လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများလည်ပတ်

Type

ဆောင်းပါး

======

 

စီးပွားရေးအမြန်နာလန်ထူဖို့ ပြည်သူအားလုံးကြိုးစားစို့

===============================

 

 

Dr. မောင်အောင်

 

===========

 

၂၀၂၀ ပြည့်နှစ်သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သည့် အတွက် တစ်ကမ္ဘာလုံးရှိ နိုင်ငံတိုင်း စီးပွားရေးအကျပ် အတည်း အပါအဝင် ဘက်ပေါင်းစုံတွင် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် အချိန်ကာလဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသဆေးများကို နိုင်ငံကြီး များ၌ ပေါ်ထွက်လာပြီဖြစ်၍ အတိုင်းအတာတစ်ခုအထိ စိတ်အေးရသော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ အလျှင်း မပျောက်သေးသည့်အတွက် စီးပွားရေးလုပ်ငန်းများ အပါ အဝင် လူနေမှုပုံစံကို “new normal” ပုံစံသစ်ဖြင့် ကျင့်သုံး ဆောင်ရွက်ရဦးမည်ဖြစ်သည်။ ထို့အတွက် မြန်မာအပါ အဝင် ကမ္ဘာ့နိုင်ငံများအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ကိုဗစ်-၁၉ ကြောင့် ကျဆင်းခဲ့ရသည့် စီးပွားရေးကို အမြန်ဆုံး ပြန်လည်နာလန်ထူရေးပင် ဖြစ်သည်။ စီးပွားရေး အမြန်နာလန်ထူရေးလုပ်ဆောင်ရာ တွင် အစိုးရချည်း လုပ်ဆောင်၍မရဘဲ နိုင်ငံတော်၏ ဦးဆောင်မှုအောက်တွင် ပြည်သူတစ်ရပ်လုံးအနေဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့်သာ မြန်မာ့ စီးပွားရေး အမြန်နာလန်ထူလာမည်ဖြစ်သည်။

နိုင်ငံတော်အပိုင်း

မြန်မာ့စီးပွားရေး အမြန်နာလန်ထူလာစေရေး အတွက် နိုင်ငံတော်အပိုင်းက ဦးဆောင်ပြီး အကောင် အထည်ဖော်ရာတွင် ကိုဗစ်-၁၉ ကြောင့် ပြောင်းလဲနေသည့် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ်မူတည်ပြီး ဆီလျော် မှန်ကန်သည့် စီးပွားရေးပေါ်လစီနှင့် မဟာဗျူဟာများ ချမှတ်ခြင်း၊ လိုအပ်နေသည့် စီးပွားရေးတိုးတက်မှုကိုအားပေးသည့်ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းခြင်း၊ ရင်းနှီး မြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ ပိုမိုဖန်တီးခြင်း၊ လုပ်ငန်းများလုပ်ကိုင်ရာတွင် ပိုမိုလွယ်ကူချောမွေ့ စေခြင်း၊ ပြည်ပမှ နည်းပညာ၊ ချေးငွေနှင့် အကူအညီများ ရရှိစေရန် ဆောင်ရွက်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ပိုမို တိုးတက်စေရန် လိုအပ်သည့်အဖွဲ့အစည်းများ တည်ထောင်ပေးခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်အကောက် ဆိုင်ရာ ပံ့ပိုးမှုများကို ဖော်ဆောင်ပေးခြင်း၊ ပြည်ပအရင်း အနှီးနှင့် ပြည်ပစျေးကွက်များရရှိစေရန် ဆောင်ရွက် ပေးခြင်း စသည်တို့ကို လုပ်ဆောင်နေပြီ ဖြစ်သည်။ ထို့အပြင် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများ အပေါ် ထိခိုက်မှုလျော့နည်းစေရေးအတွက် ပံ့ပိုးမှုများနှင့် ပြန်လည်နာလန်ထူလာရေး အစီအမံများ စဉ်ဆက်မပြတ် လုပ်ဆောင်နေပြီဖြစ်သည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကြောင့် ပေါ်ပေါက်နေသည့် စီးပွားရေးအခွင့်အလမ်းများ ကို နိုင်ငံတော်က စတင်ဖော်ဆောင်နေပြီဖြစ်သည့် အတွက် နိုင်ငံသားအားလုံးက စွမ်းစွမ်းတမံ ပါဝင်ဆောင် ရွက်ရမည့်အချိန် ဖြစ်သည်။

