လူ့အသက်ရှင်သန်ရေး ဖြူစင်စေတနာဖြင့်ကုသပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ်  ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၂) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား တွင် ပြည်သူလူထု၏  ကျန်းမာရေးနှင့်ပတ်သက်ပြီး  “လူ့အသက်ထက် အရေးကြီး တာဘာမှမရှိ” ဆိုသည့်အတိုင်း တပ်မတော်အနေဖြင့်လည်း ပြည်သူလူထုအတွက်  ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပေးနိုင်ရန်၊ ဆေးသိပ္ပံ ပညာရပ်ပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။


မြန်မာနိုင်ငံတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို  အကောင်းဆုံးမြှင့်တင်ဆောင်ရွက်ပေးနေသော်လည်း   ဒေသတွင်းနိုင်ငံများနှင့် ယှဉ်လျှင် နိမ့်ကျနေဆဲဖြစ်သည်။ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ တွင်  ဆေးတက္ကသိုလ်များမှ   ဆရာဝန်များအား   မွေးထုတ်ပေးနေသော်လည်း ပြည်သူ့ဆေးရုံများတွင်   တာဝန်ထမ်းဆောင်ကြသည့်   နိုင်ငံ့ဝန်ထမ်းဆရာဝန် အရေအတွက်နည်းပါးသောကြောင့် နိုင်ငံအတွင်း အရေးပေါ်လိုအပ်သည့်အခါ  အရေးပေါ်လိုအပ်သည့်နေရာများတွင် တပ်မတော်ဆရာဝန်များက ကူညီဆောင်ရွက်  နေသည်ကို တွေ့ရသည်။ 


မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံများအားလုံး ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့်   ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင်   စိန်ခေါ်မှုများ၊   ကျန်းမာရေးဝန်ထမ်းများအပိုင်းတွင်  ဖိအားများ၊   ဝန်ထုပ်ဝန်ပိုးများနှင့်  ရင်ဆိုင် ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့်  တတိယလှိုင်းများဖြစ်ပွားခဲ့ပြီး      တတိယလှိုင်းတွင်   ရောဂါကူးစက်မှုနှုန်းနှင့် လူသေဆုံးမှုနှုန်း အများဆုံးကြုံတွေ့ခဲ့ရသည်။ ထိုသို့ ဖြစ်ရခြင်းသည် ကိုဗစ်ရောဂါ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာမှုအားနည်းခြင်း၊ တစ်ကမ္ဘာလုံးအတိုင်း  အတာဖြင့် ကူးစက်မြန်ဗီဇပြောင်း ဒယ်လ်တာမျိုးကွဲများ ပျံ့နှံ့ရောက်ရှိလာခြင်း၊ ဆေးဝါးနှင့်အထောက်အကူများ   မပြည့်စုံခြင်းများကြောင့်   အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။


ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားစဉ် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲ  ဖြစ်ပေါ်လာရာ၌  ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များနှင့်   ကျန်းမာရေးဝန်ထမ်း အချို့ CDM လှုပ်ရှားမှုများတွင်   ပါဝင်ခဲ့သည်။  သမားကောင်းကျင့်ဝတ်များကို  မျက်ကွယ်ပြု၍ တာဝန်ကျရာ  ဆေးရုံများ၊  ဆေးခန်းများကို  စွန့်ခွာသွားခဲ့ရာ ကပ်ရောဂါလူနာများ အားကိုးရာမဲ့ပြီး အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးမှုများ ကြုံတွေ့ ခဲ့ရသည်။ သို့သော် နိုင်ငံတော်အပေါ် သစ္စာစောင့်သိသော ကျန်ရှိသည့်ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ကြောင့်    ကိုဗစ်တတိယလှိုင်းကို   ထိန်းချုပ်ထားနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။


တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် တာဝန်ကျရာနေရာဒေသအသီးသီးတွင် ပြည်သူများအား    ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်လာပါက   ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ယခု ကိုဗစ်-၁၉ ကပ်ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်မှ လုံးဝပျောက်ကင်းသွားမည်မဟုတ်ဘဲ  ပြည်သူများနှင့် အတူယှဉ်တွဲရှိနေမည့် ရောဂါပိုးဖြစ်သောကြောင့်  ကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအပြင်    ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်ပါ တပ်မတော်အနေဖြင့်    အရေးပါသည့်အခန်းကဏ္ဍမှ  ဆက်လက်ရှိနေမည်ဟု သိရသည်။ တာဝန်သိကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်ဆေးဘက်ဆိုင်ရာ တပ်ဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ ပူးပေါင်းလက်တွဲဆောင်ရွက်နိုင် မှုကြောင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ တည့်မတ်လာသည်ကိုတွေ့ရသည်။


ကမ္ဘာပေါ်ရှိ  နိုင်ငံပေါင်းတစ်ရာဝန်းကျင်တွင်  ကိုဗစ်တတိယလှိုင်း ဖြစ်ပွား ပြီးနောက် စတုတ္ထလှိုင်း၊ ပဉ္စမလှိုင်းများဖြစ်နေရာ ယခုအခါ ကူးစက်မြန်အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲသစ်ပါ ကူးစက်ခံနေရသည်။ မြန်မာနိုင်ငံ၌မူ အိုမီခရွန် မျိုးကွဲသစ် ကူးစက်ခြင်းမရှိသေးဘဲ ကိုဗစ်-၁၉ တတိယလှိုင်းဖြင့် ကပ်ရောဂါကို  ထိန်းချုပ် ထားနိုင်ခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  တာဝန် ရှိသူများအားလုံးနှင့် ပြည်သူတို့၏ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်း ကြောင့် ဖြစ်သည်။ ကမ္ဘာပေါ်၌ ကိုဗစ်မျိုးကွဲသစ်  ကူးစက်ပျံ့နှံ့နေသဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စတုတ္ထလှိုင်းဖြစ်ပေါ်လာနိုင်မှုကို  ကြိုတင် မြော်တွေးပြီး ကိုဗစ်ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာန၊  တပ်မတော်နှင့် ပြည်သူများ ပူးပေါင်းလက်တွဲ  ဆက်လက် ဆောင်ရွက်နေသည်။


သို့ဖြစ်ရာ ပြည်သူလူထု၏ ကျန်းမာရေးအတွက် “လူ့အသက်ထက် အရေးကြီး တာဘာမှမရှိ” ဟူသည့် လမ်းညွှန်ချက်အတိုင်း တပ်မတော်အနေဖြင့် ပြည်သူလူထု အတွက် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲလျက် ဆက်လက်ကြိုးပမ်းဆောင်ရွက်နေခြင်း ကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း။         ။