
မျိုးငြိမ်းငယ်
အခုရက်ပိုင်းတွေအတွင်း လူမှုကွန်ရက်တွေ ကြည့်ရတာ စိတ်မချမ်းသာလှပါဘူး။ မတွေ့လို၊ မကြားလို၊ မဖတ်လိုသော်လည်း တွေ့နေရ၊ ကြားနေရ၊ ဖတ်နေရပါတယ်။ ပြောသူ၊ အပြောခံရသူနဲ့ ကြားနေသူ ဘယ်သူမှ စိတ်ချမ်းသာမယ်မထင်ပါဘူး။ အဲဒီလို ဘယ်သူ့ကိုမှ အကျိုးမပြုဘဲ သက်ဆိုင်သူတွေကိုရော မသက်ဆိုင်သူတွေကိုပါ ခြိမ်းခြောက်နေတာကတော့ လူမှုရေးခြိမ်းခြောက်အနိုင်ကျင့်နေကြခြင်းပဲ ဖြစ်ပါတယ်။ လူမှုရေးခြိမ်းခြောက် အနိုင်ကျင့်ရာမှာ လူကိုယ်တိုင်ခြိမ်းခြောက် အနိုင်ကျင့်တာတွေအပြင် အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်အနိုင်ကျင့်တဲ့ ဆိုက်ဘာအနိုင်ကျင့်မှုတွေ လုပ်လာကြပါတယ်။
ဆိုက်ဘာခြိမ်းခြောက်အနိုင်ကျင့်မှု
အခုနောက်ပိုင်း အတွေ့များလာတာက ဆိုက်ဘာခြိမ်းခြောက်အနိုင်ကျင့်မှုတွေပဲ ဖြစ်ပါ တယ်။ ဆိုက်ဘာခြိမ်းခြောက်အနိုင်ကျင့်မှုဆိုတာကတော့ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုပြီး အနိုင်ကျင့်ခြင်းဖြစ်ပါတယ်။ ဆိုက်ဘာအနိုင်ကျင့် ခြိမ်းခြောက်တာကို မိုဘိုင်းဖုန်းတွေ၊ ဂိမ်းပလက် ဖောင်းတွေ၊ စာတိုပေးပို့တဲ့နည်းလမ်းတွေနဲ့ လူမှု ကွန်ရက်တွေပေါ်မှာ လုပ်ဆောင်ကြပါတယ်။ ဆိုက်ဘာအနိုင်ကျင့်တာဟာ ထပ်ကာထပ်ကာ ပြုလုပ်တတ်တဲ့ အမူအကျင့်ဖြစ်ပြီး မိမိအနိုင်ကျင့် တိုက်ခိုက်လိုသူတွေကို ခြိမ်းခြောက်ဖို့၊ ကြောက်ရွံ့ လာစေဖို့၊ ဒေါသထွက်စေဖို့ ဒါမှမဟုတ် အရှက်ရစေ ဖို့ ရည်ရွယ်ကြတာပါ။ ဥပမာအားဖြင့် လူမှုမီဒီယာ တွေပေါ်မှာ တစ်စုံတစ်ယောက်ရဲ့ အရှက်ရဖွယ် ဓာတ်ပုံတွေကို လိမ်လည်ဖြန့်ဝေတာ ဒါမှမဟုတ် ဖော်ပြတာ၊ စာတိုပေးပို့တဲ့ နည်းလမ်းတွေက တစ်ဆင့် ထိခိုက်စေတာ၊ ခြိမ်းခြောက်တာ၊ တစ်စုံ တစ်ယောက် အယောင်ဆောင်ပြီး အခြားသူတွေ တွေဆီ မဖွယ်မရာစာတိုတွေ ပေးပို့တာတွေ ပါဝင်ပါတယ်။
ဒါပေမယ့် ဆိုက်ဘာခြိမ်းခြောက်ခြင်းဟာ မှတ်တမ်းမှတ်ရာတွေ ကျန်ရှိစေတာကြောင့် ခြိမ်း ခြောက်အနိုင်ကျင့်တာတွေ ဟန့်တားဖို့၊ ရပ်တန့် စေဖို့ ဥပဒေကြောင်းအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ် စေ သက်သေအထောက်အထားအဖြစ် အသုံးပြုနိုင် ပါတယ်။
