
ကိုရေချမ်း
နိုင်ငံ့ဝန်ထမ်းအများစုဟာ အလုပ်တစ်ခုခုကို စတင် ဝင်ရောက်လုပ်ကိုင်တဲ့အချိန်ကစလို့ အသက် ၆၀ သက်ပြည့်အငြိမ်းစားယူတဲ့အချိန်အထိ မိမိတို့ရဲ့ဘဝ သက်တမ်းတစ်လျှောက် နှစ်ပေါင်းများစွာ လုပ်ငန်းခွင် ထဲမှာပဲ ပျော်ရွှင်စွာ အချိန်ကုန်ခဲ့ကြပါတယ်။ မိမိတို့ သန်ရာ သန်ရာလုပ်ငန်းနယ်ပယ်တွေမှာ နိုင်ငံနဲ့ ပြည်သူ အတွက် ထူးထူးခြားခြား ဆောင်ရွက်ပေးခဲ့ရတာတွေ၊ ရာထူးအဆင့်ဆင့် တိုးမြှင့်ပြောင်းလဲလာရတဲ့ ဘဝအဖုံဖုံ တွေဟာ ဂုဏ်ယူစရာ၊ ဝမ်းမြောက်စရာ၊ ပျော်ရွှင်စရာတွေ ဖြစ်ပါတယ်။ ဝန်ထမ်းတွေဟာ ခက်ခဲကြမ်းတမ်းမှုတွေ၊ ပြဿနာတွေနဲ့လည်း ကြုံတွေ့တတ်ကြပါတယ်။
ဝန်ထမ်းတွေရဲ့ လူမှုဘဝအခြေအနေ
ဝန်ထမ်းတွေရဲ့ ဘဝတစ်လျှောက်မှာ မမေ့နိုင်စရာ အဖြစ်တွေ ရှိကြမှာပါ။ ဝန်ထမ်းဘဝအတွင်း ကိုယ့်အလုပ် မှာ ကြိုးစားအားထုတ်ခဲ့ရတာတွေ၊ စိန်ခေါ်မှုတွေဟာ ဝန်ထမ်းတွေရဲ့ဘဝကို တစ်ဆင့်ထက်တစ်ဆင့် ပြောင်းလဲ တိုးတက်စေခဲ့တဲ့ ခွန်အားတွေလို့ ပြောရမှာဖြစ်ပါတယ်။ ဒါတွေဟာ ဝန်ထမ်းတွေရဲ့ လူမှုဘဝအခြေအနေ ဖြစ်ပါ တယ်။ ဝန်ထမ်းလောကကို ကိုယ်ပိုင်နိုင်ငံရေးအမြင် အနေနဲ့ပြောမယ်ဆိုရင် ဝန်ထမ်းအဖြစ် စတင်အမှုထမ်းတဲ့ အချိန်ကစလို့ ဝန်ထမ်းကာလတစ်လျှောက်မှာ နိုင်ငံရေး စနစ်တွေ၊ အစိုးရအုပ်ချုပ်မှုစနစ်တွေ တစ်ခုပြီးတစ်ခု ဘယ်လိုပဲပြောင်းလဲခဲ့သော်လည်း မပြောင်းမလဲဘဲ အမြဲရှိနေတာက ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်လို့ ဂုဏ်ယူ ပြောကြ ဆိုကြပါတယ်။ ဒါဟာ ဝန်ထမ်းတွေ ပါတီ နိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့အချက်ကြောင့် ဝန်ထမ်း ဟာ အစဉ်အမြဲရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။
အကယ်၍ ဝန်ထမ်းတွေ ပါတီနိုင်ငံရေးမှာ ပါဝင် ပတ်သက်ခဲ့လို့ရှိရင် အလုပ်တာဝန်ကို စွန့်လွှတ်ရတာ ဖြစ်ဖြစ်၊ အနားပေးတာဖြစ်ဖြစ်၊ တာဝန်မှ ရပ်ဆိုင်းခံရတာ ဖြစ်ဖြစ် တစ်ခုခု ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့သာဓက တွေကို ၁၉၈၈ ခုနှစ် ဆန္ဒပြမှုဖြစ်စဉ်တွေမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ဝန်ထမ်းတွေ ကြုံခဲ့ရတဲ့အဖြစ်တွေက ကိုယ်တွေ့ဖြစ်ပါတယ်။ ယခုအခါ မြန်မာနိုင်ငံမှာ နိုင်ငံရေး ယဉ်ကျေးမှုအပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အပြောင်းအလဲကို လက်မခံတဲ့ပြည်သူတွေဟာ လမ်းမ ပေါ်ထွက် ဆန္ဒထုတ်ဖော်လာကြပါတယ်။ အခုဆိုရင် ဆန္ဒပြတာ ရက်သတ္တတစ်ပတ်ကျော် နှစ်ပတ်ပင် ရှိလာခဲ့ပါပြီ။ စည်းကမ်းတကျ ဆန္ဒပြကြတာတွေရှိသလို စည်းမဲ့ကမ်းမဲ့ဆန္ဒပြကြတာတွေလည်း တွေ့ရပါတယ်။
