လူ့အခွင့်အရေး ဖျက်ချိုးသူတွေ . . .

Type
1

 

လွယ်လွယ်ကူကူ   အနွတ္ထသညာ  ခေါ်စရာအဖြစ် ဂျီနီဗာနဲ့  နယူးယောက်မြို့ကြီးတွေက  ဆင်စွယ် မျှော်စင်တွေထဲ    ရှိနေကြတဲ့   ကိုယ်ကျိုးရှာသူ အပေါင်းတို့ကို  အတ္တဟိတသမားတွေ (အတ္တကြီး သူတွေ) လို့ ဆက်လက်ခေါ်လိုက်ကြပါစို့။
နိုးနိုးကြားကြားရှိကြကုန်လော့ အာဆီယံနိုင်ငံ တွေ၊ ရုရှား၊ တရုတ်နဲ့ တတိယ ကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံ အပေါင်းတို့။ 
ကြောင်သူတော်တွေ        အပြေးအလွှား သောင်းကျန်းနေတယ်ဗျို့!
အထက်တန်းအဆင့်       အတ္တဟိတသမား တစ်ယောက်ဟာ   ဂျီနီဗာကနေ    အာဆီယံနိုင်ငံ အချို့ဆီ    ဝင်ကလူ   ထွက်ကလူ ခရီးနှင်နေပြီး “လူ့အခွင့်အရေး”   နဲ့   “ဒီမိုကရေစီ”   အကြောင်း ခြင်းရာတွေကို အာပေါင်အာရင်းသန်သန် ဟောပြော နေလေရဲ့။ ထုံးစံအတိုင်းပါပဲ- သူတို့ဟာ ကောင်းကင် ခရီးက ဆင်းချလာပြီးသကာလ တရားဟော နားချ အလုပ်တွေကို အရှေ့တိုင်းနိုင်ငံတွေမှာ အတော မသတ် တရစပ် လုပ်လေ့ရှိကြတယ်။ ဘုရားရေ… အံ့ဩစရာပါ့။
မကြာသေးမီက     တောင်ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံလေးဖြစ်တဲ့ နယူးကာလီဒိုးနီးယားမှာ ဆန္ဒပြအဓိကရုဏ်းတွေနဲ့ ဟုန်းဟုန်းတောက်လောင် နေချိန်မှာ အဲဒီပုဂ္ဂိုလ်တွေ ဘယ်ရောက်နေကြပါလိမ့်။ အဲဒီ ကိုယ်ကျိုးအတ္တကြီးသူတွေဟာ ကျွန်းနိုင်ငံလေး တွေရဲ့ ရပိုင်ခွင့်တွေကို စည်းရုံးဟောပြောလေ့ရှိကြ တယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ နဲ့ စပ်လျဉ်းပြီးတော့လည်း မနားမနေ ထောက်ခံ ပြောဆိုကြတယ်။  ဟုတ်ပါရဲ့…  ကိုလိုနီနယ်မြေ အဖြစ်မှ အဆုံးသတ်ရေး ကိစ္စတွေကိုလုပ်ဖို့  ဝါရင့် ရုံးတော်ကြီးတစ်ရုံးတောင် ရှိနေပါသေးတယ်။
ကိုယ်ကျိုးအတ္တကြီးသူတွေ
တောင်ပစိဖိတ်သမုဒ္ဒရာထဲက အဲဒီကျွန်းနိုင်ငံ လေးမှာ   ကသောင်းကနင်း   အခြေအနေအတွင်း အုပ်မနိုင်၊  ထိန်းမရပြဿနာတွေ ဗလောင်ဆူနေချိန် မှာ    ကိုယ်ကျိုးအတ္တကြီးသူတွေက  စီစဉ်ပေးတဲ့ ဖွံ့ဖြိုးဆဲကျွန်းနိုင်ငံများ  (ကာရေဘီယန်ပင်လယ်၊ အတ္တလန္တိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ် သမုဒ္ဒရာတွင်းရှိ ကျွန်းနိုင်ငံငယ်များ) ဆိုင်ရာ နိုင်ငံ တကာ ညီလာခံတစ်ရပ်ကိုတောင် ကျင်းပနေချိန် မဟုတ်ပါလား။   ဒီကိုယ်ကျိုး အတ္တကြီးသူတွေက (ကျွန်းနိုင်ငံငယ်ကလေးနဲ့ ပတ်သက်ပြီး) စိုးရိမ်လှပါ တယ်ဆိုတဲ့    ဖော်ပြချက်တစ်မျိုးမျိုးကို  တစ်ဦး တစ်ယောက်ကများ ကြားသိခဲ့ရပါသလား။ ဌာနေ တိုင်းရင်းသား ကျွန်းသူ ကျွန်းသားတွေရဲ့ ရပိုင်ခွင့် တွေကို ဘယ်နည်းဘယ်ပုံ ကာကွယ်စောင့်ရှောက် ပေးကြမှာလဲ။ ဒီကျွန်းသူ ကျွန်းသားတွေရဲ့ ရပိုင်ခွင့် တွေကရော   ဘယ်လိုပါလဲ။  ပြဿနာဖြစ်နေတဲ့ ကျွန်းနိုင်ငံလေးဟာ   ကိုယ်ကျိုးအတ္တကြီးသူတွေရဲ့ “အန်ကယ်ကြီးတွေ” ထဲက     တစ်ယောက်ရဲ့ လက်အောက်က ဖြစ်နေလေတော့  ဘာတစ်လုံးမျှ မဟရဲခဲ့ကြဘူး မဟုတ်လား။
