
တင်ထက်ထက်ဇော်
===========
ယနေ့ကာလတွင် ပြည်သူများ၏ နေ့စဉ်လူနေမှု ဘဝ၊ စီးပွားရေးဘဝ အသုံးပြုမှုပုံစံများ ပြောင်းလဲ လာသည်နှင့်အမျှ လူမှုပတ်ဝန်းကျင်တွင် ရှေးယခင် ကဲ့သို့ သမားရိုးကျပုံစံမဟုတ်တော့ဘဲ နေရာအနှံ့ လျှပ်စစ်မီး၊ လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြ သည်။ နိုင်ငံတော်က ပြည်သူများအတွက် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးကို နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိရာ ယခုအခါ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ထက်ဝက်မက လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ပြီ ဖြစ်ပါသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ မြန်မာပြည်တွင် လူတစ်ဦးလျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ၃၈၉ ယူနစ်အထိ ပိုမိုသုံးစွဲလာကြောင်း လေ့လာသိရသည်။ ထိုသို့ လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာခြင်း၏ ဘေးထွက်ဆိုးကျိုးအဖြစ် လျှပ်စစ်မှဖြစ်ပေါ်လာသည့် မီးလောင်မှုကဲ့သို့ အန္တရာယ်များ မကြာခဏ ကြုံတွေ့လာရသည်။ လျှပ်စစ်ပစ္စည်းများသည် လူသားများအား အကျိုး ပြုသလို ဘေးအန္တရာယ်ရှိသည်ကိုလည်း သတိပြု ရမည်ဖြစ်ပေသည်။ နိုင်ငံတစ်ဝန်း မီးလောင်မှု ဖြစ်စဉ်များကို လေ့လာကြည့်ရာ၌ နေအိမ်သုံး၊ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အား အပူလွန်ကဲမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာ ရှော့ခ်ဖြစ်မှုများကြောင့် မီးလောင်ဖြစ်ပွားမှု များပြားကြောင်း သိရသည်။
ထုတ်လုပ်၊ သုံးစွဲသူများ သတိရှိ
၂၁ ရာစု လူနေမှုပုံစံအရ ရှေးယခင်ထက် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲရသည်မှာ လျော်ကန်ပါ သော်လည်း ပေါ့ဆမှုကြောင့် စည်းစိမ်ဥစ္စာနှင့် လူ့အသက်များ ထိခိုက်မှုမရှိစေရေး သတိပြုရမည် ဖြစ်ပါသည်။ လျှပ်စစ်ဖြင့် လောကဖွံ့ဖြိုးမှုကို အမှန်တကယ် တည်ဆောက်နိုင်ပါသည်။ သို့သော် လျှပ်စစ်ကြောင့် ဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကိုလည်း သတိပြုရမည် ဖြစ်ပေသည်။ မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးမှုအားယူနေဆဲ နိုင်ငံဖြစ်သည့် အားလျော်စွာ လူမှုဘဝဖွံ့ဖြိုးရေးနှင့် အသိအမြင် ကြွယ်ဝရေးတို့၌ လိုအပ်ချက်များ ရှိနေပါသေးသည်။ နိုင်ငံသားများ၏သဘာဝမှာ ဝင်ငွေထွက်ငွေ မျှတ မှုရှိနေစေရန်အတွက် ဈေးသက်သာရေးကိုသာ ဦးစားပေးနေရ၍ ပစ္စည်းအရည်အသွေးပိုင်းတွင် အားနည်းချက်ရှိမှုကြောင့် ဘေးအန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် ပြည်သူများအနေ ဖြင့် လျှပ်စစ်ကို အဓိကအားပြုရာ၌ ထုတ်လုပ်သူ ရော သုံးစွဲသူပါ နှစ်ဦးနှစ်ဝ သတိပြုဆောင်ရွက်မှသာ ဘေးကင်းလုံခြုံစိတ်ချရပါလိမ့်မည်။ နိုင်ငံတော် ဘက်ကလည်း ပြည်သူများ လူမှုဘဝဖွံ့ဖြိုးရေး အတွက် လျှပ်စစ်ဓာတ်များကို တိုးမြှင့်ထုတ်လုပ် ဖြန့်ဝေပေးသည်နှင့်အမျှ အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက် ၍ စားသုံးသူများ ဘေးအန္တရာယ်မဖြစ်စေဘဲ လုံခြုံစိတ်ချမှုရှိစေရန် စည်းမျဉ်းများရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများမှာ ပြည်တွင်း၌ ထုတ်လုပ်နိုင်စွမ်း နည်းပါးပြီး ပြည်ပမှအဓိကတင်သွင်းလျက်ရှိသဖြင့် သင့်လျော်မည့် ဘေးကင်းလုံခြုံစိတ်ချရေး စည်း မျဉ်းတချို့ကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။
လိုအပ်မှသုံးချွေတာသုံး
နိုင်ငံတော်က တိုင်းရင်းသားပြည်သူများ အတွက် ဘေးကင်းလုံခြုံသော လျှပ်စစ်သုံးစွဲရေးကို ဖော်ဆောင်ပေးနေသော်လည်း ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ခြိုးခြံချွေတာရပါ မည်။ အမှန်တကယ် လိုအပ်မှသုံးသင့်ပြီး မဖြစ်မနေ သုံးစွဲသည့်အခါ၌ အလေအလွင့်မရှိစေရန် အသိသတိ ရှိရပါမည်။ အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုမူကျင့်ကြံခြင်းဖြင့် လျှပ်စစ်မီတာယူနစ်များ လျော့ကျသွားကာ မိသားစုအတွင်း ငွေကုန်ကြေးကျ သက်သာသွားပြီး နိုင်ငံတော်အတွက်လည်း ဝန်ထုပ် ဝန်ပိုး လျော့ကျစေမည် ဖြစ်ပါသည်။
• တီဗွီ၊ ဗွီစီဒီစက်၊ play station၊ ကွန်ပျူတာနှင့် အခြားလျှပ်စစ်ပစ္စည်းများကို အသုံးမလို တော့ပါက မီးခလုတ်များပိတ်ထားပါ။ အကယ်၍ ပလပ်တပ်ပြီး stand by mode သို့မဟုတ် power ဖွင့်ထားခဲ့လျှင် မီးသုံးစွဲမှု ၁၀ ရာခိုင်နှုန်း သက်သာစေမည် ဖြစ်ပါသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကွန်ပျူတာ သုံးစွဲရာမှ ခေတ္တမျှသာပိတ်ထားလိုပါက sleep mode ဖြင့် ထားရှိခဲ့နိုင်ပါသည်။ တစ်နေ့တာ ဆောင်ရွက်စရာများ ပြီးစီး၍ ကွန်ပျူတာအသုံး မလိုသော အချိန်တွင် power လုံးဝပိတ်လိုက် ခြင်းဖြင့် စွမ်းအင်ကို ချွေတာနိုင်ပါလိမ့်မည်။
