လူမှာ အရေးအကြီးဆုံးအရာ

Type

ဇော်လေး

 

၁။
လူမှာအရေးအကြီးဆုံးအရာက ဘာလဲ။


လူတွေက  ဟိုအရာဒီအရာအမျိုးမျိုးအဖုံဖုံ ကိုယ်ထင်ရာမြင်ရာ   ပြောဆိုနေတတ်ကြပေမယ့် တကယ့် အဖြေမှန်က ရှိပြီးသား။  ဒါကို လျစ်လျူရှု ထားရင် မှားဖို့သာရှိပေမယ်။


အငြင်းပွားစရာမရှိ၊ တိတိကျကျ  ဂဃနဏ ပြည့်ပြည့်ဝဝ ဖော်ထုတ်နိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အချိန်ကာလအားဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့် ငါးရာကျော်  အတိတ်မှာ   မှတ်သားစရာကောင်းတဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့  အမေးအဖြေ   ဒီစကားတွေဟာ ထင်ရှားပါတယ်။

စိတ်ဝင်စားဖွယ် ကောင်းပါတယ်။ 
ဆရာအောင်သင်းလည်း  ရေးဖူးတယ်။  
ဆရာနန္ဒာသိန်းဇံလည်း ရေးဖူးတယ်။ 
ဆရာမောင်စိန်ဝင်း စာပေဟောပြောပွဲတစ်ပွဲမှာ ဟောပြောတာကိုလည်း  ကြားနာရဖူးပါတယ်။


ဆရာတော်သံဃာတော်တွေလည်း ကောက် နုတ်ကိုးကား   ဟောကြားတော်မူလေ့ရှိပါတယ်။ သို့ပေမယ့် မကြားဖူးတဲ့  လူတွေများနေတယ်။ ဒါကို ဖတ်ဖူးသူ ကြားဖူးသူတွေရှိပေမယ့်လည်း    မသိ နားမလည်သူတွေက ဆူဆူညံညံ အော်ဟစ်ပြောဆို ခက်ထန်နေတာကို အတိုက်အခံမငြင်းဆန်လိုတဲ့ အတွက် ငြိမ်သက်တိတ်ဆိတ်နေကြတာ ဖြစ်ကောင်း ဖြစ်ပေလိမ့်မယ်။  ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်မှ သောဏဒဏ္ဍသုတ်ဟာ    အခြေခံအရင်းခံဖြစ်ပါ လိမ့်မယ်။     သိမှတ်ပြီးသား    ပုဂ္ဂိုလ်တွေကတော့ နှစ်ထပ်ကြည့်တော့ မှတ်မိတာပေါ့နော်။

၂။
“လက်တစ်ဖက်ကို     လက်တစ်ဖက်ဖြင့် ဆေးကြောရသကဲ့သို့၊  ခြေတစ်ဖက်ကို  ခြေတစ် ဖက်ဖြင့်  ဆေးကြောရသကဲ့သို့၊ ထို့အတူ သီလကို ပညာဖြင့် ဆေးကြောရာ၏၊  ပညာကို သီလဖြင့် ဆေးကြောရာ၏၊ သီလရှိသူ၌  ပညာရှိ၏။ ပညာရှိ သူ၌လည်း သီလရှိ၏။”
ဂေါတမဗုဒ္ဓမြတ်စွာဘုရား


(သောဏဒဏ္ဍသုတ်၊ ဒီဃနိကာယ်မှ)