ပြည်သူ့စွမ်းအားသာလျှင် အဓိက

နိုင်ငံတော်က ဦးဆောင်သည်ဆိုသော်လည်း စျေးကွက်စီးပွားရေးစနစ်ဖြစ်၍ လက်တွေ့စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်သူမှာ ပုဂ္ဂလိကပြည်သူများ သာ အဓိကဖြစ်သည့်အတွက် ပြည်သူတစ်ဦးချင်းမှသည် ပြည်သူတစ်ရပ်လုံး၏ ကြိုးစားအားထုတ်မှုမှာ အထူး အရေးပါပေသည်။ ယနေ့ စတုတ္ထစက်မှုတော်လှန်ရေး (IR-4.0) နည်းပညာခေတ်တွင် တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံ များ၊ တိုးတက်ဖွံ့ဖြိုးနေသည့် နိုင်ငံများကိုကြည့်လျှင် တိုးတက်မှု၏အခြေခံအကြောင်းရင်းမှာ စွမ်းဆောင်ရည် ရှိသည့် ပြည်သူများကြောင့်ပင် ဖြစ်သည်။ ထို့အတွက် လည်း ပြည်သူတစ်ရပ်လုံး၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင် ရည်ပြည့်ဝမှု၊ ချစ်ကြည်စည်းလုံးညီညွတ်မှု၊ တစိုက် မတ်မတ် ကြိုးစားအားထုတ်မှု၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှု စသည်တို့ဖြင့်သာ တစ်ဦးချင်းစီးပွားရေး၊ အိမ်ထောင်စုစီးပွားရေး၊ နိုင်ငံ့စီးပွားရေးတို့ကို မြှင့်တင် နိုင်မည်ဖြစ်သည်။

ဦးစွာ ပြည်သူလူထု၏ ခံယူချက်သဘောထားမှာ အပြုသဘောဆောင်ပြီး နိုင်ငံတိုးတက်မှုကို ဖော်ဆောင် လိုသည့် နိုင်ငံချစ်သည့်အရင်းခံစိတ်ဓာတ် တည်ဆောက် ကာ ပြုမူနေထိုင်လုပ်ကိုင်ဆောင်ရွက်ရန်ပင် ဖြစ်သည်။ ပြည်သူအချင်းချင်း စည်းလုံးညီညွတ်မှု၊ အပြန်အလှန် လေးစားမှု၊ မေတ္တာထားမှုတို့ကို အခြေခံပြီး နိုင်ငံသား တိုင်းက အမိမြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ဖွံ့ဖြိုးမှုအဆင့် အတန်း အစဉ်မြှင့်တင်နိုင်ရေးကို နှလုံးသွင်းကာ နေ့စဉ် ပြုမူလုပ်ကိုင်နေရသည့် အလုပ်ကိစ္စများ၊ လူမှုရေးကိစ္စ များစသည်တို့ကို ကောင်းသည်ထက်ကောင်းလာစေရန် ကြိုးစားရမည် ဖြစ်သည်။ ယခုအခါ ဆိုရှယ်မီဒီယာများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသည့်ခေတ်တွင် အမုန်း စကားများ၊ ကောလာဟလသတင်းမှားများ၊ ညစ်ညမ်း သောစကားများ စသည်တို့ လုံးဝရှောင်ကြဉ်ရမည်ဖြစ်သလို တိုင်းပြည်နှင့် အများအကျိုးရှိစေသည့် သတင်းအချက် အလက်များကိုသာ ဖြန့်ဝေရမည် ဖြစ်သည်။

အထူးသဖြင့် နိုင်ငံတကာနှင့်ပေါင်းစပ်ပြီး ဆောင်ရွက် နေရသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ စက်ရုံများကို နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ကာ ဖိတ်ခေါ်နေရသည့်ကာလတွင် နိုင်ငံ့ပုံရိပ်ထိခိုက်စေသည့် ပြည်တွင်းပဋိပက္ခများ၊ မတည်ငြိမ်မှုများ၊ အထွေထွေ ဆန္ဒပြမှုများ စသည်တို့ကို လျော့နည်းပပျောက်စေရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းစောင့်ရှောက်ထိန်းသိမ်းရေးပင် ဖြစ်သည်။ ထို့အတူ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်း ပိုမိုပေါ်ပေါက်ရေးအတွက် မြေပြင်လက်တွေ့အခြေအနေများတွင်လည်း ပြည်သူများဝိုင်းဝန်းထိန်းသိမ်းပေးရမည် ဖြစ်သည်။ တစ်ဆက်တည်းမှာပင် နိုင်ငံသားတိုင်း အလေး ထားရမည့်အချက်မှာ ယနေ့နည်းပညာခေတ်တွင် အသိ ပညာနှင့် အတတ်ပညာများ ပိုမိုပြည့်ဝလာစေရန် အစဉ် ကြိုးစားရေးပင် ဖြစ်သည်။