• မိမိအိမ်၌ လက်ရှိသုံးစွဲနေသော လျှပ်စစ်မီး ချောင်း၊ မီးလုံးများအစား Energy saving စာသားပါရှိသော မီးချောင်း၊ မီးလုံးများကို အစားထိုး သုံးစွဲစေလိုပါသည်။ ၎င်းပစ္စည်းက လက်ရှိသုံးစွဲနေသော မီးချောင်း၊ မီးလုံးများ ထက် အတော်အတန် ဈေးနှုန်းမြင့်မားနိုင်သော် လည်း ကြာရှည်ခံနိုင်ရည်ရှိမှုအပြင် လျှပ်စစ် စွမ်းအင်ကိုပါ ပိုမိုသက်သာစေသဖြင့် သုံးစွဲသူ များအတွက် တွက်ခြေကိုက်ပါသည်။
• ယနေ့လူအများအပြား သုံးလေ့ရှိကြသော ဘုရားခန်းရှိ ဘုရားဆင်းတုတော် နောက်ခံ မီးဆိုင်း၊ မီးလုံးများအစား LED sport light များကို ပြောင်းလဲသုံးစွဲပေးနိုင်ပါသည်။ ဤနည်းက လျှပ်စစ်မီတာခ ထက်ဝက်ကျော်မျှ သက်သာသွားမည် ဖြစ်ပါသည်။
• အိပ်ခန်းအတွက် အလင်းရောင်ပိုမိုရရှိစေရန် ခြေတံရှည်မီးတိုင် သို့မဟုတ် မီးအိမ်တို့ကို ပြောင်းလဲအသုံးပြုသင့်ပါသည်။ နံရံနှစ်ဖက်မှ အလင်းပြန်မှုရရှိပြီး အလင်းရောင် ပိုမိုကောင်း မွန်စွာ ရရှိစေရန် အခန်းနံရံထောင့်တွင်ထား၍ သုံးစွဲသင့်ပါသည်။
• အဝတ်လျှော်စက်ဖြင့် အဝတ်လျှော်ရာတွင် လည်း လျှော်ကန်၏ သုံးပုံနှစ်ပုံစာအဝတ်ရှိမှ သာ လျှော်သင့်ပါသည်။ လျှော်ဖွပ်ပြီးနောက် အခြောက်ခံစက်ထက် ရေညှစ်သည့်စက်ကို ပိုမိုဦးစားပေးသုံးသင့်ပါသည်။ အခြောက်ခံ စက်ကိုအသုံးပြု၍ ခြောက်သွေ့စေခြင်းထက် သဘာဝနေရောင်ခြည်၊ သဘာဝလေထုနှင့် ခြောက်သွေ့စေခြင်းက မီတာခချွေတာရာ ရောက်သလို အဝတ်အထည်၏ အရည်အသွေး ကျဆင်းမှုကိုလည်း သက်သာစေပါသည်။ ရေညှစ်စက်ထဲမှ အဝတ်များကို သေချာစွာ ခါပြီးလှမ်းခြင်းဖြင့်လည်း ကြေမွမှုနည်းပြီး မီးပူတိုက်ရာမှာ သက်သာစေသည့်အတွက် လျှပ်စစ်စွမ်းအင်ချွေတာရာ ရောက်ပါသည်။
• Air-con filter များကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးသင့်ပါသည်။ သို့မဟုတ်ပါက Air-con filter မှာ လေထုထဲမှ မသန့်ရှင်းသောဖုန်မှုန့် များ ပြည့်နေပြီး Air-con မှာ ပုံမှန်ထက်ပို၍ အလုပ်လုပ်ရသဖြင့် လျှပ်စစ်စွမ်းအင်ကို ပိုမို ကုန်ကျစေသည့်အပြင် မီတာကုန်သလောက် အကျိုးမရှိနိုင်ဘဲ အအေးဓာတ်လျော့နေပါ သည်။