လွတ်လပ်စွာသဘောကွဲလွဲခွင့်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း ပြင်ပလောကမှာ သာမက လူမှုကွန်ရက်ပေါ်မှာလည်း အုပ်စုကွဲတွေ ဖြစ်ပေါ်လာနေတာ အားလုံးသိပြီး ဖြစ်ပါတယ်။ သူ့ဘက်ကိုယ့်ဘက် အုပ်စုကွဲတွေ ရှိသလို ဘယ်ဘက် မှမပါဘဲ အေးအေးချမ်းချမ်းဖြစ်လိုတဲ့ ကြားနေအုပ်စု တွေလည်း တွေ့ရပါတယ်။ လူတစ်ကိုယ် စိတ်တစ် မျိုးဖြစ်လို့ အားလုံးဟာ တစ်ပြေးညီ မတူညီနိုင်ပါ ဘူး။ ကိုယ့်ရဲ့ကိုယ်ပိုင်ဖြစ်တဲ့ လက်ချောင်းတွေ တောင်မှ အတိုအရှည်မညီတာ၊ ကိုယ့်မိသားစု အတွင်းမှာတောင် အကြိုက်ချင်း၊ သဘောထားချင်း ထပ်တူမကျနိုင်တာ ကျန်တဲ့သူတွေ အားလုံးနဲ့လည်း ထပ်တူကျနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
လောကဖန်ဆင်းရှင်တွေကလည်း လောကကြီး ကို မတူညီတဲ့သဘာဝတွေနဲ့ ဖန်တီးထားခဲ့တာကို သတိပြုဖို့လိုပါတယ်။ အပူအအေး၊ အဖိုအမ၊ အနိမ့် အမြင့်၊ အဖြူအမည်း၊ ငိုခြင်းရယ်ခြင်း၊ အတိုအရှည် စတဲ့ ဆန့်ကျင်ဘက်သဘောတွေရှိသလို ဆန့်ကျင် ဘက်မဟုတ်ပေမယ့် ထပ်တူမကျတဲ့ မတူညီမှုတွေ လည်း ရှိနေပါတယ်။ ဒါပေမယ့်လည်း ကိုယ်နဲ့ဘက် မတူလို့၊ ကိုယ့်ဘက်မပါလို့၊ ကိုယ်လုပ်တဲ့အတိုင်း မလုပ်လို့ဆိုပြီး ဘက်မတူသူတွေကိုရော ကြားနေသူ တွေကိုပါ လူမှုရေးခြိမ်းခြောက်အနိုင်ကျင့်လာတာ တွေ လုပ်လာပါတော့တယ်။
အချို့ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်နေပါလျက် မွေးမိခင်၊ ကျွေးဖခင်ဖြစ်တဲ့ မိဘတွေကိုပါ စော်ကား မှုတွေ တွေ့ရတော့ လွန်စွာအံ့ဩမိပါတယ်။ အရင် ကတော့ ကွန်မြူနစ်တွေ လုပ်ခဲ့တယ်ဆိုတာကိုတော့ ဖတ်ဖူး မှတ်ဖူးပါတယ်။ အခုတော့ ကိုယ်တိုင် ကြုံရပါတော့တယ်။ ဗုဒ္ဓဘာသာမှာတော့ ဒေဝဒတ် ကို ဆရာတင်ခဲ့တဲ့ အဇာတသတ်က ဖခင်ဘုရင် ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့တဲ့အကြောင်း ဖတ် မှတ်ဖူးပါတယ်။ ဖတ်ကြည့်ကြဖို့လည်း တိုက်တွန်း လိုပါတယ်။
ဒီလိုမတူညီတဲ့ သဘာဝတွေအကြား ဒီနေ့ ခေတ် ကျင့်သုံးနေကြတဲ့ သဘောတရား we agree to disagree လိုပါပဲ။ သဘောထားမတိုက်ဆိုင် တာတွေကို နားလည်လက်ခံပေးဖို့ လိုပါတယ်။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို နားလည်လက်ခံ ပေးကြရမှာပါ။ ဒါပေမဲ့လည်း အခုတွေ့မြင်နေရတာ ကတော့ လွတ်လပ်စွာ သဘောကွဲလွဲခွင့်အစား လွတ်လပ်စွာမိုက်ရိုင်းခွင့်တွေနဲ့ ကိုယ့်ရဲ့အတ္တ၊ ကိုယ့်ရဲ့လိုလားချက်ကိုပဲ ဦးစားပေးပြီး သူတစ်ပါး ကို လူမှုရေးခြိမ်းခြောက် အနိုင်ကျင့်နေတာတွေကို တွေ့နေရပါတယ်။
အပြစ်မဲ့ကလေးငယ်တွေကို
ခြိမ်းခြောက်အနိုင်ကျင့်နေ
