လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ဒီဇင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ရာ လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသား များ၏ လူမှုစီးပွားအခက်အခဲများကို တာဝန်ယူဖြေရှင်းပေးရမည်ဆိုသည့် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများကြားရှိ ကတိကဝတ်တစ်ခုအတွက် လက်တွေ့ ဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း” ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မဟာဗျူဟာစီမံချက် ကို ၂၀၁၄ ခုနှစ်က အတည်ပြုထုတ်ပြန်ခဲ့သည်။ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏မဟာဗျူဟာမြောက်အစီအစဉ်ဖြစ်သည့် “မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) တွင် ပါဝင်သည့် အဓိက လုပ်ငန်းတစ်ခုဖြစ်သည်။ ဆင်းရဲမှုလျှော့ချရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသော လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လုပ်ငန်းတစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံသမိုင်းတွင် ပုဂံခေတ် ကျန်စစ်သားမင်းကြီး မော်ကွန်းရေးထိုး ခဲ့သော ရွှေစည်းခုံဘုရားကျောက်စာ၌ “ငါ၏လက်ယာလက်ဖြင့် ဆန်စပါးရိက္ခာကို ပေးအံ့၊ ငါ၏လက်ဝဲလက်ဖြင့် ဝတ်စားတန်ဆာကို ပေးအံ့၊ အမိသည် သားငယ်အား ရင်ခွင်၌နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့အား နှစ်သိမ့်ပါအံ့” ဆိုသည့် ပုဂံခေတ်မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေးနှင့်ပတ်သက်သည့် စာသားသည် ယနေ့ခေတ် မြန်မာ့လူမှုကာကွယ်စောင့်ရှောက်ရေး၏ ရှေ့ပြေးကနဦး မူဝါဒဖြစ်သည်။ ရှေးခေတ်က မင်းကောင်းမင်းမြတ်များ တိုင်းသူပြည်သားများအပေါ် ရင်ဝယ်သားကဲ့သို့သဘောထားသကဲ့သို့ ယနေ့ခေတ်တွင်လည်း နိုင်ငံတော်အစိုးရက တိုင်းသူပြည်သားများအပေါ် တာဝန်ယူဖြေရှင်းပေးသည့် ဦးစားပေးလုပ်ငန်းတစ်ရပ် အဖြစ် အကောင်အထည်ဖော်နေသည်။
အဆိုပါမဟာဗျူဟာစီမံချက်ကို အကောင်အထည်ဖော်နေသည်မှာ မကြာသေး သော်လည်း တိုးတက်မှုများရှိနေသည်ကို တွေ့ရသည်။ လက်ရှိကာလတွင် ပိုမို တိုးတက်ကောင်းမွန်လာစေရန်အတွက် နိုင်ငံတော်က လူမှုကာကွယ်စောင့်ရှောက် ရေးဆိုင်ရာ အမျိုးသားကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်အကောင်အထည်ဖော်လျက်ရှိသည်။ လူမှုကာကွယ်စောင့်ရှောက်ရေးသည် ပြည်သူများ၏လူမှုစီးပွားဘဝ၌ ဖြစ်ပေါ်နေသောအခက်အခဲများကို ကူညီ ဖြေရှင်းပေးရေးဖြစ်သည်။ ထင်သာမြင်သာအားဖြင့် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် အတွင်း မမျှော်လင့်ဘဲကြုံတွေ့လာသော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာ သောအခက်အခဲများကို ဖြေရှင်းပေးသည့် ငွေကြေးထောက်ပံ့ပေးရေးအစီအစဉ်များဖြစ်သည်။
လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အဓိကလိုအပ်ချက်မှာ ငွေကြေးဖြစ်၍ ရေရှည်ရန်ပုံငွေရရှိရေးကို စိန်ခေါ်မှုဖြစ်လာနိုင်သည့်အတွက် “ရေရှည်ရန်ပုံငွေရရှိရေး မဟာဗျူဟာ” ရေးဆွဲအကောင်အထည်ဖော်ရန် လမ်းညွှန်ထားသည်။ ငွေကြေးထောက်ပံ့ရေးအစီအစဉ်နှင့်ပတ်သက်၍ တိုးတက်ဖြစ်ထွန်းမှုအဖြစ် “လူမှုရေးဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ်” ကို တည်ဆောက်ခဲ့ပြီး “Electronic Cash Transfer နည်းလမ်း” ကို အသုံးပြုပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စမ်းသပ်ဆောင်ရွက်သွားမည်ဟုသိရသည်။ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်၏ဦးစားပေးလုပ်ငန်းဖြစ်၍ ပြည်သူ လူထုအား တိုက်ရိုက်အကျိုးရှိစေရန် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ပေါင်းစပ်ညှိနှိုင်းရေးနှင့် ရန်ပုံငွေရရှိရေးတွင် ဝန်ကြီးဌာနအကြား၊ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ထိရောက်စွာပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး အကောင်အထည်ဖော်သွားရန် ဒုတိယဝန်ကြီးချုပ်က လမ်းညွှန်ထား သည်။
သို့ဖြစ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် အခက်အခဲဖြစ်နေ သော ပြည်သူပြည်သားများအား ရင်ဝယ်သားကဲ့သို့ သဘောထားကာ ကူညီ စောင့်ရှောက်ပေးသောလုပ်ငန်းဖြစ်ရာ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက်ပါအတိုင်း လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။ လူမှုကာကွယ်စောင့်ရှောက်ရေးကဏ္ဍတွင် တိုးတက်ဖြစ်ထွန်းမှုများနှင့်အတူ စိန်ခေါ်မှုများလည်းရှိနေရာ အခက်အခဲများကို ပူးပေါင်းလက်တွဲကျော်လွှားပြီး ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြ ရမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာကပ်ဘေးများနှင့်ကြုံတွေ့လာရပါက သင်ခန်းစာ ဖော်ထုတ်ပြီး ပြုပြင်ပြောင်းလဲ ဝိုင်းဝန်းလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။ ။