တကယ်လို့များ ရုရှား ဒါမှမဟုတ် တရုတ်နိုင်ငံ က မြို့ကြီးတစ်မြို့မှာ လူ ၁၅ ယောက်လောက်ပါတဲ့ အုပ်စုလေးတစ်စုက ချီတက်ဆန္ဒပြကြတယ်ဆိုပါစို့။ ဒီကိုယ်ကျိုးအတ္တကြီးသူတွေဟာ  ချက်ချင်းထခုန် ပြီး အချိန်မဆိုင်းဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ကြ ပါလို့ တောင်းဆိုကြပါလိမ့်မယ်။ “အထူးသံတမန်” ဆိုတဲ့သူတွေ၊  “အထူးအစီရင်ခံစာ  တင်သွင်းသူ” ဆိုတဲ့သူတွေ   စသည်ဖြင့်   သူတို့  ခန့်အပ်ကြပါလိမ့် မယ်။    တောင်ပစိဖိတ်ရှိ   အဲဒီကျွန်းနိုင်ငံလေးက ပြည်သူတွေ   ဆန္ဒပြနေကြချိန်မှာတော့  ကိုလိုနီ အရှင်သခင်နိုင်ငံတစ်နိုင်ငံက     လူလည်လုပ်တာ ကြောင့် ဒီကိုယ်ကျိုးအတ္တကြီးသူတွေဟာ ရေငုံ နှုတ်ပိတ် ဆိတ်ဆိတ်နေလိုက်ကြပါတယ်။
အဲဒီကျွန်းနိုင်ငံငယ်လေးဟာ    ကီရီဘာတီ သမ္မတနိုင်ငံလေးနဲ့ နှိုင်းယှဉ်ရင် လူဦးရေ နှစ်ဆခန့် ပိုမိုများပြားပါတယ်။    အဲဒီကျွန်းနိုင်ငံလေးဟာ ကုလသမဂ္ဂရဲ့ ၁၉၄ ခုမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာ ဖို့  မသင့်ပါလား။  ဒီဌာနေတိုင်းရင်းသား ကျွန်းသူ ကျွန်းသားတွေကို   အချုပ်အခြာအာဏာပိုင်  နိုင်ငံ တစ်နိုင်ငံအဖြစ် အခွင့်အရေးပေးသင့်တယ် မဟုတ် ပါလား။
  သူတို့ ဘာတွေလုပ်နေကြပါလိမ့်
ဆူဒန်နိုင်ငံကတော့    အခြေအနေကောင်းပုံ မရဘူး။ တစ်နှစ်ကျော်လာတဲ့အထိ ပြည်တွင်းစစ် ဆက်ဖြစ်နေလေရဲ့။       အငတ်ဘေးဆိုက်မယ့်ပုံ ကိုလည်း တွေ့မြင်နေရပါတယ်။ ကိုယ်ကျိုးအတ္တကြီး သူတွေ ဆူဒန်ကိုရောက်နေတာ နှစ်ပေါင်း အတန် ကြာပြီ။  ဆယ်စုနှစ်တွေနဲ့ကိုချီလို့။  သူတို့ ဘာတွေ လုပ်နေကြပါလိမ့်။ 
အရှေ့အလယ်ပိုင်းဒေသမှာ     မီးဟုန်းဟုန်း တောက်နေရဲ့။ ကိုယ်ကျိုး အတ္တကြီးသူတွေကတော့ အဝေးကနေပဲ    အသံပေးအော်ဟစ်လို့။   ကမ္ဘာ တစ်ဝက်ခရီးလောက်ကနေပဲ“တောင်းဆိုချက်တွေ” ထုတ်လို့နေကြလေရဲ့။   သူတို့ရဲ့   အန်ကယ်တွေ ကတော့  နားထဲမထည့်ကြပါဘူး။  ဒီတော့လည်း အာရှကိုပဲ ခရီးထွက်ကြပြီး အာရှနိုင်ငံတွေကိုပဲ ဆရာကြီး လုပ်ကြရတော့တာပေါ့။
အခေါင်တကာ့ထိပ်သီး 
ကြောင်သူတော်ကြီးတွေ
ဒီပုဂ္ဂိုလ်တွေကတော့ အခေါင်တကာ့ထိပ်သီး ကြောင်သူတော်ကြီးတွေ၊ လူ့အခွင့်အရေး၊ လူ့ဂုဏ် သိက္ခာကို အလေးမထား၊ အပြောတစ်မျိုး အလုပ် တစ်မျိုး     စံနှစ်ခွ   ကျင့်သုံးနေတဲ့လူတွေ၊    လူ့အခွင့် အရေး ဖျက်ချိုးသူတွေပါပဲ။     ။

{၁၂-၆-၂၀၂၄  ရက်နေ့ထုတ်  The Global New Light of Myanmar သတင်းစာပါ ကျော်မြင့်ထွန်း (ပါရီ)  ၏  
Human  Wrongs  ဆောင်းပါးကို  ဘာသာပြန်ဆိုဖော်ပြခြင်း ဖြစ်ပါသည်။}