အချိန်ကား  မဂဓတိုင်းပြည့်ရှင်ဘုရင်ဗိမ္ဗိသာရ မင်း စိုးစံချိန်ဖြစ်ပါတယ်။  မဂဓတိုင်းအတွင်းမှာ စမ္ပာဆိုတဲ့မြို့တစ်မြို့ရှိတယ်။  ဗိမ္ဗိသာရဘုရင်က စမ္ပာမြို့ကို  လူအများက ချစ်ခင်ကြည်ညိုလေးစား ခံရတဲ့  သောဏဒဏ္ဍအမည်ရတဲ့ ပုဂ္ဂိုလ်ကို မြို့စား အဖြစ် ခန့်အပ်တာဝန်ပေးထားခဲ့တယ်။ ရာသီဥတု သာသာယာယာရှိတဲ့နေ့တစ်နေ့။ နေ့ခင်းနေလယ် အချိန်မှာ စမ္ပာမြို့စားသောဏဒဏ္ဍ နေ့လယ်စာ စားအပြီး သူနားနေလျောင်းစက်ရာပြာသာဒ်အမြင့် ထက်မှ လမ်းပေါ်မှာ လူအများသစ်လွင်သန့်ပြန့်တဲ့ အဝတ်အစားကိုဝတ်ဆင်ပြီး အစုလိုက်အအုပ်လိုက် ဂဂ္ဂရာရေကန်ဆီသို့သွားနေကြတာ သူတွေ့မြင်ရ တယ်။ စမ္ပာမြို့စား  သောဏဒဏ္ဍက  အမတ် တစ်ယောက်ကိုမေးကြည့်တဲ့အခါ   စမ္ပာမြို့သူ မြို့သားတွေဟာ ဂဂ္ဂရာရေကန် အနီးရောက်ရှိနေတဲ့ ဂေါတမဗုဒ္ဓ သီတင်းသုံးရာသို့  သွားနေကြတာဖြစ် ကြောင်း သိရတယ်။


ဂေါတမဗုဒ္ဓဟာ အင်္ဂတိုင်းအတွင်း ခရီးလှည့် လည်ရာမှ နောက်ပါရဟန်းများစွာနဲ့ ယနေ့စမ္ပာမြို့ သို့ရောက်ရှိနေလို့ ကျော်ကြားထင်ရှားသူဖြစ်တဲ့ အတွက် မြို့သူမြို့သားတွေ တွေ့မြင်ချင်လို့သွားနေကြတာကိုး။ 


မြို့စားက မြို့သူမြို့သားတွေနဲ့အတူ  သူလည်း ဂေါတမဗုဒ္ဓထံသွားမယ်လို့လည်း  ပြောလိုက်ရော ဒီသတင်းဟာ  တောမီးပမာလျင်မြန်စွာ တစ်မြို့လုံး ပျံ့သွားပြီးအခြားမြို့များမှ စမ္ပာမြို့ကို ရောက်နေကြ တဲ့ ပုဏ္ဏားဧည့်သည် ငါးရာလောက်ဟာ လာပြီးတား ကြတယ်။
ဗြဟ္မဏပုဏ္ဏားတို့က       တစ်ယောက်ပြီး တစ်ယောက်      အကျိုးအကြောင်းပြောပြပြီး တားမြစ်ကြတယ်။  အတောမသတ်ဖြစ်နေပါရော။


ဘာပဲပြောပြော  စမ္ပာမြို့စား  သောဏဒဏ္ဍက တော့ “သမဏဗြဟ္မဏအချို့ ငါတို့မြို့ကိုရောက်လာ ရင် သူတို့ဟာ  ငါတို့ဧည့်သည်။ ငါတို့က အိမ်ရှင်။ ဧည့်ဝတ်အရ အလေးအမြတ်ပြုရမှာ အကျွန်ုပ်ရဲ့ တာဝန်ပေပဲ” လို့ ဖြေကြားပြီး တားတာကိုလက်မခံ ဘူး။


“တားလို့မရရင် ကျွန်ုပ်တို့လည်းလိုက်ကြမယ် ကွာ” ဆိုပြီး ဧည့်သည်ဗြဟ္မဏပုဏ္ဏား ငါးရာကျော် လည်း  စမ္ပာမြို့စားနဲ့အတူ  ဘုရားကိုဖူးမြော်ဖို့ လိုက်ပါလာကြတယ်။ သူတို့အားလုံးက ဗုဒ္ဓဘာသာ ဝင်တွေမဟုတ်ကြပါ။ ဂဂ္ဂရာရေကန်အနီးမှာ ခေတ္တ ယာယီ   သီတင်းသုံးနေတဲ့    မြတ်စွာဘုရားကို သွားရောက်တွေ့ဆုံ မိတ်ဆက်၊ နှုတ်ဆက်ကြတယ်။ ယခင်က   မတွေ့မမြင်ဖူးကြဘူး။ တစ်ဦးအကြောင်း တစ်ဦး သတင်းသာကြားရဖူးတာ။ အမည်နဲ့လူကို အခုမှ တွေ့ကြပေတာကိုး။ 


