ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်တိုင်းရင်းသားလူမျိုးများ၏ စည်းလုံးမှုစွမ်းအား၊ ညီညွတ်မှုစွမ်းအား၊ အမျိုးကိုချစ်သောစိတ်ဓာတ်၊ အမိမြေကိုချစ်သောစိတ်ဓာတ် တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသောနိုင်ငံဖြစ်ပေသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ အေးချမ်းစွာဖြင့် ချစ်ခင်စည်းလုံးနေထိုင်ခဲ့ကြရာမှ ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေးဆုံးရှုံးပြီး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရပေသည်။
တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်တွင် တိုင်းရင်းသားပြည်သူများ ရပ်တည် နေထိုင်ကြရာ၌ နယ်ချဲ့အုပ်ချုပ်ရေးစည်းမျဉ်းစည်းကမ်းဥပဒေများအောက်တွင် နယ်ချဲ့အလိုကျနေထိုင်ကြရသဖြင့် ဖိနှိပ်ချုပ်ချယ်မှုများ၊ လွတ်လပ်ခွင့်များ၊ လူ့အခွင့် အရေးများ ဆုံးရှုံးခဲ့ရသည်။ လွတ်လပ်ရေးဆုံးရှုံးခဲ့သော ကာလတစ်လျှောက်တွင် တိုင်းရင်းသားပြည်သူများသည် အရင်းရှင်နယ်ချဲ့စနစ်နှင့် ဖက်ဆစ်စနစ်တို့၏ အမျိုးမျိုးသော သွေးစုပ်ခြယ်လှယ်မှုကို ခံကြရသည်။ တိုင်းရင်းသားပြည်သူများသည် ဖိနှိပ်မှုကိုမခံနိုင်ဘဲ အမျိုးသားရေးစိတ်များ ထက်သန်လာခဲ့ကြသည်။ သူ့ကျွန် အဖြစ် နွံနစ်မခံသောစိတ်ဓာတ်များ နိုးကြားထက်သန်လာကြသည်။
ထို့ကြောင့် တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အမျိုးသားခေါင်းဆောင်ကြီး များ၏ဦးဆောင်မှုဖြင့် စည်းလုံးမှု၊ ညီညွတ်မှု၊ အမျိုးကိုချစ်မြတ်နိုးမှု၊ အမိမြေကို မြတ်နိုးတန်ဖိုးထားမှုတို့ဖြင့် နယ်ချဲ့လက်အောက်မှလွတ်မြောက်ရန် ကြိုးပမ်း အားထုတ်ခဲ့ကြသည်။ အသက်သွေးချွေးအမြောက်အမြား ရင်းနှီးပေးဆပ်ကာ အမိမြန်မာနိုင်ငံတော်ကြီး ပြန်လည်လွတ်မြောက်လာအောင် ကြိုးစားအားထုတ် ခဲ့ကြသည်။ အမျိုးသားခေါင်းဆောင်ကြီးများ၏ ထူးချွန်တောက်ပြောင်သော လက်ရုံးရည်၊ နှလုံးရည်ထက်သန်မှုများနှင့် တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး ၏ တစည်းတလုံးတည်း လက်တွဲမဖြုတ်စတမ်းကြိုးပမ်းခဲ့ကြသောကြောင့် လုံးဝ လွတ်လပ်သောနိုင်ငံတော်ကြီးအဖြစ်သို့ လက်ဝယ်ပိုင်ပိုင်ရရှိခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးပြန်လည်ရရှိရန်အတွက် နှစ်ပေါင်းတစ်ရာကျော် ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ ရင်းနှီးပေးဆပ်၍ စုစည်းညီညွတ်သော အင်အားကို ပြန်လည်တည်ဆောက်ပြီး ရယူခဲ့ရသော်လည်း စည်းလုံးညီညွတ်မှု ပြိုကွဲကာ တိုင်းပြည်အင်အားချည့်နဲ့သောအခါ နိုင်ငံလွတ်လပ်ရေးသည် တစ်ခဏ ချင်း ဆုံးရှုံးခဲ့ရသည်ကို မြန်မာ့သမိုင်းတွင် အထင်အရှားတွေ့ရမည်ဖြစ်သည်။ အဓိကမှာ စည်းလုံးညီညွတ်ခြင်းသည် အင်အားဖြစ်ပြီး အင်အားတောင့်တင်းခိုင်မာ သောတပ်မတော်သည် တိုင်းပြည်ကာကွယ်ရေးစွမ်းအားဖြစ်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုး တိုင်းတစ်ပါးလက်အောက် ကျွန်ဘဝမှလွတ်မြောက်ရန် တပ်မတော်နှင့် အတူ တိုင်းရင်းသားပြည်သူများ လက်တွဲဝန်းရံ၍ လွတ်လပ်ရေးကို ရယူခဲ့ကြသည်။
