လမ်းပြကြယ်တစ်ပွင့် သို့မဟုတ် အမျိုးသားစာပေတစ်သက်တာဆုရ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)

Type
1

 

သန်းသန်းစီ (စာပေဗိမာန်)

၂၀၀၁ ခုနှစ်မှစတင်၍ နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် အမျိုးသားစာပေတစ်သက်တာဆုသမိုင်းတွင် စာပေပညာရှင် ၃၁ ဦး ဆွတ်ခူးရရှိခဲ့ပြီး ယင်းတို့အနက် အမျိုးသမီး စာပေပညာရှင် သုံးဦးပါဝင်ခဲ့ရာ အဆိုပါသုံးဦးမှာလည်း ကွယ်လွန်သွားကြရှာပြီဖြစ်သည်။ အမျိုးသမီးစာပေပညာရှင်အဖြစ် ဆရာမကြီး စည်သူဒေါ်ရင်ရင်(စောမုံညင်း)က ၂၀၀၅ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာ ဆု၊ ဆရာမကြီး စည်သူဒေါ်ကြန်(မကြန်)က ၂၀၀၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)က ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုရှင်အဖြစ် အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။


တွေ့ဆုံဂါရဝပြုခွင့်ရ


မိမိအနေဖြင့်  ဆရာမကြီးရေးသား ခဲ့သည့်  ဝတ္ထုများစွာအနက်  တက္ကသိုလ် နောက်ခံဝတ္ထုနှစ်ပုဒ်ဖြစ်သည့်  ပုလဲငုံနှင့် နှင်းဆီကမွှေးဝတ္ထုတို့မှတစ်ဆင့် ဆရာမ ကြီး၏   စာပေလက်ရာများကို    စွဲလမ်း နှစ်ခြိုက်ခဲ့ရသော်လည်း  ဆရာမကြီးနှင့်မူ တစ်ခါမှ   ဆုံစည်းကြုံကြိုက်ခွင့်  မရှိခဲ့။ ဆုံဆည်းခွင့်ကြုံချင်ပြန်တော့ အမျိုးသား စာပေတစ်သက်တာဆု၊  အမျိုးသားစာပေ ဆု၊ စာပေဗိမာန်   စာမူဆုချီးမြှင့်ပွဲ အခမ်း အနားတွင် တွေ့ဆုံဂါရဝပြုခွင့်ရခဲ့သည်။ အဆိုပါနှစ်ကား ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်    ဖြစ်ပေသည်။   အဆိုပါနှစ်တွင် ဆရာမကြီးနှင့်အတူ ဆရာကြီး ဦးအောင် သင်း  (အောင်သင်း)   နှင့်   ဆရာကြီး ဦးတင်မောင် (သိပ္ပံမှူးတင်) တို့ပါ အမျိုး သားစာပေတစ်သက်တာဆု    ရရှိခဲ့ကြ သည်။ ၂၀၀၁ ခုနှစ်မှစ၍ ၂၀၁၁ ခုနှစ်အထိ အမျိုးသားစာပေ  တစ်သက်တာဆုကို တစ်နှစ်လျှင် တစ်ဦးသာရရှိခဲ့ပြီး ဆရာမ ကြီးဆွတ်ခူးရရှိသည့် ၂၀၁၂ ခုနှစ်တွင်မူ ထူးထူးခြားခြား စာပေပညာရှင် ဆရာ ကြီး ဆရာမကြီး သုံးဦးအထိ ဆွတ်ခူးရရှိ ခြင်းဖြစ်ရာ ထူးခြားမှုတစ်ခုအဖြစ် စွဲငြိ မှတ်မိနေခြင်းလည်း  ဖြစ်သည်။   စိတ် မကောင်းစရာတစ်ခုကား  ဆရာမကြီးတို့ အတူတကွ    အမျိုးသားစာပေ  တစ်သက် တာဆု  ဆွတ်ခူးရရှိခဲ့ကြသည့်   ပညာရှင် သုံးဦးမှာ   ကွယ်လွန်သွားခဲ့ရှာပြီဖြစ် သည်။


