လမ်းပြကြယ်တစ်ပွင့် သို့မဟုတ် အမျိုးသားစာပေတစ်သက်တာဆုရ ဆရာမကြီး ဒေါ်ခင်ဆွေဦး (ခင်ဆွေဦး)

Type
1

 

သန်းသန်းစီ (စာပေဗိမာန်)

(ယမန်နေ့မှအဆက်)


နှင်းဆီက မွှေး


ဆရာမကြီး၏    စာပေလက်ရာကို မိမိအနေဖြင့်    စတင်ထိတွေ့ခွင့်ရရှိခဲ့ သည့်စာအုပ်မှာ    ကျောင်းသားသမဂ္ဂ နောက်ခံဝတ္ထုဖြစ်သည့် “နှင်းဆီက မွှေး” လုံးချင်းဝတ္ထုဖြစ်သည်။ အဆိုပါ စာအုပ် မှာ   ဆရာမကြီး၏   ၂၃    အုပ်မြောက် လုံးချင်းလက်ရာဖြစ်သည်။ “နှင်းဆီက မွှေး”  သည်    ရန်ကုန်တက္ကသိုလ်သမဂ္ဂ အဆောက်အဦ      နောက်ခံကားချပ်ကို သရုပ်ပြရေးဖွဲ့ထားသည့်     ဝတ္ထုတစ်ပုဒ် ဖြစ်ပြီး        တက္ကသိုလ်ကျောင်းသား ကိုညိုအောင်နှင့်  တက္ကသိုလ်ကျောင်းသူ သင်းသင်းအေးတို့၏   မေတ္တာထုံမွမ်းသည့် အချစ်ဇာတ်လမ်းကို  ကလောင်စုတ်ချက် ခြယ်မှုန်းထားသော ဝတ္ထုတစ်ပုဒ်ဟု ခံစား မိခဲ့သည်။  တက္ကသိုလ်  ကျောင်းသား ကျောင်းသူတို့၏ဘဝ   ပျော်လည်းပျော် ခဲ့ကြ၊ အချစ်အတွက် အသည်းလည်းကွဲ ခဲ့ကြ၊   ဘဝခရီးလမ်းအတွက်   အစိတ် အပိုင်းဖြစ်သည့်    ပညာရေးကိုလည်း ကြိုးပမ်းခဲ့ကြကာ  ဘဝခရီးတစ်လျှောက် “ကံစေစားသော်လည်း ကံထားရာ နုံနဲ့ သူ၊ ကံထားရာ မနုံနဲ့သူတို့၏ အဖြစ်သနစ် တို့ကို ဆရာမကြီး၏  “နှင်းဆီက မွှေး” တွင် တွေ့ရှိခံစားခဲ့ရသည်။


“မမေ့ရက်နိုင်သော အတိတ်ကြေးမုံ ပြင်သည် တစ်သက်ပန်လုံး ရေးရေးမက ထင်ခဲ့သည်ချည်းပင်    ဖြစ်ပါသည်။ ဟောင်းဖြစ်သနစ်ကို  ဆန်းစစ်၍   မတွေး ချင်ပေမယ့်လည်း  မရပါ။   အရိပ်သဖွယ် နောက်က    ထက်ကြပ်လိုက်၍သာနေ တော့သည်။”