အဲဒီသဘောထားကွဲလွဲမှုတွေကို ကိုယ့်အယူ အဆနဲ့မကိုက်လို့၊ ကိုယ့်သဘောထားနဲ့ မတူလို့၊ ကိုယ့်အုပ်စုဘက် မလိုက်လို့ဆိုတဲ့ ငါအစွဲပေတံတွေနဲ့ တိုင်းတာပြီး ကျန်တဲ့သူအားလုံးကို ပြင်ပမှာ လူမှုရေးအနိုင်ကျင့်မှုတွေ လုပ်လာသလို လူမှု ကွန်ရက်မှာလည်း လူမှုရေးအနိုင်ကျင့်မှုတွေ လုပ်လာတာတွေအပြင် အထူးသဖြင့် အေးအေး ဆေးဆေးနေလိုတဲ့ ကြားလူတွေ၊ အပြစ်မဲ့ကလေး တွေကိုပါ Cyber bullying လုပ်လာတာ တွေ့ရပါ တယ်။
ဒီမိုကရေစီသဘောနဲ့ဆိုရင် ကိုယ်ကြိုက်တာလုပ်ပိုင်ခွင့်ရှိပေမယ့် သူတစ်ပါးအခွင့်အရေးကို ထိခိုက်တာ၊ လူ့ဝန်းကျင်အခွင့်အရေးထိခိုက်တာ တွေကို ဥပဒေအရဖြစ်စေ၊ ကျင့်ဝတ်အရဖြစ်စေ လုပ်ခွင့်မရှိပါဘူး။ ဥပဒေကြောင်းအရ ပြစ်မှုမြောက် သလို ကျင့်ဝတ်အရလည်း လူမှုကျင့်ဝတ်ကို ဖောက် ဖျက်ခြင်း ဖြစ်ပါတယ်။
အပြစ်မဲ့ငယ်ရွယ်တဲ့သားသမီးတွေကို ဖော်ပြ ခြိမ်းခြောက်နေတာတွေကို တွေ့မြင်ရတော့ လွန်စွာ ဆိုးရွားတဲ့လုပ်ရပ်၊ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တွေလို့ ဆိုရမှာပါ။ ဒီနေရာမှာ ကိုယ်ချင်း စာတရား ရှိကြမယ်ဆိုရင်ဆိုတဲ့အတွေး ပေါ်လာမိပါ တယ်။ ကိုယ်နဲ့ကိုယ့်သားသမီးတွေကို သူတစ်ပါးက ဒီနည်းတွေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်လာခဲ့ရင် မိမိ ကိုယ်တိုင် ဘယ်လိုခံစားရမလဲဆိုတာ ကိုယ်ချင်းစာ သင့်ပါတယ်။
လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအမြင်မတူတာတွေ၊ စိတ်ဝမ်းကွဲတာတွေ၊ ဆန္ဒထုတ်ဖော်တာတွေဆိုတာ သူ့အမြင် ကိုယ့်အမြင်၊ သူ့အယူအဆ ကိုယ့်အယူ အဆ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ သဘောထားတွေကွဲလွဲလို့လည်း ဆန္ဒပြတာတွေ၊ သပိတ်မှောက်တာတွေ လုပ်နေကြတာပါ။ ဒါပေမယ့် ကြွက်မနိုင် ကျီမီးရှို့ဆိုတာလို အေးချမ်းစွာနေလိုသူ တွေ၊ ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့သူတွေ၊ အပြစ်မဲ့ ကလေးငယ်တွေကို လူမှုရေးခြိမ်းခြောက်အနိုင်ကျင့် တာဟာ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေပါတယ်။ ဒီလိုလုပ်တဲ့ အကျိုးဆက်ကတော့ မုန်းတီးမှုတွေ၊ အာဃာတတွေ၊ လက်စားချေမှုတွေစတဲ့ တုံ့ပြန်မှု တွေ ဖြစ်လာနိုင်ပါတယ်။
တားဆီးရေးလုပ်ဆောင်နေ