• ရေခဲသေတ္တာထဲတွင် အစားအသောက်များ ပြည့်ကျပ်မနေစေရန် ဂရုပြုသင့်ပါသည်။ ပြည့် ကျပ်စွာထည့်မိပါက ရေခဲသေတ္တာလည်ပတ်မှု ကောင်းစွာမရရှိနိုင်တော့ဘဲ ပိုမိုအလုပ်လုပ် ရပြီး စွမ်းအင်ပိုကုန်စေနိုင်ပါသည်။ အပူငွေ့ရှိ သော အစားအသောက်များကို ရေခဲသေတ္တာ ထဲသို့ထည့်၍ သိမ်းဆည်းမည်ဆိုပါက အပြင်မှာ အအေးခံပြီးမှ သိမ်းဆည်းသင့်ပါ သည်။ အချို့သော အရည်များကို အဖုံးပါသော ဘူး၊ ခွက်တို့ဖြင့် ထည့်ခြင်းကလည်း အငွေ့ပြန် ခြင်းကြောင့် ရေခဲသေတ္တာ အလုပ်များများ လုပ်ရပြီး လျှပ်စစ်စွမ်းအင်ကုန်ကျစေခြင်းမှ ကာကွယ်ရာရောက်ပါသည်။ ထို့ပြင် အေးခဲ သောအရာများအား အရည်ပျော်ရန် ပြုလုပ် ရာတွင်လည်း အပြင်သို့ထုတ်ထားခြင်းထက် ရေခဲသေတ္တာ၏ သာမန်အအေးခန်း (ရေမခဲ သောအခန်း)တွင် ခေတ္တမျှထားပြီး ပျော်စေ ခြင်းက ၎င်း၏အအေးဓာတ်နှင့်ပင် အခြား အရာများကိုပါ အေးစေနိုင်ပြီး ရေခဲသေတ္တာ ၏ လျှပ်စစ်စွမ်းအင်သုံးစွဲမှုကို လျှော့ချပေး နိုင်ပါသည်။
• အစားအသောက် ချက်ပြုတ်ရန်အတွက် လျှပ်စစ်မီးဖိုဖြင့် အသုံးပြုသည်ဆိုလျှင် တစ်မျိုးပြီးတစ်မျိုး ဆက်တိုက်ချက်ပြုတ် နိုင်ရန် အဆင်သင့် စီစဉ်ထားသင့်ပါသည်။ ဤနည်းက အချိန်ကုန် သက်သာစေရုံမျှမက လျှပ်စစ်ယူနစ်ကို ချွေတာရာရောက်ပါသည်။
• စားခါနီးမှ အပူပြန်နွှေးခြင်းနှင့် ပမာဏ အနည်းငယ်ကို ချက်ပြုတ်ခြင်းတို့အတွက် microwave သို့မဟုတ် induction cooker များဖြင့်သာ ပြုလုပ်သင့်ပါသည်။ ထိုပစ္စည်းများသည် လျှပ်စစ်စွမ်းအင်ကို ပိုမိုသုံးစွဲနိုင်သော်လည်း မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်ခြင်းကြောင့် လျှပ်စစ်မီးဖို နှင့်ယှဉ်လျှင် စွမ်းအင်ကို ပိုမိုချွေတာနိုင်ပါ သည်။
• အကင်စက်ကို အသုံးပြုမည်ဆိုလျှင်လည်း ကြိုတင်မီးဖွင့်ထားခြင်းနှင့် အဖုံးကိုအချိန် ကြာမြင့်စွာ ဖွင့်ထားခြင်းမျိုးကို ရှောင်ကြဉ် သင့်ပါသည်။
• ကော်ဖီ၊ လက်ဖက်ရည်သောက်သုံးလို၍ ရေနွေးတည်သောအခါတွင် ရေကိုလိုအပ် သောပမာဏထက် ပိုမတည်သင့်ပေ။ ပမာဏများလေ လျှပ်စစ်စွမ်းအင်သုံးစွဲရန် ပိုလိုအပ်လေဖြစ်သောကြောင့် ၎င်းအချက် သည်လည်း စွမ်းအင်ချွေတာခြင်းအတွက် လိုအပ်ပါသည်။ သို့မှသာ မိမိသုံးစွဲသော ပစ္စည်းများ၏ အရည်အသွေးကို ကြာရှည်စွာထိန်းသိမ်းအသုံးပြုနိုင်ပြီး လျှပ်စစ်စွမ်း အင်ကိုလည်း ချွေတာရာရောက်မည်ဖြစ်ပါ သည်။
• ယနေ့မြန်မာနိုင်ငံတွင် လူတန်းစေ့နီးပါး လက်ကိုင်ဖုန်းများကို သုံးစွဲနိုင်ပြီဖြစ်ရာ ဖုန်းများအားသွင်းရာ၌ ဘက်ထရီမီး အားပြည့်ပြီဖြစ်သော်လည်း ဆက်လက် အားသွင်းနေခြင်းက လျှပ်စစ်မီတာ ပိုကုန် သည့်အပြင် ဖုန်း၏ခံနိုင်ရည်အား ကျဆင်း တတ်ပါသည်။ အခန့်မသင့်ပါက ဖုန်းမီး လောင်ခြင်း၊ ထိုမှတစ်ဆင့် အိမ်မီးလောင် သည်အထိ မီးဘေးအန္တရာယ်ဖြစ်စေသော သာဓကများစွာ ရှိပါသည်။ v စာမျက်နှာ ၁၈ မှ