ဆရာမကြီးက  ‘နှင်းဆီက မွှေး’ ကို ဤစာသားတို့ဖြင့်      နိဒါန်းချီခဲ့သည်။ အဆိုပါ       ဝါကျသုံးကြောင်းကပင် တက္ကသိုလ် ကျောင်းသားကျောင်းသူတို့ ၏ အတိတ်ဖြစ်ကြောင်းစုံကို   ခြေရာ ကောက်ဖွင့်ဟတော့မည်ဟု   အသိပေး လက်တို့လိုက်သလို    ခံစားခဲ့ရဖူးသည်။ ဆရာမကြီး၏ဝတ္ထုကို     ဖတ်ရင်းမိမိတို့ တက်ရောက်ဖူးသည့် တက္ကသိုလ်ပရိဝုဏ် ကို ပြန်မြင်ယောင်မိသည်။ ဆရာမကြီး၏ ဝတ္ထုတွင်      ဖော်ပြထားသည့်အတိုင်း သိင်္ဂါရ ရသမည်သော   ချစ်ခြင်းတရား၊ ဟာသရသ၊ ပျော်ရွှင်ကြည်နူးမှု၊ ကရုဏာ ရသမည်   အလွမ်းနှင့်  အပူတို့ကိုလည်း ပြန်လည်ခံစားခဲ့ရသည်။


ဆရာမကြီးခင်ဆွေဦးသည် “ငြိမ်း ချမ်းပါစေ ဝတ္ထုတိုစုစည်းမှု”စာအုပ်ဖြင့် ၁၉၆၃ ခုနှစ် အနုပညာစာပေ စတုတ္ထဆု ကို ဆွတ်ခူးရရှိခဲ့သည်။ ဝတ္ထုတိုစုစည်းမှု တွင်      ‘ငြိမ်းချမ်းပါစေ’    အပါအဝင် သွေးသောက်၊   နဝဒေး၊   ရှုမဝ၊    မြဝတီ၊ ငွေတာရီ မဂ္ဂဇင်းတို့၌   ရေးသားဖော်ပြခဲ့ သည့် ဝတ္ထုတို ၁၂ ပုဒ်ကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။ အထူးသဖြင့် ၁၉၅၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း မြန်မာ့နိုင်ငံ ရေးနှင့်   လူမှုဘဝအပိုင်းအစများကို ခြေရာကောက်နိုင်သည့် ကားချပ်များဖြစ် ပေသည်။


ငြိမ်းချမ်းပါစေ


‘ငြိမ်းချမ်းပါစေ’သည် ပြည်တော်သာ ခေတ် အစိုးရအမှုထမ်း မိသားစုတစ်စုကို နောက်ခံထားကာ   ကိုလိုနီအရိပ်လွှမ်းနေ သေးသည့် လူတို့၏ အပြုအမူအပြော အဆို  အခေါ်အဝေါ်များကို  တို့ထိဖော်ပြ ထားသည်ကို   တွေ့ရှိရကာ   လက်နက် အားကိုးဖြင့် ကြီးနိုင်ငယ်ညှဉ်းပြုနေကြ သည့်   ခေတ်ပျက်လူမိုက်အဖွဲ့အစည်း များ၏  သရုပ်ကိုလည်း  တစ်စိတ်တစ် ဒေသ လှစ်ပြထားသည်ကို တွေ့ရသည်။ အဆိုပါဝတ္ထုမှာ ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ထုတ်   နဝဒေးမဂ္ဂဇင်းတွင်   ရေးသားခဲ့ ခြင်းဖြစ်ပေသည်။