ယနေ့ဆန္ဒထုတ်ဖော်ကြတာတွေဟာ ယခင့်ယခင် မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ ဆန္ဒပြတာတွေနဲ့ မတူတော့တာ ကိုတော့ သတိပြုမိကြမှာ ဖြစ်ပါတယ်။ ဆန္ဒပြနည်းတွေ၊ နည်းဗျူဟာတွေကို ပြည်တွင်း/ ပြည်ပက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေက လူမှုကွန်ရက်တွေပေါ်ကနေ၊ ဆိုရှယ်မီဒီယာတွေကနေ နိုင်ငံတော်ယန္တရား ပျက်ပြား အောင်၊ နိုင်ငံတည်ငြိမ်အေးချမ်းမှု ပြိုပျက်အောင် အချိန်ကိုက် အချက်ပေးတဲ့နည်းဗျူဟာတွေကို အွန်လိုင်း ပေါ်ကနေ လုပ်ခိုင်းလာတာ တွေ့ရမှာဖြစ်ပါတယ်။ အခု သုံးနေတဲ့ နည်းဗျူဟာကတော့ Civil Disobedience Movement (CDM) လို့ခေါ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ အလုပ် မတက်/ရုံးမတက်နဲ့ လှုပ်ရှားမှုနဲ့ ပြည်သူတွေကို နေအိမ်နေရာတွေကနေ သံပုံးတီးအချက်ပေးရေးတွေ လုပ်လာကြဖို့ လှုံ့ဆော်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီကို လိုလားတဲ့သူတွေအနေနဲ့ ဒီနည်းနှစ်မျိုးစလုံး ဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့ ညီရဲ့လား၊ မညီဘူးလားဆိုတာ ကို ဆန်းစစ်ကြည့်နိုင်ပါတယ်။
ဒီမိုကရေစီဆိုတာမှာ လွတ်လပ်စွာသဘောကွဲလွဲခွင့် ရှိတယ်ဆိုတဲ့ အချက်တစ်ချက်လည်း ပါဝင်ပါတယ်။ ဝန်ထမ်းလောကက ညီလေးတွေ၊ ညီမလေးတွေ ဆန္ဒပြပွဲ တွေမှာ ပါဝင်လာကြတာတွေဟာ ပါတီနိုင်ငံရေးနဲ့မကင်း သော်လည်းပဲ ကိုယ်ပိုင်စိတ်ခံစားချက်နဲ့ ကိုယ်တိုင် စိတ်ဆန္ဒနဲ့ ပြုလုပ်ကြတာကို နားလည်ပေးနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို အပြစ်မဆိုလိုပါဘူး။ ဒါပေမယ့် အခုလိုလမ်းပေါ်ထွက် ဆန္ဒပြကြတဲ့ဝန်ထမ်းတွေရဲ့ ပါဝင်မှုရာခိုင်နှုန်းဟာ အရေအတွက်အနည်းငယ်သာ ရှိပါ တယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ အားလုံးမှာ ဆန္ဒပြတဲ့အထဲမှာ မပါဝင်လိုသူတွေရှိသလို နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေပြီး ကိုယ့်အလုပ်ကိုယ်လုပ် လိုတဲ့ဝန်ထမ်းတွေလည်း အများအပြားရှိကြပါတယ်။
ဒါပေမယ့် ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံ တွေ သံပြိုင်ဟစ်ကြွေးပြီး အေးချမ်းစွာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ၊ အခက်အခဲတွေကြားထဲက ပြည်သူလူထု အကျိုးအတွက် ဝန်ဆောင်မှုပေးလိုတဲ့ဝန်ထမ်းတွေ၊ ပြည်သူ လူထုကို ကူညီစောင့်ရှောက်ပေးနေတဲ့ဝန်ထမ်းတွေ အလုပ် ဆက်လက်မလုပ်နိုင်အောင် စည်းရုံးတာ၊ ဖိအားပေးတာ၊ အနှောင့်အယှက်ပေးတာတွေ၊ ခြိမ်းခြောက်တာတွေကို ပြုလုပ်တာကတော့ လုံးဝ မဖြစ်သင့်ပါဘူး။ အထူးသဖြင့် ပြည်သူလူထုရဲ့ ကျန်းမာရေးကို နေ့စဉ် နဲ့အမျှ စောင့်ရှောက်မှုပေးနေတဲ့ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေကို အလုပ်ဆက်မလုပ်နိုင်အောင် လုပ်ကြ တာဟာ စိတ်မကောင်းစရာပါ။ တကယ်တော့ ပြည်သူ့ ဆေးရုံတွေဆိုတာဟာ လူထုလူတန်းစားပေါင်းစုံ မှီခို အားထားရာ၊ အထူးသဖြင့် သာမန်လူလတ်တန်းစားတွေ၊ ငွေကြေးမတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေ မှီခို အားထားရာ ဝန်ဆောင်မှုပေးတဲ့နေရာ ဖြစ်ပါတယ်။