ဘဝနှင့်စာပေ


စာရေးဆရာမကြီး ခင်ဆွေဦးကို အဖ ဦးဘဆွေ(စာရေးဆရာကြီး မဟာဆွေ)၊ အမိ ဒေါ်ကြည်ကြည်တို့က ၁၉၃၃ ခုနှစ်၊ ဒီဇင်ဘာလ  ၁  ရက်တွင်   စစ်ကိုင်းမြို့၌ မွေးဖွားခဲ့ပါသည်။    မွေးချင်းညီအစ်မ နှစ်ဦးအနက် အကြီးဖြစ်သည်။ အမည် ရင်းမှာ ဒေါ်ခင်ဦးဖြစ်ပြီး ညီမမှာ ဒေါ်ခင် ဆွေအေးဖြစ်သည်။ ဆရာမကြီးသည် ဖခင်ကလောင်မှ   “ဆွေ”   ကို ယူကာ “ခင်ဆွေဦး’’ ဟု ကလောင်အမည် ခံယူခဲ့ သည်။


ငယ်စဉ်က    ရန်ကုန်မြို့    မြို့မ အမျိုးသမီး         အထက်တန်းကျောင်း၊ စိန့်ဂျွန်းကွန်ဗင့်(ယခုလသာ အထက-၂)၊ စိန့်မေရီကျောင်းတို့၌ ပညာသင်ယူခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင်    ပညာသင် ကြားခဲ့ပြီး ၁၉၅၆  ခုနှစ်တွင်  မန္တလေး တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိသည်။ ၁၉၅၈ ခုနှစ်တွင် စိန့်ဂျွန်းကွန်ဗင့်  (ယခုလသာ အထက-၂)၌ အထက်တန်းပြဆရာမ အဖြစ်    တာဝန်ထမ်းဆောင်သည်။ ဆရာမလုပ်သက်  ၁၀  နှစ်တွင် တာဝန်မှ အနားယူခဲ့သည်။   ၁၉၆၇   ခုနှစ်တွင် ပညာရေးတက္ကသိုလ်မှ    ပညာရေးဘွဲ့ (ဘီအီးဒီ) ရရှိသည်။


၁၉၄၆ ခုနှစ် အသက် ၁၂ နှစ်အရွယ်မှ စတင်၍ သံတော်ဆင့်သတင်းစာ ကလေး ကဏ္ဍ၌   ဆောင်းပါးနှင့်   ဝတ္ထုတိုများ ရေးသားခဲ့သည်။ အသက် ၁၆ နှစ်အရွယ် တွင် “ဖူးစစံပယ်”  ဝတ္ထုတိုကို  သွေး သောက်မဂ္ဂဇင်းတွင် ရေးသားခဲ့ပြီးနောက် ရှုမဝ၊ ငွေတာရီ၊ မြဝတီ၊ နဝဒေး စသည့် လစဉ်ထုတ်မဂ္ဂဇင်းကြီးများတွင် ဝတ္ထုတို နှင့်  ဆောင်းပါးများစွာ  ရေးသားခဲ့သည်။ ဆရာမကြီးသည်   သံတော်ဆင့်သတင်းစာ ကလေးကဏ္ဍ၌ စာတည်းအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁-၁၉၅၂ ခုနှစ် တွင်   ရန်ကုန်တက္ကသိုလ်စာနယ်ဇင်း အသင်း တွဲဖက်အတွင်းရေးမှူး၊ ၁၉၅၂-၁၉၅၃ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်း မြန်မာ စာတွဲဖက်စာတည်းအဖြစ်   ဆောင်ရွက် သည်။ ဆရာမကြီးသည် ၁၉၈၄ ခုနှစ်တွင် စံပယ်ဖြူအမျိုးသမီးမဂ္ဂဇင်း    တာဝန်ခံ အယ်ဒီတာအဖြစ်   ဆောင်ရွက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဆရာမကြီး၏ပထမဆုံး လုံးချင်းဝတ္ထုဖြစ်သည့်    “တို့တိုင်းဌာနီ” ကို ထုတ်ဝေခဲ့သည်။  အဆိုပါ  ဝတ္ထုကို ဂျပန်နိုင်ငံ    တိုယိုတာဖောင်ဒေးရှင်းက ဂျပန်ဘာသာသို့ ပြန်ဆို၍ ပုံနှိပ်ထုတ်ဝေ ခဲ့သည်။