လူတစ်ယောက်ဟာ အခြားနေရာတွေအပြင် မိမိနေအိမ်မှာနေစဉ်မှာပဲ အွန်လိုင်းပေါ်ကနေ ခြိမ်းခြောက်အနိုင်ကျင့်ခံရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသလို အဲဒီခြိမ်းခြောက်အနိုင်ကျင့်မှုတွေကနေ မလွတ်မြောက်နိုင်တော့ဘူးလို့ ယူဆလာနိုင် ပါတယ်။ အဲဒါရဲ့ အကျိုးသက်ရောက်မှုတွေဟာ ကာလကြာရှည်ဖြစ်တတ်ပြီး လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ နည်းလမ်း ပေါင်းစုံနဲ့ ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာမှာလည်း အပြစ်မဲ့ ကလေးသူငယ်တွေအပေါ် လူမှုရေး ခြိမ်းခြောက်တာတွေ တိုးမြင့်လာလို့ ဆိုက်ဘာ အနိုင်ကျင့်မှု ပပျောက်ရေးတွေကို ကမ္ဘာ့ကုလသမဂ္ဂ နဲ့ ယူနီဆက်တို့က ဆောင်ရွက်နေတာရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကျောင်းတွေ ပူးပေါင်းပြီး ဆိုက်ဘာခြိမ်းခြောက်အနိုင်ကျင့်မှု တားဆီးရေး လုပ်ဆောင်နေတာ ရှိပါတယ်။
မြန်မာ့လူမှုပတ်ဝန်းကျင်၊ မြန်မာ့ယဉ်ကျေးမှုနဲ့ မြန်မာ့ဓလေ့ထုံးတမ်းတို့ဟာ ယဉ်ကျေးသိမ်မွေ့ ကြပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနားဆိုတဲ့ ဆိုဆုံးမစကားတွေနဲ့ ကြီးပြင်းခဲ့ကြရတာပါ။ ဒီလို ကျင့်ဝတ်တွေ၊ ဘာသာ ရေး အဆုံးအမတွေကို မျက်ကွယ်ပြုပြီး အွန်လိုင်း ပေါ်ကနေ Social bullying လုပ်နေတာ၊ CDM မလုပ်တဲ့သူတွေကို ရုပ်ပုံတွေနဲ့ ဖော်ပြနေတာ၊ တစ်ဖက်သား အရှက်ရအောင် လူမြင်ကွင်းမှာ အော်ဟစ်ပြောဆိုနေတာတွေဟာ မိမိဖြစ်ချင်လိုတဲ့ အတ္တတစ်ခုတည်းကိုကြည့်ပြီး လုပ်ဆောင်နေတာလို့ ကောက်ချက်ချရမှာပါ။ တာဝန်ရှိသူတွေအနေနဲ့ရော ပတ်ဝန်းကျင်ကပါ ဝိုင်းဝန်းတားဆီးကြဖို့ လိုပါ တယ်။
ဒီမိုကရေစီဆန့်ကျင်ဘက်
ဒီမိုကရေစီကို လိုလားသူဟာ ဒီမိုကရေစီ သဘောတရားတွေ၊ အကျင့်တရားတွေကို လေးစား လိုက်နာမှ ဒီမိုကရေစီလိုလားသူလို့ ဆိုနိုင်ပါလိမ့် မယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်လိုဘပြည့်ဖို့ အပြစ်မဲ့ သူတစ်ဦးကို ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်းဟာ ဒီမိုကရေစီကို လိုလားတယ်လို့ မဆိုနိုင်ဘူး၊ ဥပဒေ ကို ချိုးဖောက်ခြင်း၊ လူမှုကျင့်ဝတ်ကို ချိုးဖောက်ခြင်း သာ ဖြစ်ပါတယ်။ မိမိအခွင့်အရေးကို အပြည့်အဝ လိုချင်ရင် သူတစ်ပါးရဲ့ အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားတတ်ဖို့ လိုပါတယ်။ သူတစ်ပါး ကို မထိခိုက်စေဘဲ ကိုယ့်လွတ်လပ်ခွင့်ကို အသုံးပြု နိုင်မှသာ ယဉ်ကျေးသိမ်မွေ့တဲ့၊ အဆင့်အတန်း မြင့်မားတဲ့ နိုင်ငံသားတစ်ယောက် ဖြစ်ပါ လိမ့်မယ်။
