
ယနေ့ခေတ်လူအများသည် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ခြင်းကို လေ့လာလိုက်စားလာကြသည်ကို တွေ့ရပါသည်။ ကျန်းမာရေးအတွက် ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ရာတွင် အများအားဖြင့် လမ်းလျှောက်ခြင်းကို လူကြီး၊ လူငယ်၊ လူရွယ်များပါ ပြုလုပ်လေ့ရှိသည်။ “စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့”ဟူသော သီချင်းကဲ့သို့ပင် နံနက်စောစောတွင် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်လေ့ရှိကြသလို တချို့ကလည်း ညနေစောင်းတွင် လမ်းလျှောက်လေ့ရှိကြသည်။ လမ်းလျှောက်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုပြီး ယခုလိုဆောင်းရာသီအချိန်သည် လမ်းလျှောက်ရန် အကောင်းဆုံးဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လမ်းလျှောက်ခြင်းအစ
မြန်မာနိုင်ငံတွင် ခြေကျင်လမ်းလျှောက်ခြင်းကို ကျန်းမာရေးလုပ်ငန်းတစ်ရပ်အဖြစ် စတင်စည်းရုံး လှုံ့ဆော်ခဲ့သော အဖွဲ့တစ်ဖွဲ့ ၁၉၃၂ ခုနှစ်က စတင် ပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းအဖွဲ့ကို စတင်ခဲ့သူမှာ ကာယဗလဦးရှိန်၊ ဦးအုန်းခင်၊ ဦးဇော်ဝိတ်နှင့် ဦးစံသင်တို့ဖြစ်ကြောင်း သိရသည်။ ထိုအထဲတွင် ဦးအုန်းခင်သည် နှလုံးရောဂါသည်ဖြစ်၏။ အလွန်ဆုံး ခြောက်လပဲ နေရတော့မည်ဟု ဆရာဝန်၏ မှတ်ချက်ပြုခြင်းကို ခံရသူလည်းဖြစ်သည်။ ထိုအခါ ဦးရှိန်သည် ဦးအုန်းခင်ကိုခေါ်၍ ကျန်းမာရေးအတွက် နံနက်တိုင်းလမ်းလျှောက်ကြသည်။ လမ်းလျှောက် စတွင် ဦးအုန်းခင်သည် အလွန်မောပန်းသော်လည်း နောက်ပိုင်းတွင် ခရီးအတော်ပေါက်အောင် လမ်းလျှောက်နိုင်လာပြီး ဆရာဝန်၏ ခြောက်လသာ ခံတော့မည်ဟူသော မှတ်ချက်လွဲမှား၍ နှလုံးရောဂါ ပျောက်ကင်း ကျန်းမာလာခဲ့သည်။
ဆေးနည်းမလိုသော သက်ရှည်ရုပ်ပျိုဆေး
လမ်းလျှောက်ခြင်း၏ အကျိုးအာနိသင်ကို လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် သိရှိ ခဲ့သူတစ်ဦးလည်း ရှိခဲ့သည်။ မြတ်စွာဘုရားရှင် ဖြစ်သည်။ မြတ်စွာဘုရားရှင်သည် လမ်းလျှောက် ခြင်းနှင့်ပတ်သက်၍ အကျိုးငါးပါးကို အင်္ဂုတ္တရ ပါဠိတော်၌ ဟောကြားခဲ့ရာ (၁)ခရီးရှည်သွားနိုင်ခြင်း၊ (၂)အလုပ်အကိုင်၌ အပင်ပန်းခံနိုင်၍ လုံ့လ ထုတ်နိုင် ခြင်း၊ (၃) အနာရောဂါနည်းခြင်း၊ (၄)ကောင်းစွာ အစာကြေကျက်ခြင်း၊ (၅)သမာဓိစိတ်၏ တည်ကြည် ခြင်းသည် ကာလကြာမြင့်စွာတည်ခြင်း စသည်တို့ ဖြစ်သည်။