၁၉၇၀ ပြည့်နှစ်    ဇူလိုင်လတွင် ပထမအကြိမ်အဖြစ်    ထုတ်ဝေခဲ့သည့် “နှင်းဆီက မွှေး”   လုံးချင်းဝတ္ထုသည် ­­ဆရာမ၏ ၂၃ အုပ်မြောက်ဖြစ်ပါသည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသား  သမဂ္ဂ အဆောက်အဦ       နောက်ခံကားချပ်ကို သရုပ်ဖော်ရေးခဲ့သော   ဝတ္ထုဖြစ်သည်။ အဆိုပါဝတ္ထုကို ဆရာတက်တိုးက  ဂါးဒီး ယန်းသတင်းစာတွင် “Khin Swe Oo’s 23rd Novel”  ခေါင်းစဉ်ဖြင့်  အင်္ဂလိပ် ဘာသာသို့      ပြန်ဆိုရေးသားခဲ့သည်။ ထို့ပြင် ဆရာမရေးခဲ့သည့်  ပထမဦးဆုံး လုံးချင်းဝတ္ထု   “တို့တိုင်းဌာနီ”   နီးပါး ပေါ်လွင်ထင်ရှားခဲ့ပြီး     ၂၀၁၂  ခုနှစ် စက်တင်ဘာလတွင်    ဒုတိယအကြိမ်၊ ၂၀၁၅ ခုနှစ်     စက်တင်ဘာလတွင် တတိယအကြိမ်  ပြန်လည်ထုတ်ဝေခဲ့ရ လေသည်။


ဆရာမကြီးသည် လုံးချင်းဝတ္ထုပေါင်း ၆၅ အုပ်ကျော်၊ ဝတ္ထုရှည် ၁၀ ပုဒ်၊ ဝတ္ထုတို ပေါင်း ၁၀၀၀ ကျော်နှင့် ဆောင်းပါးပေါင်း ၅၀၀  ခန့်   ရေးသားခဲ့သည်။   ဖခင် အကြောင်း၊     မိမိကျင်လည်ခဲ့ရသည့် တက္ကသိုလ်ဝန်းကျင်   ပညာနယ်ပယ် အကြောင်း၊ ဘာသာရေး  အတွေးအမြင် များ၊ စာပေဆိုင်ရာ   အကြောင်းများကို သတိပြု    ထိတွေ့မှတ်သားခဲ့ရသည်။ ဆရာမကြီးရေးသားခဲ့သမျှ   ဝတ္ထုများ အနက် ‘မပန်သာသည်’၊ ‘ပုလဲငုံ’၊ ‘ဆူးနှစ် ဆူး’၊ ‘ပျံသာပျံပါ ငှက်ရွှေဝါ’၊ ‘မောင့်အချစ် သီရိ’၊ ‘နေခြည်ဖြာတော့  နွေးလိမ့်မယ်’ တို့ကို        ရုပ်ရှင်ဇာတ်ကားများအဖြစ် ရိုက်ကူးခဲ့ကြသည်။


ဆရာမကြီး  ခင်ဆွေဦး၏   ထင်ရှား သော လုံးချင်းဝတ္ထုအချို့မှာ အင်ကြင်း ရဂုံ(၁၉၆၆)၊  လှမျိုးနွယ်  (၁၉၆၆)၊ ရွှေပြည်ကိုသာ လွှမ်းတော့သည်(၁၉၆၇)၊ တိမ်တောက်ချိန် (၁၉၆၈)၊ နေခြည်ဖြာ တော့ နွေးလိမ့်မယ်  (၁၉၇၂)၊  ချစ်ခြင်းကို ဆိုမယ်(၁၉၇၃)၊ ဘဝနှင့် မုန်တိုင်း၊ မြပုဝါ၊ ပုလဲငုံ၊ စုံတောမြိုင်၊ လွင်၊ မြကေရှင်၊ ဥမ္မာ၊ မိုးနှင့်ရေ၊   မိုးပန်းဝေဝေ၊  ကံ့ကော်ဦးနှင့် လှေတစ်စင်းနဲ့    ရွက်လွှင့်မယ်တို့ဖြစ် သည်။ ဝတ္ထုတိုပေါင်းချုပ်   စာအုပ်များ အဖြစ် ခေတ်နှင့်အတူ (၁၉၆၂)၊ ငြိမ်းချမ်း ပါစေ(၁၉၆၃)နှင့်    အလှအပ  (၁၉၆၉) တို့ကိုလည်း ထုတ်ဝေခဲ့သည်။ စစ်ကိုင်း သမီးဒိုင်ယာရီ  (၂၀၀၄)၊   မှတ်မှတ်ရရ နေ့ရက်များ(၂၀၀၅) စာအုပ်တို့ကိုလည်း ရေးသားခဲ့ပြီး  စံပယ်ဖြူမဂ္ဂဇင်းကိုလည်း ဦးစီးထုတ်ဝေခဲ့သည်။ 