နှုတ်ဆက်စကားတွေပြောဆိုပြီး ပရိသတ်တို့ ဆိတ်ငြိမ်သွားတဲ့အခါ စမ္ပာမြို့စား သောဏဒဏ္ဍဟာ ဂေါတမဗုဒ္ဓက ဘာတွေမေးမှာလဲ။ ဘာတွေမေးရင် ငါဘယ်လိုဖြေရပါ့မလဲအတွေးနဲ့ ဂနာမငြိမ်ဖြစ်နေ မိပါတယ်။ စိတ်လှုပ်ရှားတဲ့မျက်နှာ။
မြတ်စွာဘုရားက တည်ငြိမ်ချိုအေးတဲ့အသံနဲ့ မြို့စားကြီးသောဏဒဏ္ဍကို မေးပါတယ်။ 


“မြို့စားကြီးသောဏဒဏ္ဍ ဘယ်လိုဂုဏ်အင်္ဂါတို့ နဲ့ ပြည့်စုံသူကိုမှ သူမြတ် (ဗြဟ္မဏ) လို့ခေါ်ပါသလဲ”


အမေးစကားကိုကြားရတဲ့အခါ ကြိုတင်ပြီး သူစိတ်ပူပန်လာတာတွေ ပျောက်သွားကာ ကျေနပ် ရွှင်လန်းသွားတယ်။ ဒီမေးခွန်းက လွယ်လွယ်လေးပဲ။ သူကောင်းကောင်းဖြေနိုင်တယ်။ သူသိတယ်။
“အရှင်ဂေါတမ၊ ငါးပါးသော ဂုဏ်အင်္ဂါတို့နဲ့ ညီညွတ်ပြည့်စုံသူကို   ဗြဟ္မဏရယ်လို့   ခေါ်ဝေါ် ပါတယ်”


“ဘယ်လို ဂုဏ်အင်္ဂါငါးပါးလဲ”


“အရှင်ဂေါတမ။ ဒါတွေပါပဲ-
၁။ မျိုးရိုးသန့်စင်သူ ဖြစ်ရမယ်။
၂။ဝေဒကျမ်းတို့ကိုတတ်မြောက်ရပါမယ်။
၃။ရုပ်အဆင်းလှပတင့်တယ်ရမယ်။
၄။သီလမြဲသူဖြစ်ရမယ်။
၅။အသိဉာဏ်ပညာရှိရပါမယ်။”
ပရိသတ်များစွာဟာ အားရဝမ်းသာတဲ့အသံနဲ့ ထောက်ခံသဘောကျကြောင်း    တီးတိုးတီးတိုး ပြောဆိုကာ   သဘောကျနေကြတယ်။  အသံတွေ ထွက်လာတယ်။


“မြို့စားကြီး သောဏဒဏ္ဍ…တကယ်လို့ အသင် ပြောပြတဲ့     ဂုဏ်အင်္ဂါငါးပါးအနက်က   ပထမ ဂုဏ်အင်္ဂါမပါဘဲ ကျန်တဲ့ဂုဏ်အင်္ဂါလေးပါးနဲ့သာ ပြည့်စုံတယ်လို့ဆိုပါစို့။ သို့ဖြစ်လျှင်ကော…ဗြဟ္မဏလို့ ခေါ်နိုင်ပါသလား”
“အရှင်ဂေါတမ…. ခေါ်နိုင်ပါတယ်။ မျိုးရိုးမသန့် သော်လည်း ကျန်တဲ့ ဂုဏ်အင်္ဂါလေးပါး ပြည့်စုံပါက ရပါတယ်”
“ဒုတိယ ဂုဏ်အင်္ဂါ မပါရင်ကော…။”
“အရှင်ဂေါတမ…. ဝေဒကျမ်းတွေမတတ်ပါ သော်လည်း   ကျန်တဲ့ဂုဏ်အင်္ဂါသုံးပါး    ပြည့်စုံရင် ရပါတယ်”
“အကယ်၍ တတိယဂုဏ်အင်္ဂါမပါရင်ကော”
“အရှင်ဂေါတမ…အဆင်းမလှလည်းရပါတယ်” 
ဒီအခါ အနီးရှိပုဏ္ဏားတို့က ထပြီးကန့်ကွက် စကားဆိုကြပါလေရော။ အမျိုးမျိုးအပြစ်တင်တာ ပေါ့။
“မြို့စားကြီး သောဏဒဏ္ဍ။ ဒီလိုမဖြေသင့်ဘူး လေ။ သင်ကမျိုးရိုးကိုလည်းပစ်ပယ်။ ဝေဒကျမ်း တွေလည်းပစ်ပယ်။   ရုပ်အဆင်းလည်းပစ်ပယ်။ အသင်ဟာ    ရဟန်းဂေါတမရဲ့    နောက်လိုက် ဖြစ်သွားပြီ” စသဖြင့် ကဲ့ရဲ့ကြပါလေရော။ 