ကမ္ဘာကျော် ကျန်းမာရေးမဂ္ဂဇင်းတစ်ခုဖြစ်သော Reader's Digest တွင်လည်း လမ်းလျှောက်ခြင်း သည် အားကစားရုံ(သို့မဟုတ်)အားကစားခန်းမ မလိုဘဲ လေ့ကျင့်နိုင်သည့် ကျန်းမာရေးလေ့ကျင့်ခန်း ဖြစ်သည်။ ဆေးဝါးမလိုသော ကျန်းမာရေးလမ်းညွှန် မှုလည်းဖြစ်သည်။ အစားအစာလျှော့စားရန်မလို သော ကိုယ်အလေးချိန် ထိန်းသိမ်းနည်းလည်း ဖြစ်သည်။ ဆေးသောက်စရာမလိုသော စိတ်ငြိမ် ဆေးတစ်မျိုးလည်းဖြစ်သည်။ ဆရာဝန်နှင့်ဆွေးနွေး ကုသရန်မလိုသော စိတ်သောကကုထုံးတစ်မျိုး လည်း ဖြစ်သည်။ ဆေးနည်းမလိုသော သက်ရှည် ရုပ်ပျိုဆေးလည်းဖြစ်သည်။ အလှကုန်ဆိုင်တွင် တကူးတက ဝယ်ရန်မလိုသော အလှပြင်ပစ္စည်း တစ်မျိုးလည်းဖြစ်သည်ဟု ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ မီချီဂန်ဆေးတက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးနှင့်အမျိုးသား ၆၄၀၀၀၀ ကို လေ့လာခဲ့ရာ လမ်းလျှောက်လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သူများသည် လမ်းလျှောက်ခြင်း လေ့ကျင့်ခန်း ပုံမှန်မလုပ်သူများထက် သုံးနှစ်ခန့် အသက်ပိုရှည်ကြောင်း တွေ့ရှိခဲ့ကြသည်။ ထိုတွေ့ရှိ ချက်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလထုတ် Live Science ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။
လမ်းလျှောက်ခြင်းဖြင့် အသားအရည်ကို စိုပြည် စေသည်။ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်ကို လျော့နည်းစေသည့်အတွက် ရုပ်ဆင်းလှပစေသည်။ အသားအရည် တင်းတင်းရင်းရင်းရှိပြီး ပါးရည် တွန့်ခြင်းကိုလည်း သက်သာစေသည်။ ထို့ကြောင့် လမ်းလျှောက်ခြင်းသည် အိုမင်းမှုကိုပင် ဟန့်တား နိုင်ပြီး အသက်ကိုရှည်စေပါသည်။
လူတစ်ယောက်သည် နေ့စဉ်အနည်းဆုံး သုံးမိုင် ခန့်လမ်းလျှောက်သင့်သည်ဟုသိရသည်။ ထို့ကဲ့သို့ လမ်းလျှောက်ပါက သွေးလည်ပတ်မှု အားကောင်းပြီး ကျန်းမာစေသည်။ ကမ္ဘာ့အိုလံပစ်အားကစားပွဲ စတင်ပေါ်ပေါက်ရာ ဂရိနိုင်ငံ၏ ကမ်းခြေမှ ကျောက် ကမ်းပါးများပေါ်တွင် “သင်ကျန်းမာချင်သလား၊ လမ်းလျှောက်ပါ။ သင်ဉာဏ်ကောင်းချင်သလား၊ လမ်းလျှောက်ပါ။ သင်လှချင်သလား၊ လမ်းလျှောက် ပါ”ဟူသော စာသားများ ထွင်းထုထားသည်ဟု သိရ သည်။
လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများ
လမ်းလျှောက်ခြင်းကို နေ့စဉ်ပြုလုပ်ရန် ဆရာဝန်များကလည်း အားပေးကြသည်။ လူ တစ်ယောက်လမ်းလျှောက်ပါက အပြင်ကိုယ်လက် အင်္ဂါ အစိတ်အပိုင်းများသာမက ခန္ဓာကိုယ်အတွင်း အစိတ်အပိုင်းများလည်း လှုပ်ရှားနေသည်။ အပြင် အစိတ်အပိုင်းများဖြစ်သည့် ခန္ဓာကိုယ်အပါအဝင် ခြေနှင့်လက်တို့ လှုပ်ရှားနေသလို အဆုတ်သည် လေကောင်းလေသန့်ကို ရှူရှိုက်နေရသည်အတွက် ဖောင်းကြွနေသည်။ ခြေနှင့်လက်တို့ လှုပ်ရှားရသည့် အတွက် ကြွက်သားများသည် ဆန့်လိုက်တန်းလိုက် လှည့်ပတ်လိုက် အလိုအလျောက် ဆုပ်နယ်ပြီး ဖြစ်နေသည်ဟုဆိုသည်။ ခြေလက်များအပြင် လည်ပင်း၊ ရင်ခေါင်း၊ ဆီးခုံ၊ ကျောရိုးနှင့် တင်ပဆုံရိုး များသည်လည်း ပါဝင်လှုပ်ရှားနေသည်။
လမ်းလျှောက်ခြင်းကြောင့် အောက်ပါကျန်းမာရေး အကျိုးကျေးဇူးများကိုလည်း ရရှိစေသည်။
ယင်းတို့မှာ-
(၁) နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကုသရာတွင် အထောက်အကူပြုခြင်း
(၂) ဆီးချိုသွေးချိုရောဂါကို ကုသရာတွင် အထောက်အကူပြုခြင်း
(၃) အရိုးအဆစ်နှင့် ကြွက်သားများ သန်စွမ်း စေခြင်း
(၄) ဦးနှောက်နှင့် အာရုံကြော အားကောင်း စေခြင်း
(၅) အိပ်ပျော်စားဝင်စေခြင်း
(၆) ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေး နိုင်ခြင်း
(၇) ကိုယ်ခံအားကို မြင့်တက်စေပြီး ရောဂါ ပိုးမွှားရန်မှ ကာကွယ်ပေးခြင်း
(၈) သက်ရှည်နုပျိုကျန်းမာစေခြင်း စသည်တို့ ဖြစ်သည်။
လမ်းလျှောက်ခြင်းနှင့် ကျန်းမာရေး
လူတစ်ယောက် ကျန်းမာနေဖို့ဆိုလျှင် အသက် အရွယ်အလိုက် ရှိသင့်သော ကိုယ်အလေးချိန်ပေါ် မူတည်နေပါသည်။ နေ့စဉ်လမ်းလျှောက်ခြင်းသည် ကယ်လိုရီကို လောင်ကျွမ်းစေသည့်အတွက် ကိုယ် အလေးချိန်ကို လျှော့ချပေးပြီး အဝလွန်ခြင်းကိုကာကွယ်ပေးနိုင်သည်။ နေ့စဉ်ပုံမှန်လမ်းလျှောက် သူများသည် လမ်းမလျှောက်သူများထက်ပို၍ သက်လုံကောင်းပြီး အမောခံနိုင်သည်။ စတင် လျှောက်စဉ် အနည်းငယ် မောနိုင်သော်လည်း နေ့စဉ်ပုံမှန်လျှောက်ပါက အမောခံနိုင်ပြီး သက်လုံ ကောင်းလာစေသည်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ် ၏ လေ့လာတွေ့ရှိချက်အရ နေ့စဉ်ပုံမှန်လမ်းလျှောက် သူများသည် ခန္ဓာကိုယ်အတွင်းမှ အင်ဒိုဖင် ခေါ် ဟိုမုန်းဓာတ်တစ်မျိုးထွက်ပြီး ယင်း၏ အာနိသင် ကြောင့် ကိုယ်ရောစိတ်ပါ လန်းဆန်းစေကြောင်း သိရသည်။ နံနက်စောစော လမ်းလျှောက်ပါက ဦးနှောက်နှင့် အာရုံကြောကို အားကောင်းစေပြီး အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးသလို အသက်ကြီးရင့်သူများတွင် သတိမေ့ရောဂါ (Demen- tia) မဖြစ်အောင်လည်း ကာကွယ်ပေးကြောင်း သိရသည်။ နေ့စဉ်ပုံမှန်လမ်းလျှောက်ပါက ဝမ်းမှန် အောင် အထောက်အကူပြုသည့်အတွက် ဝမ်းချုပ် ခြင်းကြောင့်ဖြစ်တတ်သော အူမကြီးကင်ဆာကို လည်း ကာကွယ်ရာရောက်ပါသည်။