၁၉၉၀   ပြည့်နှစ်တွင်    ဝိပဿနာ ဆရာကြီး  ဦးဂိုအင်ကာ၏  ဖိတ်ကြားချက် အရ အိန္ဒိယနိုင်ငံနှင့်   နီပေါနိုင်ငံတို့သို့ တစ်လခွဲခန့်သွားရောက်ပြီး နိုင်ငံတကာ ဝိပဿနာစာတမ်းဖတ်ပွဲများသို့ တက် ရောက်ခဲ့ကြောင်း မှတ်သားခဲ့ရဖူးသည်။


တို့တိုင်းဌာနီ


ဆရာမကြီးသည်   အသက်  ၁၂  နှစ် အရွယ်မှစ၍   စာပေလောကအတွင်းသို့   ဝင်ရောက်လာခဲ့ပြီး အသက် ၂၈  နှစ်အရွယ် တွင် သူမ၏ပထမဆုံးလုံးချင်းဖြစ်သည့် “တို့တိုင်းဌာနီ” ကို  ရေးသားထုတ်ဝေနိုင် ခဲ့သည်။ “တို့တိုင်းဌာနီ”  ဝတ္ထုသည်   သမိုင်းဖြစ်ရပ်များကို သုတေသီဆန်ဆန် ရေးဖွဲ့ထားပြီး         လွတ်လပ်ရေးခေတ်မှ စတင်၍ အထောက်အထားပေါင်းများစွာ ကို ဖတ်ရှုမှတ်သားလေ့လာ ရေးသားထား သော  ဝတ္ထုဖြစ်သည်။   အင်္ဂလိပ်လက် အောက်မှ  မြန်မာ့လွတ်လပ်ရေးတိုက်ယူ ရန် လူငယ်သခင်များ   ကြိုးပမ်းနေချိန်မှ စ၍ သားနှစ်ယောက်၊ သမီးတစ်ယောက်၊ တူမတစ်ယောက်ပိုင်ရှင် မိသားစုတစ်စု၏ လှုပ်ရှားမှုကို ဇာတ်အိမ်ဖွဲ့ကာ တော်လှန် ရေးသမိုင်းမှ  ဖြစ်ရပ်မှန်အချို့ကို ထည့် သွင်းဖော်ပြထားသည့်   စာအုပ်ဖြစ်ပေ သည်။


“တို့တိုင်းဌာနီစာအုပ်သည် ကိုသူရ တည်းဟူသော ကြေးမုံပြင်ကို ထောင်ပြ၍ ရဲဘော်သုံးကျိပ်တို့မှအစ တော်လှန်ရေး ကာလအတွင်းနှင့် လွတ်လပ်ရေးအပြီး အပိုင်မရခင်စပ်ကြား တစ်တိုင်းပြည်လုံး ထားရှိခဲ့ကြသော စိတ်ဓာတ်ကို  တစ်ဖန် အရိပ်ပြန်ထင်အောင် ကြိုးစားခြင်းဖြစ် သည်။”


“တိုင်းပြည်တွင် အတွင်းအပ ရန်မီး ဝိုင်းနေသောအခါ၌      တစ်ကြိမ်ကရှိခဲ့ ဖူးသော     အနစ်နာခံစိတ်၊    မျိုးချစ်စိတ်၊  ဇွဲလုံ့လတို့ကို  ယခင်ကလိုခဲ့သည်နှင့်အမျှ     ယခုလည်း    လိုသေးသည်။ တစ်နည်းဆို ရသော် အာဇာနည်တွေလိုနေသည်”ဟု ဆရာစံလွင်က  ၁၉၆၁  ခုနှစ်  စက်တင် ဘာလထုတ်   ငွေတာရီမဂ္ဂဇင်းစာအုပ် ဝေဖန်ချက်တွင် သုံးသပ်တင်ပြခဲ့သည်။


ကိုသူရ၊  ကိုရန်နောင်၊  မိဟူသော သုံးပွင့်ဆိုင်  အချစ်ဇာတ်လမ်းနှင့်အတူ ၁၉၄၅ ခုနှစ် တော်လှန်ရေးကြီးနှင့်တကွ ပြည်တွင်းသောင်းကျန်းမှု တိုက်ပွဲများ၊ တရုတ်ဖြူတိုက်ပွဲများတွင်  ဘဝပေါင်း၊ အသက်ပေါင်းများစွာ စတေးခဲ့ရသူတို့၏ အကြောင်းကို “တို့တိုင်းဌာနီ” မှတစ်ဆင့် ပြန်ပြောင်း တွေ့ရှိရမည်ဖြစ်ပေသည်။
အဆိုပါ စာအုပ်မှာ မှတ်တမ်းစာအုပ် ၁၀ အုပ်ကို   မှီငြမ်းပြုပြီးရေးသားထား သည်ကို   သိရသည့်အတွက်   မြန်မာ့ လွတ်လပ်ရေး    ကြိုးပမ်းမှုကာလများ အတွင်း မြန်မာလူငယ်တို့၏ မျိုးချစ်စိတ်၊ လူနေမှုဘဝအဖုံဖုံတို့ကိုပါ ခံစားထိတွေ့ နိုင်မည်ဖြစ်ပေသည်။   “တို့တိုင်းဌာနီ” သည် ဆရာမကြီး၏ ပထမဆုံးလုံးချင်းဝတ္ထုတစ်အုပ်ဖြစ်သကဲ့သို့ “တို့တိုင်းဌာနီ” နှင့် ဒေါ်ခင်ဆွေဦး၊ ဒေါ်ခင်ဆွေဦးနှင့် “တို့ တိုင်းဌာနီ”  သည်     ခွဲခြားမရအောင် အောင်မြင်ထင်ရှားခဲ့ပေသည်။


အထင်ကရ အမှတ်အသားများ


ဆရာမကြီး၏ဘဝကို လေ့လာကြည့် လျှင်    ပညာဆည်းပူးလေ့လာခြင်း၊ သင်ကြားပို့ချခြင်းနှင့်   စာပေရေးသား ခြင်းဟူသည့် အမှတ်အသားများကိုသာ အထင်ကရ တွေ့မြင်ရလေသည်။


ငယ်စဉ်ကပင်  ဆရာသိပ္ပံမောင်ဝ၏ ဆောင်းပါးဝတ္ထုတိုများကို စွဲလမ်း  နှစ် သက်ခဲ့ပြီး  ဆရာမန်းတင်၏   ဆောင်းပါး ဆန်ဆန်   ဝတ္ထုများ၊   ဝတ္ထုဆန်ဆန် ဆောင်းပါးများ(ပြောရမလား)ကို အာရုံ ဝင်စားစွာ ဖတ်ရှုလေ့လာခဲ့သည်။ ထိုစဉ် က ဆရာမကြီး၏အသက်မှာ ၁၃ နှစ်သာ သာ ရှစ်တန်းကျောင်းသူဘဝဟု “ကုသိုလ် မြစ်တစ်စင်း” စာအုပ် အမှာစကားတွင် ရေးသားခဲ့ဖူးသည်။    ဖခင်ကိုယ်တိုင် စာရေးဆရာဖြစ်၍လားမသိ၊  ဆရာမကြီး ဘဝက စာပေနှင့် အကျွမ်းတဝင်ရှိနေနှင့် သည်။ ဖခင်၏  မျိုးချစ်စိတ်၊   နိုင်ငံရေး အတွေးအမြင်များက     ဆရာမကြီး၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့သည် ထင်ပါ သည်။ ထို့ကြောင့်ပင်  ပထမဆုံးလုံးချင်း ဝတ္ထုဖြစ်သည့်    “တို့တိုင်းဌာနီ”မှာပင် လွတ်လပ်ရေး၊  နိုင်ငံရေးအကြောင်းအရာ များ ထုံမွမ်းနေခဲ့သည်။