ကျန်းမာရေးစောင့်ရှောက်ကုသမှု
ပြည်သူတွေအပေါ် စေတနာမေတ္တာအပြည့်အဝနဲ့ ကျန်းမာရေးစောင့်ရှောက်ကုသမှု မပေးနိုင်အောင် စည်းရုံး တာ၊ ဟန့်တားတာ၊ နှောင့်ယှက်ကြတာဟာ ဆင်းရဲနွမ်းပါး တဲ့ပြည်သူတွေ ပိုမိုဒုက္ခရောက်စေပါတယ်။ ကနေ့ လမ်းပေါ် ထွက် ဆန္ဒပြကြတဲ့ ဝန်ထမ်းအချို့ဟာ စိတ်ခံစားချက်ကြောင့် ဖြစ်လာကြတာပါ။ အများအားဖြင့် ငယ်ရွယ်သူတွေ များကြပါတယ်။ အချို့လည်း မတတ်သာလို့၊ အများလုပ်လို့ လိုက်ပါလုပ်ကြရတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ကြ တဲ့အခါမှာ သက်ကြီး၊ ဝါကြီး၊ ပညာကြီးတဲ့ ဝန်ထမ်းတွေပါ ထိခိုက်ခံစားရပါတယ်။ ငယ်ရွယ်တဲ့ဝန်ထမ်းတွေက အသက် အရွယ် ဂုဏ်ကြီးတဲ့ဝန်ထမ်းတွေကို စည်းရုံးတာ၊ ဖိအား ပေးတာ၊ အကျပ်ကိုင်တာတွေဟာ စိတ်မကောင်းစရာပါပဲ။
နိုင်ငံ့ဝန်ထမ်းလုပ်ငန်းတွေဆိုတာဟာ ပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်ဖို့၊ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံ့အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ တိုင်းပြည် ဘယ်လိုအခြေအနေ ရောက်နေ ပါစေ ပြည်သူပြည်သားတွေရဲ့ လိုအပ်ချက်တွေကို နေ့စဉ်နဲ့အမျှ ဆောင်ရွက်ပေးရမယ့် လုပ်ငန်းအဖွဲ့အစည်း တွေ ရှိပါတယ်။ ဥပမာအားဖြင့် ဆေးရုံ၊ မီးသတ်၊ လုံခြုံရေး၊ သတင်း စတဲ့ဌာနတွေဟာ ပြည်သူပြည်သား အကျိုးစီးပွားအတွက် နေ့စဉ်တာဝန်မပျက် ဆောင်ရွက် ပေးကြရမယ့် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အကယ်၍ ဒီလုပ်ငန်း၊ အဖွဲ့အစည်းတွေ လုပ်ကိုင်ဆောင်ရွက်နိုင် တာမရှိရင် ဦးစွာလက်တွေ့ခံစားကြရမယ့်သူတွေဟာ ပြည်သူ ပြည်သားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေ အနေအကြောင်းကြောင်းကြောင့် ဝန်ထမ်းလောကမှာ ဆန္ဒပြတာတွေ ရှိလာပေမယ့်လည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေ မထိခိုက်စေဖို့၊ မပျက်စီးစေဖို့ အထူး လိုအပ်ပါတယ်။
ယနေ့လက်ရှိမှာဆိုရင် နိုင်ငံ့ဝန်ထမ်းတွေ လုပ်ငန်း ခွင်တွေကို မဝင်ရဲအောင်၊ အလုပ်တွေ မဖွင့်နိုင်အောင် ဝန်ထမ်းဟုတ်သူတွေရော၊ မဟုတ်သူတွေကပါ ဝိုင်းဝန်း ဆန္ဒပြတာ၊ ဖိအားပေးတာ၊ အကျပ်ကိုင်တာတွေ နေ့စဉ် နဲ့အမျှ ပြုလုပ်လာကြတာကို တွေ့မြင်ရပါတယ်။ ဒါဟာ ဝန်ထမ်းသက်သက်ရဲ့ စိတ်ဆန္ဒလို့ဆိုတာထက် ဝန်ထမ်း မဟုတ်တဲ့ နိုင်ငံရေးဘေးပယောဂတွေကြောင့် ဖြစ်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဝန်ထမ်း စည်းမျဉ်း စည်းကမ်း၊ ဝန်ထမ်းဥပဒေအရရော ရာဇဝတ်ဥပဒေအရပါ ဖောက်ဖျက်ကျူးလွန်တဲ့ လုပ်ရပ် တွေအထိ ဖြစ်လာကြတာကို တွေ့ရပါတယ်။
