လွတ်လပ်ရေးအမွေ အဓွန့်ရှည်တည်တံ့စေလို

Type
1

 

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဂုဏ်ပြုဆောင်းပါး

 

 မောင်သောင်းဝင်း (တမန်ဟောင်း)
 

 

‘‘လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ်ရေးရနိုင်လောက်တဲ့ စည်းကမ်းကိုရှိကြပါ။ လွတ်လပ်ရေးကို လိုချင်လို့ရှိရင် လွတ်လပ်ရေးကို ရနိုင်တဲ့ညီညွတ်မှုကို ထိန်းသိမ်းထားပါ။ လွတ်လပ်ရေးကိုလိုချင်ရင် လွတ်လပ် ရေးကိုရနိုင်တဲ့ ထူထောင်မှုကိုလုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့နောက် ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစား စံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်းကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကို အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ကနေ့ ပြောခဲ့ချင်တယ်’’ ဟုဆိုကာ လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက  ဇူလိုင်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမကြီး၌ ပြုလုပ်သည့် ပြည်သူ့အစည်းအဝေးကြီး၌ တိုင်းသူပြည်သားများအား တိုက်တွန်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်သည် လွတ်လပ်ရေးကိုတန်ဖိုးထားတတ်စေရန် စေတနာထားပြောကြား ခဲ့ခြင်းဖြစ်သည်။

 

တွန်းလှန်တိုက်ခိုက်ခဲ့


မြန်မာနိုင်ငံသည် ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်တွင် ကိုယ့်ထီး၊  ကိုယ့်နန်း၊  ကိုယ့်ကြငှန်းဖြင့်  ကမ္ဘာ့အလယ်၌ ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့သည်။ သို့ရာတွင် ကုန်းဘောင်ခေတ် နှောင်းပိုင်းကာလ ၁၈၈၆ ခုနှစ် ဇန်နဝါရီ  ၁ ရက် နေ့တွင်        အင်္ဂလိပ်နယ်ချဲ့တို့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ကိုလိုနီတို့သည် ၁၈၂၄ ခုနှစ် ကတည်းက အောက်မြန်မာနိုင်ငံကို    စတင်ကျူး ကျော်  သိမ်းပိုက်ခဲ့သဖြင့် သူ့ကျွန်ဘဝကျရောက် ခဲ့ရသည်မှာ  နှစ်ပေါင်း  ၁၂ဝ  ကျော် ကြာမြင့်သည်။ ထိုအချိန်က နိုင်ငံသားအားလုံး၏ အိပ်မက်များ    ပျောက်ဆုံးခဲ့ရသည်။   နယ်ချဲ့တို့၏  ညှဉ်းပန်းနှိပ် စက်ကုပ်သွေးစုပ်မှုကို အလူးအလဲခံခဲ့ ကြရသည်။ ပင်ပန်းကြမ်းတမ်းသော ကာလများပင် ဖြစ်သည်။

 


အချုပ်အခြာအာဏာပိုင်နိုင်ငံ


မည်သို့ပင်ဆိုစေကာမူ  တိုင်းရင်းသားပြည်သူ များသည်  ရရာလက်နက်စွဲကိုင်ပြီး  နယ်ချဲ့တို့ကို တော်လှန်ခဲ့ကြသည်။ နယ်ချဲ့ကိုတော်လှန်လိုသည့် စိတ်ဓာတ်နှင့်လွတ်လပ်ရေးရယူလိုသော စိတ်ဓာတ် ကိုမူ   လုံးဝမစွန့်လွတ်ခဲ့ပေ။   အခွင့်အရေးရလျှင်ရ သလို    တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် ၁၉၂ဝ ပြည့်လွန် နှစ်များမှစ၍ လူငယ်များအကြား တွင်  မျိုးချစ်စိတ်ဓာတ်   ပိုမိုပြင်းထန်လာခဲ့သည်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး စသည့်အသင်းကြီးများဖွဲ့စည်းကာ လှုပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့်   အမျိုးသားရေးလှုပ်ရှားမှုများဖြစ် သည့်  တောင်သူလယ်သမား၊   အလုပ်သမားနှင့် ၁၃ဝဝ   ပြည့်အရေးတော်ပုံများ  ဆက်တိုက်ပေါ် ပေါက်လာခဲ့သည်။  အထူးသဖြင့် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီအင်န်အေ၊ ပီဘီအက်(ဖ်) တပ်မတော် များနှင့်အတူ နယ်ချဲ့ကိုလိုနီများနှင့် ဖက်ဆစ်ဂျပန် တို့ကို   မြန်မာ့မြေပေါ်မှ    အမြစ်ပြတ်   ချေမှုန်း တိုက်ထုတ်နိုင်ခဲ့သည်။ ထို့ကြောင့်  ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ  ၄  ရက်တွင်  လွတ်လပ်သည့်အချုပ် အခြာအာဏာပိုင်နိုင်ငံအဖြစ်    တည်တည်တံ့တံ့ ပြန်လည်ရပ်တည်နိုင်ခဲ့သည်။