မီတာခသက်သာစေမည့် အဲကွန်းဖွင့်နည်း
ရုပ်ဝတ္ထုပစ္စည်းများ ဆန်းသစ်လာသည်နှင့်အမျှ လူသားတို့၏ တောင့်တချက်များကလည်း မဆုံးနိုင် ဖြစ်နေကြသည်။ ကမ္ဘာကြီးပူနွေးလာသည့် အလျောက် အဲကွန်းလေအေးပေးစက်များက ရှေးခေတ်ကလို ဇိမ်ခံပစ္စည်းသက်သက် မဟုတ် တော့ဘဲ မရှိမဖြစ် အိမ်သုံးပစ္စည်းတစ်ခုအဖြစ် နေရာ ယူနေပါသည်။ အဲကွန်းထိန်းကိရိယာ (Aircon Remote Control)က အပူချိန်ကို အနိမ့်ဆုံးဖြစ် စေသည့် ၁၆ သို့မဟုတ် ၁၈ ဒီဂရီတွင်ထားလျှင် ၂၅ ဒီဂရီမှာ ထားခြင်းထက် ပိုအေးသောလေများ ထွက်ရှိလာပါလိမ့်မည်။ ထိုအခါ အခန်းလည်း လျင်လျင်မြန်မြန် ပိုအေးလိမ့်မည်ဟု လူအများစုက ထင်တတ်ကြပါသည်။ ဤအတွေး လုံးဝမမှန်ပါ။ အမှန်စင်စစ် အဲကွန်းက ထွက်လာသည့်လေသည် Remote Control သုံး၍ မိမိချိန်ညှိထားသော အပူချိန်နှင့် မသက်ဆိုင်ဘဲ တစ်သမတ်တည်းသာ ဖြစ်ပါသည်။
ယနေ့ခေတ် သုံးနေကြသော Split Type Aircon များတွင် Indoor Unit နှင့် Outdoor Unit ဟူ၍ နှစ်ပိုင်းပါရှိသည်။ Indoor Unit ထဲရှိ Evaporator က အခန်းတွင်းလေထုထဲရှိ ရေငွေ့များ ကို ဖယ်ရှားပေးပါသည်။ Outdoor Unit ထဲရှိ Compressor နှင့် Condenser တို့က လေထဲက အပူကိုဖယ်ရှားပြီး လေကိုအေးမြအောင် လုပ်ပေးပါ သည်။ ဥပမာ အိမ်အပြင်မှာ ၃၅ ဒီဂရီရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ ဒီဂရီ ချိန်ညှိထားပါက ၎င်း ၂၅ ဒီဂရီသို့ မရောက်မချင်း အဲကွန်း၏ Indoor Unit က အခန်းတွင်းရှိ လေထုကို စုပ်ယူလိုက်၊ Outdoor Unit က လေထဲက ရေငွေ့နှင့်အပူတို့ကို ဖယ်ရှားပြီး အေးမြသောလေကို အခန်းတွင်းသို့ ပြန်မှုတ်သွင်းလိုက် တစ်လှည့်စီ မှန်မှန်ပြုလုပ် ပေးခြင်းဖြင့် အခန်းတွင်းက အပူချိန်ကို တဖြည်း ဖြည်းကျဆင်းသွားကာ အေးမြလာစေပါသည်။ ဤနည်းဖြင့် အခန်းတွင်းအပူချိန်ကျဆင်းလာကာ သုံးစွဲသူ သတ်မှတ်ထားသော အပူချိန်ကိုရောက်သည့် အခါ အဲကွန်းစနစ်က အလိုအလျောက် ခေတ္တရပ်ပေး ပါသည်။ ထို့နောက် အခန်းတွင်းအပူချိန်က ၂၅ ဒီဂရီ အထက် ပြန်မြင့်တက်လာသောအခါမှ အဲကွန်းက အလုပ်ပြန်လုပ်ပေးပါသည်။