လွတ်လပ်ရေးသည် ခရီးဆုံးပန်းတိုင်မဟုတ်ပေ။ လွတ်လပ်ရေးသည် ပြည်သူ များစည်းလုံးညီညွတ်ပြီး ခေတ်မီတိုးတက်ဖွံ့ဖြိုးသောတိုင်းပြည်ဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်ရေးဖြစ်သည်။ အင်အားတောင့်တင်းခိုင်မာပြီး ခေတ်မီတပ်မတော် ဖြစ်အောင် တည်ဆောက်ရေးသည် ရရှိပြီးသောလွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ရန်ဖြစ်သည်။ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး ကမ္ဘာ့ အလယ်တွင် မော်ကြွားသောနိုင်ငံအဖြစ် ဝင့်ထည်စွာရပ်တည်နိုင်ရေးဖြစ်သည်။ လွတ်လပ်ရေးရရှိသော်လည်း စည်းလုံးညီညွတ်မှုလျော့နည်းကာ တပ်မတော် အင်အားမရှိလျှင် တိုင်းပြည်ဖရိုဖရဲပြိုကွဲပြီး ရရှိပြီးသောလွတ်လပ်ရေးလည်း ပြန်လည်ဆုံးရှုံးသကဲ့သို့ တိုင်းတစ်ပါးလက်ဝေခံဘဝ၊ တိုင်းတစ်ပါး အမှီခိုခံဘဝသို့ ကျရောက်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ “နွားကွဲလျှင်ကျားဆွဲမည်” ဆိုသကဲ့ သို့ တိုင်းပြည်စည်းလုံးညီညွတ်မှု ပျက်ပြားပြီး ဝါးအစည်းပြေသကဲ့သို့ ဖြစ်နေလျှင် တိုင်းတစ်ပါးက ဝင်ရောက်စွက်ဖက်ပြီး လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံရမည်ဖြစ်သည်။
ထို့ကြောင့် ယနေ့တိုင်းရင်းသားပြည်သူအပေါင်းတို့၏ လက်ငင်းတာဝန်မှာ ပြည်ထောင်စုသားအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် သမိုင်းပေးတာဝန်မှာ အမိနိုင်ငံ၏လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်နှင့် သာယာ ဝပြောသော လူ့ဘောင်ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည် ဖြစ်သည်။ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ ထာဝစဉ်တည်တံ့ ခိုင်မြဲရေးအတွက် နိုင်ငံသားတိုင်းက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ရန် လိုအပ် ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ နိုင်ငံသားများက ပူးပေါင်း လက်တွဲဆောင်ရွက်ရန်တာဝန်ရှိပါသည်။ အကြမ်းဖက်အဖျက်သမား ချုပ်ငြိမ်းရေး အတွက် ပြည်သူများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ဆုံးရှုံးခဲ့သော လွတ်လပ်ရေးကို ကျွန်ုပ်တို့ ဘိုးဘေးဘီဘင်များက အချိန်ကာလ ရှည်ကြာစွာ အသက်၊ သွေး၊ ချွေးအမြောက်အမြား ရင်းနှီးပေးဆပ်ရယူခဲ့ကြရပါသည်။ ရရှိပြီးသောလွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးမှာ မျက်မှောက် ကာလ တိုင်းရင်းသားပြည်သူများက ထမ်းဆောင်ကြရန် တာဝန်ရှိသည်။ သို့မှသာ လွတ်လပ်ရေးကို ရယူကြိုးပမ်းခဲ့ကြသော ကျွန်ုပ်တို့၏ဘိုးဘေးဘီဘင်များအား ကျေးဇူးဆပ်ရာရောက်မည်ဖြစ်ပါကြောင်း။ ။