“စီးပွားရေးအမြင်သည် နိုင်ငံရေးအမြင်နှင့်လည်း ဆက်စပ်လျက်ရှိပြီး စီးပွားရေးအားကို ကောင်းအောင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အေးချမ်းသာယာ သည့်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးကောင်းမွန်မှ သာလျှင် လူနေမှုဘဝ မြင့်မားလာမည်ဖြစ်သဖြင့် နိုင်ငံအတွက် စီးပွားရေးအမြင်များ တိုးတက်လာစေရန်နှင့် စီးပွားရေးစီမံခန့်ခွဲမှုများ မြင့်မားလာစေရန် လေ့လာ အားထုတ်ရမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။
စီးပွားရေးအမြင်သည် ပြည်သူအားလုံးတွင်ရှိရမည့်အချက်ဖြစ်ပြီး အထူး သဖြင့် အဖွဲ့အစည်းများအား ဦးစီးဦးဆောင်ပြုနေသောသူများ၊ နိုင်ငံတော်တွင် ဦးစီးခေါင်းဆောင်ပြုလုပ်နေသော ပုဂ္ဂိုလ်များ၌ အရည်အချင်း ပိုမိုပြည့်ဝစွာရှိနေရမည်ဖြစ်သည်။ စီးပွားရေးအမြင်နှင့် စီးပွားရေးစီမံခန့်ခွဲမှု အားကောင်းသော တိုင်းပြည်များမှာ နိုင်ငံဖွံ့ဖြိုးတိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာ နိုင်ငံတွင်ခေတ်အဆက်ဆက်၌ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာတွင် စီးပွားရေးအမြင် အားနည်းမှုနှင့် စီးပွားရေးစီမံခန့်ခွဲမှု လွဲချော် မှုများကြောင့် နိုင်ငံ့စီးပွားရေး နှောင့်နှေးဆုတ်ယုတ်ခဲ့မှုများမှာ သင်ခန်းစာယူ စရာများဖြစ်သည်။
ပါလီမန်ဒီမိုကရေစီခေတ်ကာလတွင် ပြည်တော်သာစီမံကိန်းများကဲ့သို့ စီမံကိန်းအလွဲအမှားများကြောင့် မအောင်မြင်သော စီမံကိန်းများဖြစ်ခဲ့ရသည်။ ဆိုရှယ်လစ်စီးပွားရေးခေတ်တွင် ကမ္ဘာနှင့်မဆီလျော်သော တံခါးပိတ်စီးပွားရေးဝါဒကျင့်သုံးခဲ့သဖြင့် အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ပြီး တိုင်းပြည်ပျက်စီးရသည်အထိ ကြုံတွေ့ခဲ့သည်။ မျက်မှောက်ကာလ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများရှိခဲ့သော်လည်း ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ သည်။ ဒီမိုကရေစီဒုတိယသက်တမ်း အစိုးရကာလတွင် အားနည်းမှု၊ လွဲချော်မှု အမျိုးမျိုးတို့ကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်တွင်ယိုယွင်းခဲ့သည်။
စီးပွားရေးဘက်တွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP တိုးတက်မှုများ ကျဆင်းလာခဲ့ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆၁ ဘီလီယံ ကျော်ထိရှိခဲ့သည်။ ဒီမိုကရေစီအစိုးရပထမသက်တမ်းမှ ဒုတိယအစိုးရသက်တမ်း ကာလအထိ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံခန့်လိုငွေရှိသည်။ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ခြင်းမရှိဘဲ ပြည်ပသွင်းကုန်များကိုသာ အဓိကအားထားအသုံးပြုခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေများ ပိုမိုမြင့်မားလာ ခြင်းဖြစ်သည်။ သိသာထင်ရှားသည့် အဓိကအားနည်းချက်မှာ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလတွင် ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်သည့် ပြည်တွင်း အခြေခံအဆောက်အအုံများ ဆောက်လုပ်ရာတွင် အရေးပါသည့်ကုန်ထုတ်လုပ်ငန်း များကို ရပ်တန့်ပစ်ခဲ့ခြင်းသည် နိုင်ငံ့စီးပွားရေးကို ကြီးမားစွာထိခိုက်မှုဖြစ်စေခဲ့သည်။
ထိုသို့ ဆောင်ရွက်မှုလွဲမှားခဲ့ခြင်းကြောင့် ငွေရေးကြေးရေးကဏ္ဍတွင် ထိခိုက်မှု ဖြစ်ပြီး ဆက်နွှယ်သောလုပ်ငန်းများရပ်တန့်သည်အထိဖြစ်ခဲ့သည်။ ချေးငွေ၊ အတိုး၊ အရင်းများ အလဟဿပေးဆပ်ခဲ့ရသည်။ ကုန်သွယ်မှုလုပ်ငန်းများတွင် စက်သုံးဆီ၊ စားသုံးဆီ၊ အခြေခံအဆောက်အအုံပစ္စည်းများနှင့် ချည်ထည်ပစ္စည်း စသည့်လူသုံး ကုန်ပစ္စည်းအားလုံးကို နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ တင်သွင်းနေရ သဖြင့် တိုင်းပြည်တွင် လိုငွေနှစ်စဉ်ပြခဲ့သည်။ ထို့ကြောင့် ပြည်တွင်းလိုအပ်ချက်ကို ပြည်တွင်းမှာပင်ပြည့်မီအောင် ကြိုးပမ်းထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ကုန်သွယ်မှုလိုငွေလျော့ကျပြီး ပိုငွေထွက်လာအောင် နိုင်ငံတော်အကြီးအကဲက အစဉ်မပြတ် တိုက်တွန်းနှိုးဆော် မှာကြားနေသည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြည်တစ်ပြည်တွင် စီးပွားရေးသည် အရေးအကြီးဆုံးဖြစ်သည်။ စီးပွားရေးသည် တိုင်းပြည်နှင့် ပြည်သူလူထုကို အဓိကပံ့ပိုးဖြည့်ဆည်းလျက်ရှိသဖြင့်မည်သည့်စနစ်၊ မည်သည့်နိုင်ငံရေးဝါဒဖြစ်စေ စီးပွားရေးကောင်းအောင် ဆောင်ရွက်နိုင်ပါက ထိုနိုင်ငံတည်တံ့ခိုင်မြဲပြီး တိုးတက်ဖွံ့ဖြိုးသာယာနေသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် နိုင်ငံရေးစနစ်သည်ဖြောင့်တန်းနေသော စီးပွားရေး စနစ်ကို ပျက်စီးသွားအောင်၊ ရပ်တန့်သွားအောင်မပြုလုပ်၊ မဆုံးဖြတ်မိဖို့လိုမည် ဖြစ်သည်။ ပြီးခဲ့သည့် ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းကာလက စီမံခန့်ခွဲမှု အလွဲအမှားများကြောင့် စီးပွားရေးဘက်တွင် ယိုင်နဲ့ရပ်တန့် တုံ့ဆိုင်းသွား သည်ကို တွေ့ရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်တံ့ခိုင်မြဲရေးတွင် စီးပွားရေး သည် အဓိကကျသောကဏ္ဍဖြစ်၍ မှားယွင်းသောလုပ်ဆောင်မှုများကို သင်ခန်းစာ ယူ၍ မှန်ကန်သောမူဝါဒ၊ မှန်ကန်သောစီမံခန့်ခွဲမှုများကို ထိရောက်စွာအသုံးချ၍ နိုင်ငံအေးချမ်းသာယာဝပြောရေး၊ တိုင်းရင်းသားပြည်သူများ၏ လူနေမှုဘဝ မြင့်မားတိုးတက်လာရေးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်း ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။ ။