စာပေလက်ရာများစွာကို     ရေးသား ရာတွင် စာပေအပေါ်ထားသည့် ဆရာမ ကြီး၏ စိတ်နှလုံးသားမှာ များစွာလေးစား အတုယူဖွယ်ကောင်းပုံကို “ ကုသိုလ်မြစ် တစ်စင်း” စာအုပ်    အမှာစကားတွင် အောက်ပါအတိုင်းတွေ့ရသည်-


“ကျွန်မတို့ လူ့ဘောင်လူ့လောကမှာ ဘဝရဲ့ဖြစ်ကြောင်းစုံ၊   ကောင်းသင်္ခါရနဲ့ ဆိုးသင်္ခါရတွေ၊   ကိုယ်ပိုင်အတွေ့အကြုံ (စာတွေ့ရော၊ ကိုယ်တွေ့ရော) ရေးဖွဲ့စရာ အကြောင်းအရာတွေ    များပါတယ်။ ဆောင်းပါးတွေဟာ    တကယ့်အဖြစ် အပျက်အပေါ်၊  အကြောင်းအချက်အပေါ် မူတည်ထားတာမို့   ရေးတဲ့အခါမှာ  ပိုပြီး တာဝန်ကြီးပါတယ်။ ဝတ္ထုများ၊ အတ္ထုပ္ပတ္တိ ဖြစ်စဉ်ဝတ္ထုတိုများ များလို့   အဖြစ်မှန် ထက် ပိုမိုတဲ့ စိတ်ကူးတွေထည့်လို့ မရပါ ဘူး။ သို့သော်လည်း နှလုံးသားနှင့်ရင်းပြီး ရေးတာမို့  အနုပညာဂုဏ်မြောက်ဖို့တော့ လိုတာပေါ့။  ဆောင်းပါးတွေမှာလည်း အနုပညာခံစားမှု  လိုတာပါပဲ။    ကျွန်မ လည်း အတတ်နိုင်ဆုံး  ကြိုးစားရေးထား ပါတယ်။ လိုအပ်တာတွေ ချွတ်ယွင်းတာတွေများရှိခဲ့ရင်လည်း   ဝေဖန်သတိပေး နိုင်ပါတယ်” ဟုဆိုခဲ့သည်။


‘သုတစာပေ’   သည်    လူတို့၏ ဦးနှောက်ကို  ထွန်းညှိပေးသကဲ့သို့   ရသ စာပေသည်   လူတို့၏  နှလုံးသားကို အာဟာရပေးသည်ဟု   မှတ်သားခဲ့ရဖူး သည်။ ဆရာမကြီးကလည်း ရသစာပေ နှင့်   ပတ်သက်၍   “မကြည့်တတ်ရင် တဏှာ၊ ကြည့်တတ်ရင်  ပညာပါ။  ရသ စာပေကလည်း လူငယ်တွေကို ပြုပြင်ပေး နိုင်တဲ့အတွက်   ဖတ်ဖို့လိုပါတယ်”  ဟု ဆိုဖူးပါသည်။


ရသစာပေ


ထိုအဆိုနှင့်ပတ်သက်၍    ရသစာပေ က  လူငယ်တို့၏  နှလုံးသားကို   မည်မျှ ဖမ်းစားနိုင်ကြောင်းကိုလည်း  “ခင်ဆွေဦး စာပေဆွေးနွေးပွဲ”  စာအုပ်တွင်   တွေ့ရ သည်။ “ခင်ဆွေဦး   စာပေဆွေးနွေးပွဲ” စာအုပ်သည် ၁၉၇၄ ခုနှစ်က ရန်ကုန်မြို့ရှိ ဝိုင်အမ်စီအေခန်းမ၌      စနေနေ့တိုင်း ကျင်းပသည့်     စာပေဆွေးနွေးပွဲတွင် စာဖတ်သူနှင့် စာရေးသူမေးမြန်းဆွေးနွေး မှုများကို စုစည်းထုတ်ဝေခြင်း ဖြစ်သည်။