တစ်ရက်လျှင် ပုံမှန်မိနစ် ၃၀ နှုန်းဖြင့် တစ်ပတ် လျှင် ငါးရက်ခန့်လမ်းလျှောက်ပေးပါက နှလုံးရောဂါ ဖြစ်နိုင်ခြေကို ၁၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါ သည်။ အစာစားပြီးတိုင်း ခပ်မှန်မှန် ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါက သွေးတွင်းသကြားဓာတ်ကို လည်း လျှော့ချပေးနိုင်ကြောင်းသိရသည်။
လမ်းလျှောက်ခြင်းသည် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများကို ကာကွယ်ကုသရာတွင်လည်း အထောက်အကူပြုပါသည်။ လမ်းလျှောက်ခြင်းသည် သွေးအတွင်း မကောင်းသည့်အဆီများ တိုးမလာ အောင် ဟန့်တားပေးသည့်အတွက် ကိုယ်အလေးချိန် ကိုထိန်းပေးပြီး အဝလွန်ခြင်း၊ နှလုံးနှင့် သွေးကြော အဆီပိတ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်းတို့မဖြစ်အောင် ကာကွယ်ပေးသည်။
လမ်းလျှောက်မှုပုံစံ
လမ်းလျှောက်မည်ဆိုပါက ခြေဗလာဖြင့် မလျှောက်သင့်ပါ။ ဖိနပ်စီး၍လျှောက်သင့်ပါသည်။ အထူးသဖြင့် ကင်းဗတ်ဖိနပ် သို့မဟုတ် Walking shoe ဖိနပ်တစ်မျိုးမျိုးကို စီးထားရပါမည်။ ဖိနပ် သည်ပေါ့ပါးပြီး လမ်းလျှောက်၍ ကောင်းသော အနေ အထားမျိုး ဖြစ်ရမည်။ အဝတ်အစားအနေဖြင့် ပေါ့ပါးသော အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင် သင့်ပါသည်။ နံနက်စောစော လျှောက်လျှင် ပိုကောင်းပါသည်။
လမ်းလျှောက်ရာတွင် ဦးခေါင်းနှင့် ခါးကို တည့်မတ်စွာထားရပါမည်။ ဦးခေါင်းကို ရှေ့တည့် တည့်ထား၍ တံတောင်ဆစ်နှစ်ခုကို ၉၀ ဒီဂရီထားပြီး လွှဲလျှောက်ရမည်။ ခြေလှမ်းလှမ်းမည်ဆိုပါက ဖနောင့်ကိုအရင်ဆုံးချပြီးမှ ရှေ့ခြေဖဝါးကိုချပြီး ခြေနှင့် လက်ကို ဟန်ချက်ညီညီထား လျှောက်ရပါ မည်။ လမ်းလျှောက်ရာတွင် မနှေးလွန်မမြန်လွန်း လျှောက်သင့်ပါသည်။ မိမိ၏ သက်လုံအပေါ်မူတည်၍ လျှောက်က ပိုကောင်းပါသည်။
စုပေါင်းလမ်းလျှောက်ခြင်းသည် တစ်ဦးနှင့် တစ်ဦး ချစ်ကြည်ရင်းနှီးမှုကိုရသလို ပျော်ရွှင်မှုကို လည်း ရရှိစေသည်။ အထူးသဖြင့် ကျန်းမာရေးကို အလွန် ကောင်းမွန်စေပါသည်။ သို့ဖြစ်၍ လမ်းလျှောက်ခြင်းကြောင့် ရရှိစေသည့် ကျန်းမာရေး ဆိုင်ရာ အကျိုးကျေးဇူးများအကြောင်းကို ရေးသား တင်ပြလိုက်ပါသည်။ ။
ကိုကျော်စွာ (ကျိုက်ပိ)
- Log in to post comments