ယခုအခါ လူငယ်များအတွက် ပညာရေးစနစ်ကိုလည်း မူလတန်းပညာရေးမှ အဆင့်မြင့်ပညာရေးအထိ ပြုပြင် ပြောင်းလဲမှုများပြုလုပ်နေပြီး ယခင်အလွတ်ကျက်သည့် စနစ်မှ ကျိုးကြောင်းဆင်ခြင်သုံးသပ်သည့်စနစ် ဖြစ်ပေါ်လာ ရေး၊ လက်တွေ့စီးပွားရေးဘဝနှင့် ပိုမိုလိုက်လျောညီထွေရှိပြီး အသုံးချနိုင်ရေးအတွက် ပြောင်းလဲလာမှုကလည်း နိုင်ငံ့ စီးပွားရေးကို ပို၍အထောက်အပံ့ပြုလာမည် ဖြစ်သည်။ ယခုအခါ အနယ်နယ်အရပ်ရပ် ကျေးလက်ဒေသများအထိ စာကြည့်တိုက်များ ပေါ်ထွက်လာပြီဖြစ်သလို ပြည်သူ အများစု ကိုင်တွယ်သုံးစွဲနေသည့် “smart phone” များတွင် လည်း မိမိစိတ်ဝင်စားရာဘာသာရပ်များ၊ လုပ်ငန်းများ စသည်တို့ကိုလည်း အလွယ်တကူ ဝင်ရောက်လေ့လာ နိုင်သည့်အတွက် အခွင့်အလမ်းများစွာရှိနေပြီ ဖြစ်သည်။ လက်တွေ့နှင့်ယှဉ်သည့် အသက်မွေးဝမ်းကျောင်း အတတ် ပညာများ သင်ကြားပေးသည့် သက်မွေးပညာသင်တန်း ကျောင်းများ နယ်ပယ်တိုင်းတွင် ပေါ်ပေါက်နေပြီဖြစ်၍ လူတိုင်း မိမိဝါသနာနှင့် စိတ်ဝင်စားမှုရှိသည့် လုပ်ငန်းများကို စနစ်တကျလေ့လာခွင့်ရှိနေပြီ ဖြစ်သည်။

၂၁ ရာစုခေတ် နည်းပညာသစ်များသည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့်အတွက် လူတိုင်း၏ လေ့လာ အားထုတ်မှုသည်လည်း အစဉ်မပြတ်ပြုလုပ်ပြီး နောက်ဆုံး ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများ၊ သတင်းအချက်အလက် များရအောင်ယူ၍ ဆောင်ရွက်နိုင်သူများသာ တိုးတက်မှုကို ပိုမိုဖော်ဆောင်နိုင်မည် ဖြစ်သည်။ သို့ဖြစ်၍ နိုင်ငံသားတို့၏ အသိနှင့်အတတ်ပညာများ ပိုမိုကြွယ်ဝလာမှုမှတစ်ဆင့် စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံသားအရေအတွက် ပိုမိုများလာလေလေ နိုင်ငံတိုးတက်လေပင် ဖြစ်သည်။