ဒီမိုကရေစီစနစ်မှာ ဆန္ဒပြတာ မထူးဆန်းပါဘူး။ ပြည်သူ တစ်ယောက်ရဲ့ဆန္ဒကို ထုတ်ဖော်တာ၊ ပြည်သူ့အသံကို ထုတ်ဖော်တာ ဒီမိုကရေစီ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူတစ်ယောက်ရဲ့အခွင့်အရေးကို အသုံးပြုပြီး သဘောထား မတိုက်ဆိုင်သူတွေ၊ အပြစ်မဲ့သူတွေအပေါ် လွဲမှားတဲ့နည်းလမ်းတွေ၊ အကျင့်စရိုက်တွေနဲ့ ပြုလုပ်နေခြင်းကတော့ ဒီမိုကရေစီနဲ့ ဆန့်ကျင် ရာကို ဦးတည်နေခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ဥပဒေမဲ့၊ ကျင့်ဝတ်သိက္ခာမဲ့ လုပ်နေကြမယ်ဆိုရင် အကျိုးမဲ့စေတဲ့အပြင် အလုံးစုံပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်တာ သတိပြုကြရမှာပါ။
လားရာအကျိုးဆက်
ပြင်သစ်တွေးခေါ်ပညာရှင် Joseph de Maistre ကတော့ Every country has the government it deserves. နိုင်ငံတိုင်းဟာ ကိုယ်နဲ့တန်တဲ့အစိုးရပဲ ရတယ်လို့ ဆိုပါတယ်။
ဒါဟာ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိတရား၊ ပညာရေး၊ စဉ်းစား တွေးခေါ်နိုင်စွမ်းတွေနဲ့ ဆက်စပ်နေမှုကို ရည်ညွှန်းနေတာဖြစ်ပါတယ်။ အရည်အသွေး မြင့်မားတဲ့ ပြည်သူတွေဟာ အရည်အသွေး မြင့်မားတဲ့ အုပ်ချုပ်သူအစိုးရကိုပဲ ရွေးချယ်မှာမို့ ကောင်းမွန်တဲ့ အစိုးရကိုပဲ ရရှိပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ သူများယောင်တိုင်း လိုက်ယောင်လို့ မရပါဘူး။ အမှားအမှန်၊ အကောင်းအဆိုး၊ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ဆိုတာတွေဟာ ကိုယ်တိုင်စဉ်းစားတွေးခေါ် ဆုံးဖြတ် ကြရမှာပါ။ ဒီမိုကရေစီဆိုတာ ပေးလို့မရဘူး၊ လိုက်နာကျင့်သုံးမှ ရတယ်ဆိုတဲ့ စကားလိုပါပဲ။ နိုင်ငံသားတစ်ယောက်မှာ ရပိုင်ခွင့် တွေရှိသလို လိုက်နာရမယ့် ဥပဒေနဲ့ ကျင့်ဝတ်တွေ၊ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်တွေကို လိုက်နာလုပ်ဆောင်ကြဖို့ လိုအပ်မှာပါ။
ဒီလိုမဟုတ်ဘဲ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ကို လျစ်လျူရှုပြီး မိမိအတ္တတစ်ခုတည်းကို ဗဟိုပြုကာ အခြားသူတွေကို လူကိုယ် တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ ခြိမ်းခြောက်အနိုင်ကျင့်နေတာဟာ ပြည်သူအချင်းချင်းအကြား၊ ဝန်ထမ်းအချင်းချင်းအကြား၊ မိတ်ဆွေ အပေါင်းအသင်းတွေအကြား၊ မိသားစုဝင်တွေအကြား ပဋိပက္ခတွေ ပိုမိုကြီးမားလာနိုင်ပါတယ်။ ဒီလိုသာ ပဋိပက္ခတွေ၊ သဘောကွဲလွဲမှု တွေ ပိုကြီးလာမယ်ဆိုရင် မိမိတို့ လိုလားချက်လည်း မပြည့်ဝနိုင်သလို အဆိုးသံသရာထဲမှာပဲ ပိုမိုနစ်မွန်းသွားနိုင်ပါတယ်။ ။
- Log in to post comments