 


လွတ်လပ်ရေးရရှိခဲ့သော်လည်း


မြန်မာနိုင်ငံသည်   လွတ်လပ်ရေးရရှိခဲ့သော် လည်း တိုင်းရင်းသားအချို့သည်  နယ်ချဲ့ကိုလိုနီတို့ ၏ ဝါဒမှိုင်းမိခဲ့ကြသည်။ ပြည်ထောင်စုဖွားတိုင်းရင်း သားညီအစ်ကိုများအကြား  စိတ်ဝမ်းကွဲပြီး တစ်ဦး နှင့်တစ်ဦး    သံသယဝင်ကာ   လက်နက်စွဲကိုင် တိုက်ခိုက်ခဲ့ကြသည်။  အချို့သော တိုင်းရင်းသား များသည် လက်ရှိအချိန်အထိ လက်နက်စွဲကိုင်နေ  ဆဲပင်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် တစ်နိုင်ငံ လုံး     လွှမ်းခြုံသော  ငြိမ်းချမ်းရေးကို   အပြည့်အဝ တည်ဆောက်နိုင်ခြင်းမရှိသေးဘဲ   အချို့သော ဒေသများတွင်   သေနတ်သံများကြားနေရဆဲပင် ဖြစ်သည်။  စစ်ညောင်းကြာရှည် မြန်မာပြည်ဖြစ်နေ သည်။ ဝမ်းနည်းဖွယ်ရာပင် ဖြစ်သည်။

 


ဆိုရလျှင်   တိုင်းရင်းသားစည်းလုံးညီညွတ်မှု သည်  နိုင်ငံတစ်နိုင်ငံ၏လွတ်လပ်ရေး  အဓွန့်ရှည် တည်တံ့ခိုင်မြဲနေစေရန်အတွက်     အသက်တမျှ အရေးပါလျက်ရှိသည်။ စည်းလုံးညီညွတ်မှု   ချည့်နဲ့ လာသောနိုင်ငံသည် အဘက်ဘက်မှအနုတ်လက္ခဏာဆောင်လာမည်ဖြစ်သည်။ ထို့အပြင် စည်းလုံး ညီညွတ်မှုပြိုကွဲလျှင်     နိုင်ငံလည်း    အစိတ်စိတ် အမြွှာမြွှာပြိုကွဲသွားနိုင်ပေသည်။  တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည်  နိုင်ငံတစ်နိုင်ငံတိုးတက် ရေးအတွက်  မောင်းနှင်အားတစ်ရပ်ပင်ဖြစ်သည်။  ထို့ကြောင့်   တိုင်းရင်းသားညီအစ်ကိုများအကြား   သံသယများဖယ်ရှားကာ ထာဝရငြိမ်းချမ်းရေးရရှိ အောင်    တည်ဆောက် သွားရန် လိုအပ်မည်ဖြစ်သည်။

 


စစ်ရေးဆိုင်ရာလှုပ်ရှားမှုများရပ်ဆိုင်း


မြန်မာနိုင်ငံတွင်  တာဝန်ထမ်းဆောင်ခဲ့သော အစိုးရအဆက်ဆက်သည် တိုင်းပြည်ငြိမ်းချမ်းရေးကိုထုဆစ်ပုံဖော်ခဲ့ကြသည်။ ၂ဝ၁၅ ခုနှစ် အောက်တို ဘာလ ၁၅ ရက်တွင် အစိုးရနှင့်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့တို့ကြား   တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ရေး ထိုးနိုင်ခဲ့သည်။  ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်း    မွန် ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့သည် NCA တွင်   ပါဝင် လက်မှတ်ရေးထိုးခဲ့သဖြင့် လက်ရှိ အချိန်တွင်  NCA   လက်မှတ်ရေးထိုးထားသည့်     တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့အထိ  ရှိနေပြီဖြစ်သည်။  တပ်မတော်သည်   NCA      လက်မှတ် ရေးထိုးရန်       ကျန်ရှိနေသည့်     တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများအားလုံးနှင့်     ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက်  စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှ ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ  ၁၂  ရက်အထိ ရပ်ဆိုင်းပေးထားသည်။      ထိုကာလ အတွင်း   သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်  ပုဂ္ဂိုလ် များအနေဖြင့်        ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ    အမှန်တကယ်    တိုးတက်ရေးအတွက်      အားသွန် ခွန်စိုက်  ကြိုးပမ်းသွားသင့်ပေသည်။