ကိုဗစ်-၁၉ နှင့် ကိုဗစ်အလွန်ကာလများတွင်လည်း ကူးစက်ရောဂါအလျှင်းပျောက်ရန် ကြာဦးမည်ဖြစ်၍ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတိုင်း နေ့စဉ် နေထိုင်စားသောက်သွားလာလုပ်ကိုင်မှုများကိုလည်း ပုံစံ အသစ် “new normal” ကို ဆက်လက်ကျင့်သုံးသွားရ ဦးမည် ဖြစ်သည်။ ယခုအခါ တစ်ကမ္ဘာလုံးတွင် နည်းပညာ အသုံးပြု ဒစ်ဂျစ်တယ်စီးပွားရေး ပိုမိုဖော်ဆောင်နေကြပြီ ဖြစ်၍ ယနေ့ပြည်သူများအနေဖြင့်လည်း ICT အခြေခံ နည်းပညာများကို သိရှိအသုံးပြုနိုင်ရန် ပို၍လေ့လာရမည် ဖြစ်သည်။ တစ်ဆက်တည်းမှာပင် ကိုဗစ်-၁၉ ကြောင့် အဘက်ဘက်မှ ဆိုးကျိုးများဖြစ်ပေါ်နေရသည့် ကာလ ဖြစ်သည့်အလျောက် နိုင်ငံသားတိုင်းအနေဖြင့် အခက်အခဲ များနှင့် မည်မျှကြုံတွေ့နေစေကာမူ အသက်ဆုံးရှုံးမှုများ သည့် ဆိုးရွားသည့်အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကာ ယာယီအခက်အခဲဟု မှတ်ယူပြီး စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် ကျော်လွှားနိုင်အောင် အားထုတ်ကြရမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်များ

စျေးကွက်စီးပွားရေးစနစ်ဖြစ်၍ လက်တွေ့စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူများမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များသာ အဓိကဖြစ်သည့်အတွက် ၎င်းတို့၏အခန်းကဏ္ဍလည်း ကြီးမားပါသည်။ စီးပွားရေးလုပ်ငန်းရှင်များဟုဆိုရာတွင် မိသားစုအခြေခံလုပ်ငန်းငယ် များမှစ၍ SMEs လုပ်ငန်းများ၊ လုပ်ငန်းကြီးများ၊ ကုမ္ပဏီများ စသည်တို့ အကျုံးဝင်ပါသည်။ ကိုဗစ်-၁၉ ကာလအတွင်း ကျဆင်းခဲ့သည့်စီးပွားရေးကို ပြန်လည်နာလန်ထူရေး အတွက် လုပ်ငန်းရှင်တိုင်း အထူးနိုးကြားကြိုးစားရမည့် အချိန် ဖြစ်သည်။ ကိုဗစ်-၁၉ အလျှင်းမပျောက်သေးသည့် အတွက် လုပ်ငန်းရှင်သန်ရပ်တည်နိုင်ရန် မဖြစ်မနေ ပြောင်းလဲလုပ်ဆောင်ရမည့် ပုံစံသစ် “new normal” ကို ဆက်လက်ကျင့်သုံးရမည်ဖြစ်ပြီး လုပ်ငန်းဖွဲ့စည်းမှု၊ လုပ်ဆောင်နေမှုများ၊ ဖြန့်ဖြူးရောင်းချမှုများအားလုံး ကိုလည်း ပြန်လည်စိစစ်ဖွဲ့စည်းပြီး စရိတ်အနည်းဆုံး

ဖြစ်စေရေး၊ စျေးကွက်ဝယ်လိုအားရှိသည့် ကုန်စည်များ ထုတ်လုပ်ရောင်းချနိုင်ရေး၊ ထုတ်လုပ်ရောင်းဝယ်ဖြန့်ဖြူးမှု များတွင် အွန်လိုင်းစနစ်ဖြင့် ပိုမိုလုပ်ဆောင်ရေး၊ နိုင်ငံတော်က ပံ့ပိုးပေးသည့် အကူအညီများနှင့် ဖော်ဆောင် နေသည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရေး၊ ရှင်သန် တိုးတက်ရေးအတွက် လုပ်ငန်းတူချင်း ပေါင်းစပ်လုပ်ကိုင် ရေး၊ ကိုဗစ်-၁၉ ကြောင့် ပေါ်ပေါက်နေသည့် စီးပွားရေးအခွင့် အလမ်းများကို လက်တွေ့ဖော်ဆောင်နိုင်ရေး စသည်တို့ အတွက် ယခုအခါ ဦးစားပေးလုပ်ဆောင်ရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လုပ်ငန်းရှင်တိုင်း ထားရှိရမည့် ခံယူချက်မှာ စီးပွားရေးကျင့်ဝတ်ကို လိုက်နာကျင့်သုံးရမည့် အပြင် ကိုဗစ်-၁၉ ကာလဖြစ်၍ မိမိတတ်နိုင်သမျှ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့်အချိန် ဖြစ်သည်။ ထို့ပြင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် စားသုံးသူ များအတွက် ဘေးကင်းလုံခြုံစိတ်ချရမှုနှင့် အရည်အသွေး ကောင်းမွန်မှန်ကန်မှုတို့ကို အခြေပြုပြီး လုပ်ဆောင်နိုင်မှ သာ နာမည်ကောင်းရပြီး ရေရှည်ကြီးပွားတိုးတက်နိုင်မည် ကို အထူးအလေးထားဆောင်ရွက်ရမည် ဖြစ်သည်။