ဒီအခါမှာ ဗုဒ္ဓကကြားဝင်ပြီး-


“ပုဏ္ဏားတို့    မြို့စားကြီးသောဏဒဏ္ဍကို သင်တို့အပြစ်မတင်ကြပါနဲ့။ မြို့စားကြီးမတတ်ကျွမ်း တာကို သင်တို့တတ်ကျွမ်းတယ်ထင်ရင် သင်တို့ငါနဲ့ စကားဆိုကြပါ။     ဒီလိုမဟုတ်ဘဲ    မြို့စားကြီး  သောဏဒဏ္ဍကိုပဲ တတ်ကျွမ်းတယ်ထင်ရင်လည်း သူ့ကိုသာ ငါနဲ့စကားဆက်ပြီးဆိုပါရစေ…” ပုဏ္ဏား အုပ်စု ငြိမ်သက်သွားတယ်။


ဒီအခါ မြို့စားကြီးသောဏဒဏ္ဍက  ဂေါတမ အားလှမ်း၍ “အရှင်ဂေါတမ၊ နေတော်မူပါ။ ဗြဟ္မဏ တို့ကို ကျွန်ုပ်ပင် အကြောင်းယုတ္တိနဲ့တကွ ပြောပြပါ မယ်” တောင်းပန်ပြီး ဗြဟ္မဏတို့ဘက်ကိုလှည့်ကာ “အချင်းဗြဟ္မဏတို့ ငါ့ကိုဒီလိုမစွပ်စွဲပါနဲ့။ ငါပြောခဲ့ သမျှသည်    သင်တို့စွပ်စွဲသလိုမဟုတ်ပါ။ သင်တို့ ငါ့တူ အင်္ဂကကိုကြည့်ပါ။  (ပရိသတ်ရဲ့ရှေ့ကျကျ နေရာမှာရှိတဲ့ ဥပဓိရုပ်တင့်တယ်တဲ့ လုလင်တစ်ဦးကို ညွှန်ပြရင်း)။ သူဟာ မျိုးရိုးသန့်စင်တယ်။ ဝေဒကျမ်း တွေလည်းတတ်တယ်။   အဆင်းလှပခြင်းလည်း ပြည့်စုံတယ်။ ဒါပေမယ့် အင်္ဂကအနေနဲ့  တကယ် လို့များ   သူတစ်ပါးသားမယားကိုလည်း မတော် မတရား ပြစ်မှားမယ်။   သူတစ်ပါးကို   သတ်မယ်။ သူတစ်ပါး မပေးတာကိုလည်း ခိုးမယ်။ မဟုတ်မမှန် တဲ့ စကားကိုလည်း လိမ်ညာပြောဆိုတယ်။ အရက် သေစာလည်း သောက်စားမယ်ဆိုရင် ဘယ့်နှယ်ဖြစ် မလဲ။ သင်တို့ စဉ်းစားကြည့်ပါ။


အကျင့်သီလမကောင်းရင်   မျိုးရိုး၊ အဆင်း၊ ဝေဒကျမ်းတတ်ခြင်းတွေဟာ အချည်းနှီး၊ အလကား ပဲ မဟုတ်လား” 


ဗြဟ္မဏတို့ ငြိမ်သက်သွားတယ်။
တုတ်တုတ်မျှ မလှုပ်ကြတော့ဘူး။
သူက ဆက်ပြောတယ်-


“အချင်းတို့၊ စင်စစ်အားဖြင့်ကောင်းမြတ်တဲ့ သီလရှိခြင်း၊  ထက်မြက်တဲ့ဉာဏ်ပညာရှိခြင်းဆိုတဲ့ ဂုဏ်အင်္ဂါနှစ်ပါးသည်သာ လူမှာအရေးအကြီးဆုံး ဖြစ်ပါတယ်” 
စမ္ပာမြို့စားကြီး  သောဏဒဏ္ဍရဲ့ စကားကို ပြန်လှန်ချေပမယ့်သူ တစ်ယောက်မျှမရှိဘဲ တိတ် ဆိတ်ငြိမ်သက်သွားပါတယ်။
မြတ်စွာဘုရားက မိန့်ကြားတော်မူပါတယ်။ 