 


ဒီမိုကရေစီအလေ့အထဆိုသည်မှာ


၂ဝ၂ဝ ပြည့်နှစ်    အထွေထွေ ရွေးကောက်ပွဲ၌ မဲမသမာမှု  ၁၁ သန်းကျော်အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့်   ဖွဲ့စည်းပုံအခြေခံဥပဒေကို စောင့်ရှောက်   ရန် တာဝန်ရှိသည့်   တပ်မတော်က ထိုမဲမသမာမှုများ ကို    ဖြေရှင်းပေးရန်  ရွေးကောက်ပွဲကော်မရှင်၊ အစိုးရနှင့်လွှတ်တော်တို့မှ    တာဝန်ရှိသူများထံ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။  သို့သော် အာဏာရ ပါတီသည်    မဲမသမာမှုများကို    လျစ်လျူရှု၍ လွှတ်တော်များခေါ်ယူပြီး တိုင်းပြည်အာဏာကိုပင် လျှင်     အတင်းအဓမ္မရယူရန်   ကြိုးပမ်းခဲ့သဖြင့် တပ်မတော်သည် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် တွင်  နိုင်ငံတော်အာဏာကို    ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ခေတ္တထိန်းသိမ်းခဲ့ရသည်။

 


ထိုအချိန်မှစ၍ အကြမ်းဖက်အုပ်စုများဖြစ်သည့်  CRPH ၊ NUG ၊ PDF နှင့်  NLD  အစွန်းရောက် များသည်   တိုင်းပြည်အလုံးစုံပျက်စီးရေးအတွက် အမျိုးမျိုးကြံဆဆောင်ရွက်လာခဲ့ကြသည်။ သံဃာ တော်များ၊ ကလေးငယ်များ၊ ကျောင်းဆရာမများ၊ သက်ကြီးရွယ်အိုများ  အပါအဝင်   အပြစ်မဲ့ပြည်သူ များကို    စွပ်စွဲချက်အမျိုးမျိုးဖြင့်   အကြောင်းမဲ့ သတ်ဖြတ်လာခဲ့သည်။ စာသင်ကျောင်းများ၊ ရဲစခန်း များနှင့် ဆေးရုံများ  အပါအဝင် ပြည်သူပိုင်ပစ္စည်း များကို မီးရှို့ဖျက်ဆီးကြသည်။ လမ်း၊တံတားများ ကို  မိုင်းခွဲတိုက်ခိုက်သည်။   ကိုဗစ်-  ၁၉ ရောဂါ၊ ကုသ၊   ထိန်းချုပ်ရေး  တာဝန်ထမ်းဆောင်နေသူ များကိုပင်လျှင် နှောင့်ယှက်တိုက်ခိုက်လာခဲ့သည်။ လူသားမဆန်သော လုပ်ရပ်များပင် ဖြစ်သည်။

 


ဒီမိုကရေစီ    ဖက်ဒရယ်ပြည်ထောင်စုကြီးကို လက်နက်ကိုင်၍တည်ဆောက်နိုင်မည်မဟုတ်ချေ။ အကြမ်းဖက်တိုက်ခိုက်မှုများ၊    လက်နက်စွဲကိုင် တောင်းဆိုမှုများသည် အကျိုးမရှိသော လုပ်ရပ်များ ပင်ဖြစ်သည်။   တစ်မြေတည်းနေ  တစ်ရေတည်း သောက်၊ မရှိအတူ   ရှိအတူ     နေထိုင်ခဲ့ကြသည့်   တိုင်းရင်းသားညီအစ်ကိုများအကြား     စားပွဲဝိုင်း တွင်ဆွေးနွေး တိုင်ပင်ညှိနှိုင်းအဖြေရှာသွားမည်ဆိုလျှင် ရလဒ်ကောင်းများ  ရရှိနိုင်ပေသည်။   မတူညီမှု များကို  ဖယ်ရှားကာ   တူညီသောအချက်များဖြင့် စတင်ဆွေးနွေးသင့်နေပြီဖြစ်သည်။ 

 