ဝန်ထမ်းများ၊ လုပ်သားများနှင့်

အလုပ်ရှာနေသည့် လူငယ်များ

ကိုဗစ်-၁၉ အလွန် စီးပွားရေးအကျပ်အတည်းမှ အမြန်ရုန်းထွက်နိုင်ရေးတွင် ဝန်ထမ်းများ၊ လုပ်သားများ နှင့် အလုပ်လုပ်တော့မည့် လူငယ်လူရွယ်များ၏ ပူးပေါင်း ပါဝင်ကြိုးစားအားထုတ်မှုမှာလည်း အရေးပါပါသည်။ အထူးသဖြင့် စီးပွားရေးကျဆင်းနေသည့်အချိန်ဖြစ်၍ လည်း အလုပ်ရှင်များ၏ စီးပွားရေးအခက်အခဲများကို နားလည်သဘောပေါက်ပြီး အတူတကွမျှဝေခံစား အထူးကြိုးစားရမည့်အချိန် ဖြစ်သည်။ လုပ်ငန်းများ အမြန် နာလန်ထူရေးတွင် ဝန်ထမ်းများ၊ လုပ်သားများအနေဖြင့် လုပ်ငန်းတိုးတက်ရေးကို အထူးအလေးထားရမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေမည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို ရှောင်ကြဉ်ရမည်ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမား၊ ကုမ္ပဏီပိုင်ရှင်နှင့် ဝန်ထမ်း စသည်တို့သည် “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ” ဆိုသည့် အတိုင်း အပြန်အလှန်အမှီသဟဲပြုနေကြရသည့်အပြင် “ရေမြင့်မှ ကြာတင့်မည်” ဟူသောစကားနှင့်အညီ လုပ်ငန်း တိုးတက်ကြီးပွားမှသာ ဝန်ထမ်းနှင့် လုပ်သားတို့၏ဘဝ မြင့်လာမည်ကို နားလည်လက်ခံထားရမည် ဖြစ်သည်။

စျေးကွက်ရရှိရန် ယှဉ်ပြိုင်မှုကြီးမားသည့်အတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုအရည်အသွေးမြင့်မားမှုနှင့် မှန်ကန်မှုတို့ကိုဖြစ်ပေါ်စေရန် အရင်းခံလိုအပ်ချက်မှာ ဝန်ထမ်းများ၊ လုပ်သားများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြင့်တက်မှသာ ရရှိနိုင်မည်ဖြစ်သည်။ ထို့အတူ ဝန်ထမ်းနှင့် လုပ်သားများအနေဖြင့် စွဲမှတ် ထားရမည့်အချက်မှာ လုပ်ခလစာသည် မိမိ၏လုပ်သက်၊ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်အပေါ် အဓိကမူတည်သည့် အတွက် စွမ်းဆောင်ရည်မြင့်တက်စေရန် အစဉ်ကြိုးစား ရမည် ဖြစ်သည်။

