဲ့ပါ။

အထင်ကြီးစရာ။ ကိုယ်မှသာ မဟုတ်။ ချစ်သူစုံတွဲလေးများကော ခုံတန်းလျားလေးများမှာ ထိုင်မှထိုင်ဖြစ်ကြပါစေ။ ကျွန်တော်သိသလောက် သူတို့ထိုင်ဖြစ်တတ်ကြသည်မှာ အင်းလျားကန်မှာ၊ ကင်န်တင်းမှာ၊ လှေကားအတက်၊ အဆင်း ထောင့်ချိုးလေးမှာ၊ ဂျပ်ဆင်ခန်းမအဝမှာ၊ ထိုင်ချစ် မဟုတ်ဘဲ ကော်ရစ်ဒါမှာ တိုင်လုံးလေးကို အကာ အကွယ်ယူကာ ‘မတ်ရပ်ချစ်’ အဖြစ် တူနှစ်ကိုယ် တိုင်းပြည်တည်တတ်ကြသေးသည်။ ကျွန်တော့်ရင်မှာ ခံစားလှိုက်ဖို ဖျတ်ခနဲ ကဗျာလေးတစ်ပုဒ် ဖြစ်တည်လာ သည်။

“အကန်းလေး”။

လေးသမားအိပ်မက်

ငှက်များစွာကို မိနေချိန်။

ကွန်သမား အိပ်မက်ကား

ငါးများစွာကို မိနေချိန်။

မာယာသည် အိပ်မက်ထဲ

သစ်စိမ်းခက်တွေ ချိုးနေချိန်။

အချစ်ရူးလေး အိပ်မက်တွင်း

နှင်းဆီနီနီ နမ်းနေသည်။

နှင်းဆီနီနီ၊ ချစ်သူ့နှုတ်ခမ်းနီနီ

နှင်းဆီတပ်သား၊ ဆူးကလေးများရှိသည်။

ချစ်သူနှုတ်ခမ်း

ဆူးလမ်းလေးများ ဖြစ်နေမလား

သို့လားသို့မင့်၊ မတွေးချင့်ချေ။

သည်သို့ဆိုလျှင်

မမြင်မစမ်း

အကန်းလေးတော့ ခက်ဦးမည်။

“အကန်းလေး” သည် ကျွန်တော်ကျောင်းမပြီးမီ ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီလ ရှုမဝမဂ္ဂဇင်းတွင် ကဗျာ

အရာသွင်းခံရတော့သည်။ မဖော်ပြတတ်သော ကြည်နူး ဝမ်းမြောက်ခြင်းမျိုး ကျွန်တော်ခံစားမိသည်။ သေချာ သည်။ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်က မောင်စံဗြော ကို ဝိဇ္ဇာဘွဲ့မချီးမြှင့်မီ ကဗျာဘွဲ့ချီးမြှင့်လိုက်ပြီ။ နောင်အခါ “မောင်စံဗြောဟာ ရှုမဝကဗျာဆရာ တစ်ယောက်ပေါ့” ဟု သိမှတ်ပြုခံရတိုင်း ကြည်နူးလှိုက်ဆူ ဂုဏ်ယူမိသည်။

 

(၆)

ဤမည်သော အရပ်ကို မြကျွန်းညိုညို၊ မြကျွန်းသာ၊ ကံ့ကော်တော၊ ကံ့ကော်ရွှေပြည်၊ ကံ့ကော်ရိပ်၊ ကံ့ကော် ရပ်ဝန်းဟု ဆိုကြညွှန်းကြသည်။ မည်သို့ပင် ညွှန်းဖွဲ့ကြ ပါစေ၊ ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်ပင် ဖြစ်ပါသည်။

အမိရန်ကုန်တက္ကသိုလ်သည် ဒီဇင်ဘာဖွား။ သားကျွန်တော်လည်း ဒီဇင်ဘာဖွား။ အမေရာပြည့် သက်ရွယ်။ ကျွန်တော် ၇၀။ မောင်စံဗြော ၅၀။

လွမ်းဖွယ်အတိ။ ကျွန်တော်တို့ကသာ အိုမင်းသွားမည်။ ရင့်ရော်သွားမည်။ အမိရန်ကုန်တက္ကသိုလ်ကား မအိုမင်းသွား၊ မရင့်ရော်သွား၊ ရင့်ကျက်ခြင်းဖြင့် မေတ္တာရွှန်းစို အစဉ်နုပျိုနေမည်သာဖြစ်သည်။ ရင့်ကျက်ခြင်းဖြင့် မေတ္တာရွှန်းစို အစဉ်နုပျိုခြင်းသည် မိခင်တို့၏ အာဝေဏိက ဂုဏ်တော်မမည်ပါလား။ သို့ဖြစ်ရကား ဤမည်သောအရပ်သည် လွမ်းစ မပြယ်ကောင်း လွမ်းရိုးဟောင်းဆင့် လွမ်းသစ်ဖွင့် နိုင်စွမ်းသော အမိရင်ခွင်မည်ပါ၏။