“ငြိမ်းချမ်းပါစေ ဝတ္ထုတိုစုစည်းမှု”မှ ‘မည်သူတရားခံနည်း’ဝတ္ထုမှာ  လူ့အခွင့် အရေး ချိုးဖောက်ခံထားရသည့် အိမ်ဖော် မိန်းမပျိုလေးတစ်ဦး၏ဘဝကို နောက်ခံ ထားကာ ငွေဂုဏ်ဓန ကြွယ်ဝသူအချို့၏ ဖောက်ပြန်တတ်သော ကိုယ်၊  စိတ်၊ နှလုံး သုံးပါးကို ရေးသားတင်ပြထားခြင်း ဖြစ် ပေသည်။ အဆိုပါဝတ္ထုတွင်  ငယ်ငယ် ရွယ်ရွယ်နှင့်   မိဘမဲ့ဖြစ်သွားရှာသည့် ‘ငွေသင်’   ဟူသော    သနားစဖွယ် မိန်းကလေး  တစ်ဦးဘဝမှသည် ဖောက် ပြန်တတ်သော လူတို့၏  ဝန်းကျင်တွင် ဘဝအသိ တိမ်းပါးသွားရှာသည့် မိန်းမပျို တစ်ဦး၏အဖြစ်ကို ထိတွေ့ခံစားရသည်။ ငယ်ငယ်ရွယ်ရွယ်နှင့်   အိမ်ဖော်ဖြစ်ခဲ့ပြီး  အရွယ်လေး   အတန်အသင့်ရလာသည့် အခါ အိမ်ရှင်အမျိုးသား၏ ကိုယ်ကျင့် ဖောက်ပြန်မှုကြောင့် အပျိုစင်ဘဝပျက် သွားသည့် ‘ငွေသင်’၊ ထို့နောက် သူမဘဝ ကို စာနာထောက်ထားတတ်သည့် အိမ် တစ်အိမ်သို့ ရောက်ရှိသွားခဲ့သော်လည်း အသိဉာဏ်မကြွယ်ရှာသည့် မိန်းကလေး ပီပီ နှိပ်စက်ခံရမှု၊ ကြိမ်းမောင်းပြောဆိုခံ ရမှုဘေး   ကင်းဝေးနေသည့်အိမ်တွင် မပျော်မွေ့ဘဲ မိမိဘဝကို  နွံအတွင်းဆွဲနှစ် ခဲ့သည့်   အတိတ်အိမ်ကိုမှ    ပြန်လည် တမ်းတနေသည့် “ငွေသင်” အဖြစ်သို့ ရောက်ရှိသွားရခြင်းမှာ    သူကိုယ်တိုင် မိုက်မှားမှုကြောင့်လော၊         ကံတရား ကြောင့် ပေလော၊  လူနေမှုစနစ်ကြောင့် လော၊ စာရိတ္တကောင်းမွန်စေရန် ပညာ အခြေခံကျောင်းများ    နေခွင့်မရခဲ့သော ကြောင့် လော၊ လူကိုလူချင်းခိုင်းစားသည့် စနစ်ဆိုးကြောင့်လောဟု ‘လော’ ပေါင်း များစွာ မေးခွန်းထုတ်ကြည့်နေရသည့် အခြေအနေကို   ရေးဖွဲ့တင်ပြထားခြင်း ဖြစ်သည်။ အဆိုပါဝတ္ထုတွင် ဆရာမ ကြီးက-


“ဘဝသည် သင်္ချာနှင့်မတူ၊  သင်္ချာ တွင် ပုစ္ဆာရှိသော် အဖြေအဆင်သင့်ရှိ သည်။ ဘဝမှာမူကား   ပုစ္ဆာရှိသော် လည်း     အဖြေမထွက်လာသော ပြဿနာများ      အမြောက်အမြား ရှိသတည်း” ဟု ဘဝအသိ ဘဝသတိ အတွက်   လက်တို့ထားသည်ကို တွေ့ရပေသည်။