ကိုဗစ်အလွန်ကာလများတွင် နည်းပညာအခြေပြု digital economy ကို နေရာတိုင်းတွင် ပိုမိုအသုံးပြုနေပြီ ဖြစ်၍လည်း ဝန်ထမ်းတိုင်း အသုံးပြုနိုင်ရေးအတွက် မဖြစ်မနေလေ့လာသင်ကြားရမည်ဖြစ်သည်။ တစ်ဆက် တည်းမှာပင် အလုပ်ရှာနေသည့်ဘွဲ့ရများနှင့် အခြား လူငယ်များ၊ ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင်လိုသည့် လူငယ်များအနေဖြင့်လည်း မိမိဝါသနာပါသည့် လုပ်ငန်း (သို့မဟုတ်) အလုပ်အကိုင်များအတွက် လိုအပ်သည့် အရည်အချင်းများပြည့်ဝလာစေရန် လေ့ကျင့်သင်ကြား လေ့လာရမည့်အချိန် ဖြစ်သည်။ သက်ဆိုင်သည့်သက်မွေး ပညာကျောင်းများတွင် တက်ရောက်လေ့လာခြင်း၊ အင်တာနက်မှတစ်ဆင့် လုပ်ငန်းအကြောင်းလေ့လာခြင်း၊ လက်ရှိလုပ်ငန်းများအခြေအနေ၊ အောင်မြင်နေသည့် လုပ်ငန်းများ၊ ဘာကြောင့်အောင်မြင်ရသည့် မိမိထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုလုပ်ငန်းများကို တန်ဖိုးမြင့်တက် လာစေရန် လုပ်ဆောင်ရမည့်အချက်များ စသည်တို့ကို လုပ်ငန်းမစတင်မီ အသေးစိတ်လေ့လာဆည်းပူးရမည် ဖြစ်သည်။ မည်သည့်လုပ်ငန်းကို လုပ်ကိုင်သည်ဖြစ်စေ အရည်အသွေးမှန်ကန်ကောင်းမွန်မှုကို အဓိက ဦးတည် ရမည်ဖြစ်ပြီး မိမိနေထိုင်ရာဒေသအတွင်း စျေးကွက်၊ မြို့တွင်းစျေးကွက်၊ ပြည်တွင်းစျေးကွက်၊ ပြည်ပစျေးကွက် များအထိ ထိုးဖောက်နိုင်အောင် မျှော်မှန်းကြိုးစားရမည် ဖြစ်သည်။

ထို့အတူ ဝန်ထမ်း (သို့မဟုတ်) လုပ်သားအနေဖြင့် ဝင်ရောက်သူများအနေဖြင့်လည်း အလုပ်မဝင်ခင် အလုပ် နှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ တက်ရောက်ခြင်း၊ မိမိအရည်အသွေးမြင့်တက်စေရန် လေ့ကျင့်ပျိုးထောင်ခြင်းစသည်တို့ကို ကြိုတင်ဖြည့်စွမ်း ထားရမည်ဖြစ်သည်။ လူငယ်တိုင်းနားလည်သဘောပေါက် လက်ခံထားရမည့်အချက်မှာ ယနေ့ခေတ် လုပ်ခလစာ ဝင်ငွေတို့ကို ဆုံးဖြတ်ပေးသည်မှာ မိမိ၏စွမ်းဆောင်ရည် သာ အဓိကဖြစ်သည်ဆိုသည့်အချက်ပင် ဖြစ်သည်။ အောင်မြင်ခြင်းတရား အခြေခံလေးချက် ဖြစ်သည့် “ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ” ကို လက်ကိုင်ထားလျက် တစ်ရက် ထက်တစ်ရက် မိမိစွမ်းဆောင်ရည် တိုးလာအောင်ကြိုးစား ရမည် ဖြစ်သည်။ ထို့အတူ လောကတွင် တန်ဖိုးအရှိဆုံးမှာ အချိန်ဖြစ်၍ အကျိုးမရှိသည့်ကိစ္စရပ်များတွင် အချိန်ကုန် မခံဘဲ အကျိုးရှိသည့်ကိစ္စများအတွက် အသုံးချနိုင်ရေးကို စီမံရမည်ဖြစ်သည်။

ခိုင်မာသည့် သန္နိဋ္ဌာန်

အချုပ်ဆိုရသော် ကမ္ဘာကြီးတစ်ခုလုံး မကြုံစဖူး ကိုဗစ်-၁၉ ကူးစက်ရောဂါကပ် ကျရောက်မှုကြောင့် မြန်မာအပါအဝင် နိုင်ငံများအားလုံး အကျပ်အတည်း အခက်အခဲများ ကြုံတွေ့နေရသော်လည်း စီးပွားရေး အကျပ်အတည်းများမှ အမြန်ရုန်းထနိုင်ရေးမှာ အထူး အရေးကြီးနေပြီဖြစ်သည့်အတွက် တစ်ဦးချင်းမှစ၍ ပြည်သူအားလုံးအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားအားထုတ်မည်ဟု သန္နိဋ္ဌာန်ချမှတ်ပြီး လုပ်ဆောင်မည်ဆိုလျှင် နိုင်ငံ့စီးပွားရေး အမြန်ပြန်လည် နိုးထလာမည်ဖြစ်ပါကြောင်း နှိုးဆော်တိုက်တွန်းလိုက် ရပါသည်။ ။