၎င်းဖြစ်စဉ်ကို လေ့လာကြည့်ပါ။ အိမ်ပြင် ဘက်က ၃၅ ဒီဂရီ အပူချိန်ကိုရှောင်သည့်အနေဖြင့် မိမိအိမ်တွင်းမှာ အေးမြလာစေရန် Aircon Remote Control တွင် ၂၅ ဒီဂရီထားသူနှင့် ၁၆ ဒီဂရီ ထားသူ များတွင် ဓာတ်အားသုံးစွဲမှုချင်း မတူတော့ပေ။ အခန်းတွင်းအပူချိန်ကို ၁၆ ဒီဂရီ အထိချထားခြင်း က အဲကွန်းလုပ်ဆောင်ချက်အတွက် ခက်ခဲသည့် အပြင် ၎င်းအနေအထားသို့ မရောက်မချင်း အဲကွန်းက မနားတမ်းအလုပ်လုပ်ရသဖြင့် လျှပ်စစ် မီတာခ အလွန်ကုန်ကျပါသည်။ ထို့ပြင် အဲကွန်း စက်အတွက် ဝန်ပိစေပြီး သုံးစွဲနိုင်သော သက်တမ်း တိုတောင်းစေ (ပျက်လွယ်)ပါသည်။ ကျန်းမာရေး ရှုထောင့်က ကြည့်လျှင်လည်း အခန်းအပူချိန် ၁၆ ဒီဂရီက အိမ်အပြင်ဘက် အပူချိန် ၃၅ ဒီဂရီနှင့် နှစ်ဆခန့် ကွာဟနေသဖြင့် အိမ်တွင်းမှ အိမ်ပြင်သို့ အဝင်အထွက်ပြုလုပ်သည့်အခါ အလွန်အေး၊ အလွန် ပူသော ခံစားချက်တို့က လူကို သွေးခုန်နှုန်း မြန်ဆန်ကာ ဦးခေါင်းကိုက်ခဲစေပြီး ဆိုးရွားသော အခြေအနေမျိုးတွင် ရှော့ခ် (Shock) သတိလစ်ခြင်း ကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အဲကွန်းကို အအေး ဆုံးဒီဂရီထားခြင်းက မီတာခအလွန်များခြင်း၊ စက်ပျက်လွယ်ခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများကို ပေးပါသည်။ ထိုနည်းတူစွာပင် ပန်ကာ၏ လေတိုက် နှုန်းကိုခလုတ်ကို အဆုံးအထိမြှင့်ထားခြင်းကလည်း ဘေးထွက်ဆိုးကျိုး များစေပါသည်။
အချုပ်အားဖြင့်ဆိုသော် လူမှုဘဝများ ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အီလက်ထရွန်နစ် များ တိုးမြှင့်သုံးစွဲလာကြရာ တစ်ဖက်တွင်လည်း အသုံးမတတ်ပါက အဖြုန်းဖြစ်စေပါသည်။ နိုင်ငံ တော်က ကျေးလက်ဒေသများပါမကျန် လျှပ်စစ်မီး ရရှိစေရန်၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် စားသုံးသူများ ဘေးအန္တရာယ် လုံခြုံစိတ်ချမှုရှိစေရန် စည်းမျဉ်းစည်းကမ်းများ ထိထိရောက်ရောက် ရေးဆွဲဆောင်ရွက်သော်လည်း အဓိကမှာ ပြည်သူ များဖြစ်သည်။ လျှပ်စစ်နှင့် အီလက်ထရွန်နစ် ပစ္စည်းများ သုံးစွဲကြရာ၌ ဘေးအန္တရာယ်ကင်းပြီး လုံခြုံစိတ်ချမှုရှိသော ပစ္စည်းများရွေးချယ်သုံးစွဲရေးနှင့် စည်းကမ်းစနစ်ကျ၍ အားလုံးသတိပြုသုံးစွဲ ကြမှသာ နေ့စဉ်လူနေမှုဘဝတွင် ဘေးအန္တရာယ် ကင်းပြီး စိတ်ချမ်းသာစွာ နေနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အိမ်ထောင်စုတိုင်းက လျှပ်စစ်ပစ္စည်းများ ကို လိုအပ်မှသုံး ချွေတာသုံး ဘေးကင်းလုံခြုံမှုသတိရှိ ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
- Log in to post comments