အဆီအနှစ်များကို ဝေငှ


ဆရာမကြီး၏အသွင်၊ ဆရာမကြီး၏ စာပေလက်ရာများကို “စာပေမှတစ်ဆင့် နိုင်ငံချစ်စိတ်ကို ပါးနပ်စွာ သွတ်သွင်းပေး နိုင်စွမ်းရှိသူဖြစ်ကြောင်း၊ ၎င်း၏ စာပေ လက်ရာများကို ဖတ်ရသည်မှာ အလဟဿ မဖြစ်၊ တကယ့်အဆီအနှစ်များကို ဝေငှ စိမ့်ဝင်ခဲ့သူဖြစ်ကြောင်း၊  ၎င်း၏   ဇာတ် ကောင်များမှ  ပတ်ဝန်းကျင်ရှိ   သက်ရှိ လူသားများအလား လှုပ်ရှားသက်ဝင်နေ ခဲ့ကြောင်း၊   လောကဓံကို   အလိုက်သင့် လက်ခံရင်ဆိုင်       တွန်းလှန်နိုင်သော အင်အားကို အားကျအတုယူမိကြောင်း၊ မသိလိုက် မသိဘာသာ လိုလိုလားလား လက်ခံသိမ်းပိုက်ထားမိခဲ့သည့် စရိုက် များဖြစ်၍ အသည်းထဲစွဲမြဲနေခဲ့ကြောင်း၊ လူတိုင်းအပေါ်        ချိုသာသောအပြုံး၊ ပွင့်လင်းသောအမြင်၊    ကြင်နာသော သဘောထားနှင့် ဆက်ဆံတတ်သူဖြစ် ကြောင်း၊ စာပေအတွက် လမ်းပြကြယ် သာမက   ဘဝနေနည်းအတွက်လည်း လမ်းပြရှေ့ဆောင်နေသည့်      အသွင် မှတ်ထင်ရကြောင်း၊ အပြုံးအေးအေးလေး နှင့် ကြည်လင်သော မျက်နှာကိုသာ တွေ့ နေကြရကြောင်း၊ ကျန်းမာရေးချို့တဲ့၍ အိပ်ရာထဲလဲသည့်တိုင်   အပြုံးမပျက်၊ မျက်လုံးလေးတွေက   ကြည်လင်နေဆဲ ဖြစ်ကြောင်း” ဆရာမကြီး နတ်မောက် အနီချိုက ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက် နေ့ထုတ် ကြေးမုံသတင်းစာတွင်“ထွန်းလင်းခဲ့သော   လမ်းပြကြယ်”  ဟူသော ခေါင်းစဉ်ဖြင့် အမှတ်တရဂုဏ်ပြုရေးသား ခဲ့သည်။


နိုင်ငံနှင့်   လူမျိုးအကျိုးပြု   စာပေ လက်ရာပေါင်းများစွာကို   ဖန်တီးခဲ့သူ၊  ဘဝအစိတ်အပိုင်းများစွာကို    စာပေ ရေးသားခြင်းဖြင့်    ကုန်လွန်စေခဲ့သူ၊ လူသားတစ်ဦး၏ အရွယ်ဆစ်ပိုင်းအလိုက် လောကဓံတရားတို့နှင့် ထိတွေ့ရင်ဆိုင်ရ ငြား   အဆိုပါလောကဓံတရားတို့ကို ခေါင်းမော့ရင်ကော့ကာ အန်တုဖြတ်သန်း တတ်စေရန်    စာဖတ်ပရိသတ်အတွက် စိတ်ခွန်အားများစွာ        ပေးစွမ်းသည့် စာအုပ်စာပေများစွာ   ရေးသားပြုစုခဲ့သူ ဆရာမကြီး ဒေါ်ခင်ဆွေဦးသည် ၁၉၆၃ ခုနှစ်အတွက် အနုပညာဆိုင်ရာစာပေဆု (အမျိုးသားစာပေဆု) ဝတ္ထုတိုပေါင်းချုပ် စတုတ္ထဆုကို “ငြိမ်းချမ်းပါစေ” ဝတ္ထုတို ပေါင်းချုပ်    စာအုပ်ဖြင့်လည်းကောင်း၊ ၂၀၀၆   ခုနှစ်အတွက်  ပခုက္ကူဦးအုံးဖေ တည်ထောင်သော           ပခုက္ကူစာပေ တစ်သက်တာဆုကိုလည်းကောင်း၊ ၂၀၁၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက် တာ ဆုကိုလည်းကောင်းရရှိခဲ့သည်။