ဒီမိုကရေစီကျင့်စဉ်အရ လူတိုင်းဟာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီလွတ်လပ်ခွင့်ဟာ သူတစ်ပါးကို မထိခိုက်စေရပါ။ မထိပါး စေရပါ။ မိမိနဲ့ သဘောထားအယူအဆ မတူသူ ကိုလည်း သဘောကွဲလွဲခွင့် ပေးရပါတယ်။ မတားဆီးရ၊ မထိပါးရပါ။ သို့သော်လည်း ယခုအခါ ဒီမိုကရေစီကို အကြောင်းပြုပြီး အေးချမ်းစွာနေလိုသူတွေ၊ နိုင်ငံ့ ဝန်ထမ်းတွေကို အွန်လိုင်းပေါ်မှ သွေးထိုးလှုံ့ဆော်တာ၊ အုပ်စုဖွဲ့အတင်းအကျပ်ပြုတာ၊ နှောင့်ယှက်တာ၊ ခြိမ်းခြောက်တာအထိ ဥပဒေကို ချိုးဖောက်လာတာတွေ တွေ့ရပါတယ်။ ဒီမိုကရေစီကျင့်သုံးမှုအရ စည်းကမ်း နဲ့အညီ ဆန္ဒဖော်ထုတ်လို့ ရပါတယ်။ စည်းကမ်း ဖောက်ဖျက်ရင်တော့ ဒီမိုကရေစီလည်း ပျက်စီးနိုင်ပါတယ်။
ယခုလို မသမာသူတွေရဲ့ သွေးထိုးမှုတွေ၊ ဖိအား ပေးမှုတွေ၊ နှောင့်ယှက်မှုတွေ၊ အခက်အခဲတွေကြားက နိုင်ငံတော်နဲ့ ပြည်သူအပေါ် သစ္စာရှိရှိ စေတနာထားပြီး ပြည်သူလူထုအကျိုးစီးပွားအတွက် တာဝန်ကျေပွန် အောင် ထမ်းရွက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကျေးဇူး တင်ရပါတယ်။ လုပ်ငန်းခွင်က ကင်းကွာနေတဲ့ နိုင်ငံ့ ဝန်ထမ်းတွေအနေနဲ့လည်း မိမိတို့ရဲ့စိတ်ခံစားချက်ကို ဦးစားမပေးဘဲ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဦးစား ပေးပြီး မိမိတို့ရဲ့လုပ်ငန်းခွင်တွေဆီကို အမြန်ဆုံး ပြန်လာကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ယခုအခါမှာ နိုင်ငံ့ဝန်ထမ်းလောကတွင် ဖြစ်စေ၊ ပြည်သူလူထုကြားတွင်ဖြစ်စေ ဖိအားပေးခြိမ်းခြောက် ခံရသူတွေ၊ အခွင့်အရေးထိပါး နှောင့်ယှက်ခံရသူတွေကို ဥပဒေကြောင်းအရ ကုစားပေးနိုင်ရေးနဲ့ ထိပါးနှောင့်ယှက် သူတွေကို ဥပဒေအရ ထိရောက်စွာအရေးယူဖို့ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ဖိအား ပေး ခြိမ်းခြောက်တဲ့လုပ်ရပ်တွေဟာ ဥပဒေနဲ့ဆန့်ကျင် သလို မိမိတို့ရဲ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ကျင့်သုံးခြင်းဆိုင်ရာ မူသဘောတရားတွေနဲ့လည်း ဆန့်ကျင်နေပါတယ်။
ဒါကြောင့် ဒီမိုကရေစီကို မြတ်နိုးပါလျှင် လွတ်လပ် စွာ သဘောကွဲလွဲခွင့်ပေးစေချင်ပါတယ်။ သူတစ်ပါး ဆန္ဒ၊ တစ်ပါးသူဘဝတွေကိုလည်း မထိခိုက်စေဖို့ လိုပါတယ်။ နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ကြဉ်း ပေးမယ့် ဒီမိုကရေစီလည်း ဖြစ်သင့်ပါတယ်။ ။
- Log in to post comments