အမှန်တော့  ရင့်ကျက်မှုရှိသော  ဒီမိုကရေစီ အလေ့အထဆိုသည်မှာ     ယဉ်ကျေးသိမ်မွေ့ပြီး အများသဘောဆန္ဒအတိုင်း  အမှန်တရားကိုလက်ခံ လေ့ရှိသည်။  လူတစ်ဦးနှင့်ပုဂ္ဂိုလ်တစ်စု  အာဏာ ရရှိရေးအတွက် အကြမ်းဖက်လမ်းစဉ်၊ လူသတ် လမ်းစဉ်၊  အဖျက်အမှောင့်လမ်းစဉ်ကို  လိုက်နာ လုပ်ဆောင်လေ့မရှိပေ။ သို့သော်  လက်ရှိအချိန်တွင် NLD အစွန်းရောက်များသည် တောတွင်းဝါဒအတိုင်း ၄င်းတို့ကို မထောက်ခံသူများ၊ အေးချမ်းစွာနေထိုင်  လုပ်ကိုင်စားသောက်လိုသော   ပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်နေခြင်း၊ တိုင်းပြည်အလုံးစုံ ပျက်စီးရေးကို ဦးတည်စေသည့်  အဖျက်အမှောင့် လုပ်ငန်းများကို ကမ်းကုန်အောင်လုပ်ဆောင်နေ ခြင်းသည်     ဒီမိုကရေစီအလေ့အထနှင့်     လုံးလုံး လျားလျား ဆန့်ကျင်လျက်ရှိပေသည်။ ထို့ကြောင့် ပြည်သူများ၏   စည်းလုံးညီညွတ်မှုစွမ်းပကား ဖြင့်သာ    ချေမှုန်းတိုက်ခိုက်သွားမည်ဆိုလျှင်            တရားဥပဒေမဲ့ လုပ်ဆောင်နေသော အဖျက်သမား များ၏  အန္တရာယ်ကို    ကျော်လွှားနိုင်မည်ဖြစ်ပေ သည်။

 


လွတ်လပ်ရေးအမွေ အဓွန့်ရှည်တည်တံ့စေလို


မြန်မာနိုင်ငံတော်သည်     တိုင်းတစ်ပါးတို့၏   စိုးမိုးအုပ်ချုပ်မှုအောက်မှ  လွတ်မြောက်ပြီး   အချုပ် အခြာအာဏာ ပိုင်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည် မှာ ၂ဝ၂၂ ခုနှစ်  ဇန်နဝါရီလ  ၄ ရက်တွင်(၇၄)နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။      ကျောင်းသား ခေါင်းဆောင်ဘဝမှသည်     တပ်မတော်ကိုစတင် ဖွဲ့စည်းတည်ထောင်ကာ    တိုင်းပြည်လွတ်လပ်ရေး အတွက်  အသက်စွန့်လွှတ်သွားသည့်  အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင် မှုအောက်တွင်      တိုင်းရင်းသားပြည်သူအားလုံး စည်းလုံးညီညွတ်မှု           စွမ်းပကားများကြောင့် လွတ်လပ်ရေးကြီး   ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုလွတ်လပ်ရေးကြီး ကမ္ဘာတည်သရွေ့ ထာဝစဉ် တည်တံ့ခိုင်မြဲနေစေရန်နှင့် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်စေရန်  တိုင်းရင်းသားပြည်သူအားလုံး   စည်းလုံးညီညွတ်စွာဖြင့်  ကြိုးပမ်းဆောင်ရွက်သွား ရန်  လိုအပ်ပေသည်။

 


ဘိုး၊   ဘေး၊  ဘီ၊   ဘင်တို့သည်   တိုင်းပြည် လွတ်လပ်ရေးရရှိရေးအတွက်  အသက်၊ သွေး ချွေး၊ အချိန်နှင့် ငွေကြေးများစွာပေးဆပ်ခဲ့ရသည်။ ထိုသို့ များစွာပေးဆပ်ခဲ့ရသည့် လွတ်လပ်ရေးကို မြတ်နိုး တန်ဖိုးထားတတ်ရန်မှာ ပဓာနကျသော အချက်ပင် ဖြစ်သည်။   တိုင်းတစ်ပါး၏    ဖိနှိပ်အုပ်ချုပ်မှု၊  မလွတ်လပ်မှုအောက်တွင် နေထိုင်ရသည့်  ခါးသီးသော  အတွေ့အကြုံမျိုး မရှိခဲ့ဖူးသူများသည် လွတ်လပ်ရေး ၏ တန်ဖိုးအနှစ်သာရကို လျစ်လျူရှုမေ့လျော့နေတတ် ကြသည်။  ပြည်ထောင်စုဖွားတိုင်းရင်းသား အားလုံး သည်   တန်ဖိုးမဖြတ်နိုင်သော လွတ်လပ်ရေးအမွေ  အဓွန့်ရှည်တည်တံ့နေစေရန်အတွက်    အသက်ပေး    ကာကွယ်စောင့်ရှောက် ထိန်းသိမ်းသွားမည်ဆိုသော ခိုင်မာသည့်    သန္နိဋ္ဌာန်ချမှတ်ထားရန်      လိုအပ်ပါ ကြောင်း  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို   လှိုက်လှဲစွာ     ကြိုဆိုဂုဏ်ပြု    ရေးသားတင်ပြအပ် ပါသည်။         ။