“ကျွန်မတို့ ဘာလုပ်လုပ် အဓိပ္ပာယ် ရှိရမယ်။ ကိုယ်၊   နှုတ်၊  နှလုံးသုံးပါး အဓိပ္ပာယ်ရှိတာပဲ     ဖြစ်စေရမယ်”   ဟု စစ်သည်တော်စာပေက ၂၀၀၃ ခုနှစ်တွင် ထုတ်ဝေသည့် “တက္ကသိုလ် စာမျက်နှာ များ”စာအုပ်အမှာစာတွင် ဆရာမကြီးက ရေးသားခဲ့ဖူးသည်။ ကိုယ်၊  စိတ်၊  နှလုံး သုံးပါးလုံး အဓိပ္ပာယ်ရှိစွာ တည်ဆောက် နိုင်ရန်မှာ တစ်ခုသော နုဿတိကို မပြတ် ပွားများနိုင်မှဖြစ်မည်ဟု  မိမိအနေဖြင့် ယူဆမိသည်။   အဆိုပါ    နုဿတိကား ဖြူစင်ခြင်းဟု မှတ်ယူလိုပါသည်။ ဆရာမ ကြီး၏ စာပေများကို ဖတ်ရှုလေ့လာရင်း အဆိုပါ နုဿတိပွားများနိုင်ရေးအတွက် အသိများစွာ လင်းပွင့်လာခဲ့ရသည်။  


အစားထိုးမရသည့်  ဆုံးရှုံးမှု


ဆရာမကြီး ခင်ဆွေဦးသည် ၂၀၁၉ ခုနှစ်  မတ်လ   ၂၇  ရက်   ဗုဒ္ဓဟူးနေ့ အသက် ၈၇ နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ဆရာမကြီးကွယ်လွန် ခြင်းမှာ   မြန်မာ့စာပေလောကအတွက် အစားထိုးမရသည့်   ဆုံးရှုံးမှုဖြစ်သော် လည်း ဆရာမကြီး၏ စာပေလက်ရာများ မှတစ်ဆင့် အဆိုပါဆုံးရှုံးမှုကို ဖြေသိမ့်နိုင် မည်ထင်ပါသည်။      ။

ကိုးကားစာရင်း
-    စာပေဆွေးနွေးပွဲ၊ ခင်ဆွေဦး၊ ဒေါ်ကြည်ကြည်စာပေ၊ ဇွန်ပွင့် စာအုပ်တိုက်၊ ရန်ကုန်၊ ၁၉၇၅။
-    ကုသိုလ်မြစ်တစ်စင်း၊ ခင်ဆွေ ဦး၊      စစ်သည်တော်စာပေ၊ ရန်ကုန်၊ ၂၀၀၂။
-    တက္ကသိုလ်       စာမျက်နှာများ၊ ခင်ဆွေဦး၊    စစ်သည်တော် စာပေ၊ ရန်ကုန်၊ ၂၀၀၃။
-    နှင်းဆီက မွှေး၊       ခင်ဆွေဦး၊ ရန်အောင်စာပေ-၂၊ တတိယ အကြိမ်၊ ရန်ကုန်၊ ၂၀၁၅။
-    ငြိမ်းချမ်းပါစေ ဝတ္ထုတိုစုစည်း မှု၊ ခင်ဆွေဦး၊ ကောင်းဆုသာ စာပေ၊ အောင်သုတပုံနှိပ်တိုက်၊ ရန်ကုန်၊ ၂၀၁၇၊ အောက်တိုဘာ လ၊ ပထမအကြိမ်။
-    မြန်မာနိုင်ငံ စာဆိုတော်နေ့ အခမ်းအနား၊   ကန်တော့ခံ သက်ကြီး စာပေပညာရှင်ကြီး များ၏ အတ္ထုပ္ပတ္တိအကျဉ်း၊ မြန်မာနိုင်ငံ   စာရေးဆရာ အသင်း(၂၀၁၆၊ နိုဝင်ဘာလ)၊ ရန်ကုန်။
-    မြန်မာ့စွယ်စုံကျမ်း    နှစ်ချုပ် (၂၀၂၀)။