“မြို့စားကြီး သောဏဒဏ္ဍ သင့်စကားမှန်ပါ တယ်။ သီလကိုလည်း ပညာနဲ့ဆေးကြောရတယ်။ အမြော်အမြင်အဆင်ခြင်နဲ့   ထိုးထွင်းသိမြင်တဲ့ ပညာရှိမှ အကျင့်သီလမှန်လည်းရှိနိုင်တယ်။ အကျင့် သီလကောင်း၊ အကျင့်သီလမှန်မှလည်း၊ ရှိမှလည်း   အသိပညာရှိသူ ဖြစ်နိုင်ပါတယ်။ အကျင့်သီလနဲ့ ပညာကို လောကမှာအမြတ်ဆုံးလို့ ဆိုသင့်ပါတယ်”


စမ္ပာမြို့စားကြီး သောဏဒဏ္ဍက မေးလျှောက် တဲ့အတွက်    မြတ်စွာဘုရားက    အကျင့်သီလ ကောင်းမွန်ခြင်းရဲ့ သီလဂုဏ်၊ သီလသိက္ခာအရေး ကြီးပုံ၊ ပညာပြည့်စုံခြင်းရဲ့ ပညာဂုဏ်၊    ပညာ သိက္ခာအရေးကြီးပုံတို့ကို     အကျယ်ဟောကြား တော်မူခဲ့ပါတယ်။    ဒီတရားဟာ လေးနက်ပါတယ်။


လိမ်ညာလှည့်ဖြား    မတရားတဲ့နည်းနဲ့ မတရား မသမာအနိုင်ရရင် ပြီးရောမလုပ်ပါနဲ့။ မှားယွင်းတဲ့ နည်းလမ်း၊ ကိုယ်ကျင့်တရားပျက်ပြားတဲ့ ခိုးဝှက်မှု မျိုးနဲ့ အောင်ပွဲမခံချင်ပါနဲ့။ (အကဲခတ်ရိပ်မိနေလို့ စေတနာနဲ့ အကြိမ်ကြိမ်)      ကြိုတင်သတိပေး ဟန့်တားခဲ့ကြပေမယ့် အာဏာလောဘဇော မွှန်နေ တဲ့ ခေါင်းဆောင်တစ်စုဟာ အကျင့် “သီလပျက်ပြား တာလေးက ဘာမှအရေးမကြီးပါဘူး” လူမသိဘူးလို့ ယူဆထင်မှတ်ခဲ့လေတော့ အပျက်အပျက်နဲ့နှာခေါင်း သွေးထွက်ခဲ့ရတော့တာပေါ့။ မကောင်းမှုပြုသူ၏ ဆိတ်ကွယ်ရာ     အရပ်မည်သည်မရှိ။     လူမှာ အရေးအကြီးဆုံး အရာနှစ်ခုရှိပါတယ်။


ဒီနှစ်ခု   ချွတ်ယွင်းချို့တဲ့နေတဲ့  လူတစ်စုရဲ့ လုပ်ပုံကြောင့်  ပျားရည်တစ်စက်တိုင်းပြည်ပျက် မယ်  ပုံပြင်ထဲက ကိန်းရောက်လုလု   ဖြစ်နေရတာ အမြင်မှန်အတိုင်း   အမှန်မြင်ပါစေ။  ကယ်တင် ဆယ်ယူနိုင်ကြပါစေ။ 
ဘယ်သူတရားပျက်ပျက်  ကိုယ်မပျက်ပါစေနဲ့။ ကိုယ်ကျင့်နဲ့ပညာကို   ဘဝတစ်သက်တာ  တန်ဖိုး ထားနိုင်ကြပါစေ။   


သင် ရပ်တည်ချက် မှန်ပါစေ။ 
ကောင်းမြတ်တဲ့သီလရှိကြပါ။
ထက်မြက်တဲ့ဉာဏ်ပညာရှိကြပါ။