အဆိုပါဆွေးနွေးပွဲတွင်  ဆရာမကြီး ၏  စာဖတ်ပရိသတ်တစ်ဦးက “ဒီတော့ ကျွန်တော်သိပ်ကြိုက်တဲ့          ကျွန်တော်တို့ နှစ်သက်တဲ့    စာရေးဆရာကြီးတွေရဲ့ စာပေအရေးအသားထဲက  ဇာတ်ဆောင် တွေ ဇာတ်ကောင်တွေလုပ်သလို အထူး သဖြင့် ကျွန်တော်တို့က  ပုံတူကူးချလေ့ ရှိပါတယ်။


ဆိုတော့ အဲဒီလိုပုံတူကူးချတဲ့နေရာ မှာ အများအားဖြင့်       ဒေါ်ခင်ဆွေဦးရဲ့ ဇာတ်ကောင်တွေဟာ    ကျွန်တော်တို့ကို အများကြီးအကျိုးပြုတာတွေ  ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဝကို ရင်ဆိုင် ရုန်းကန်ရမယ့်  အခြေအနေမျိုးဖြစ်လာတဲ့ အခါမှာ   ဒေါ်ခင်ဆွေဦးရဲ့   ဇာတ်ကောင် တွေဟာ         ကျွန်တော်တို့အတွက်   အင်မတန် အားကိုးလောက်တယ်။ 


ဒီကနေ့အထိတော့     ကျွန်တော်ဟာ စိတ်ဓာတ်ကျလာတဲ့ အခြေအနေမျိုးရှိရင် ဒေါ်ခင်ဆွေဦးရဲ့      “အင်ကြင်းရဂုံ”၊ “ဖန်ဝါလား”    တို့ဟာ    အခုတောင်မှ ကျွန်တော်နည်းနည်း စိတ်ဓာတ်ကျလာ လို့ စာကြည့်စားပွဲပေါ်မှာ   “တေးသီလို့ဖွဲ့ မယ်” တောင် တင်ထားသေးတယ်။


ဘာဖြစ်လို့လဲဆိုတော့  ဟုတ်တယ်၊ စိတ်ဓာတ်နည်းနည်း  ကျလာတာနဲ့အမျှ ဒေါ်ခင်ဆွေဦးရဲ့   ဇာတ်ဆောင်တွေဟာ အင်မတန်ဘဝကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရဲတဲ့ သူတွေဆိုတော့ သူ့ကိုပဲ   ဖတ်ရတယ်။ ဒါက  ကျွန်တော်တို့အတွက်  အင်မတန် အတုယူဖွယ်ကောင်းတဲ့  ဒီဇာတ်ဆောင် တွေရဲ့ ရုန်းကန်မှုပါ”  ဟု  ဆွေးနွေးထား သည်ကို တွေ့ရပေသည်။


သို့ရာတွင် “ကျွန်တော်တို့ အင်မတန် ကြိုက်တဲ့ဇာတ်ဆောင်ရဲ့    ပုံစံဆိုးလေး တွေ   ဝင်သွားတာနဲ့အမျှ   ဘာဖြစ်လာ သလဲဆို ကျွန်တော်ဟာ   ဒီပတ်ဝန်းကျင်နဲ့ မဝင်ဘဲ  သီးသန့်ဖြစ်ချင်တဲ့ ဆန္ဒမျိုးလေး တွေရှိရှိသွားတယ်” ဟုလည်း ဆွေးနွေး သွားခဲ့ရာ  ရသစာပေက   ကြည့်တတ်ရင် ပညာဟူသော ဆရာမကြီး၏စေတနာက အဆိုပါ လွှမ်းမိုးမှုမျိုးအတွက် လမ်းညွှန် ချက်တစ်ခုဟု   ဆိုနိုင်ကောင်းအံ့ထင်ပါ သည်။  

         

 (ဆက်လက်ဖော်ပြပါမည်)