လူငယ်အင်အားနှင့် ထာဝရငြိမ်းချမ်းရေး

 

လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ဖန်တီးပုံဖော်ကြမည့် သူများဖြစ်ရာ   လူငယ်တစ်ဦးချင်းစီတိုင်းသည်  အနာဂတ် နိုင်ငံတော်အတွက် အရေးပါကြသည်။ လူငယ်များ၏ အရည် အသွေး၊ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်တို့ မြင့်မားသည်နှင့်အမျှ၊ ဆင်ခြင်တုံတရားပြည့်ဝပြီး မှန်ကန်စွာ တွေးခေါ်မြော်မြင်နိုင် သည်နှင့်အမျှ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ကောင်းသည်ထက် ကောင်းအောင် တည်ဆောက်နိုင်ကြမည်။ ရှေ့လူတို့၏ အမှား  အယွင်းတို့ကို သင်ခန်းစာယူပြီး မှန်ကန်သည့် လမ်းကြောင်း ကို ရွေးချယ်ကာ လောကကောင်းကျိုး ဆောင်ကြဉ်းပေးနိုင် ကြမည် ဖြစ်သည်။

 


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က  ကြီးမှူးကျင်းပ သည့် လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို  ဇန်နဝါရီ  ၂၈ ရက် နံနက်ပိုင်းက မန္တလေးမြို့ မန္တလာသီရိအားကစားကွင်း၌ ကျင်းပရာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို စိတ်ပါ ဝင်စားသည့် ကျောင်းသားလူငယ် ၃၀၀၀၀ ခန့် တက်ရောက် ခဲ့ကြသည့် သတင်းသည် နိုင်ငံအတွက်  အခြေအနေအချိန်အခါ နှင့်ကိုက်ညီစွာ      ပေါ်ထွက်လာသော     မင်္ဂလာသတင်း တစ်ရပ်ပင် ဖြစ်သည်။ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့်   နိုင်ငံတော်က   ကျင်းပပြုလုပ်လျက်ရှိ သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ   စုံညီပွဲတော် သို့  တက်ရောက်လာကြသည့်    တိုင်းရင်းသား၊   တိုင်းရင်းသူ ကျောင်းသား၊  ကျောင်းသူများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကို  ကြိုဆိုကြပြီး  ပြည်နယ်နှင့်  နိုင်ငံ  မတိုးတက်ခြင်းသည် ငြိမ်းချမ်းမှုမရှိခြင်းကြောင့်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိ ပါက  ခံစားရမည့်  အသီးအပွင့်များ၊ အကျိုးကျေးဇူးများကိုပါ ဆွေးနွေးပြောကြားခဲ့ကြသည်ဟု သိရသည်။

 


လူငယ်များ၏ ခံစားချက်နှင့် မှန်ကန်သည့် အတွေးအမြင် များက    နိုင်ငံတော်အတွက်   အဓိကလိုအပ်ချက်ဖြစ်သော ထာဝရငြိမ်းချမ်းရေးရယူနိုင်စေရန်  တစ်တပ်တစ်အားပင် ဖြစ်သည်။  နိုင်ငံတွင်  အရင်းအမြစ်ကောင်းများ၊ အလားအလာ ကောင်းများ ပိုင်ဆိုင်ထားပါလျက်နှင့် မငြိမ်းချမ်း၍ မဖွံ့ဖြိုး၊ မဖွံ့ဖြိုး၍နွမ်းပါး၊ နွမ်းပါး၍ အရာရာတွင် နိမ့်ကျ၊ နိမ့်ကျမှု ကြောင့် ပစ္စည်းမဲ့ဒေါသများ ထွက်ပေါ်လာကာ မငြိမ်းချမ်း စသည့် သံသရာတို့ တစ်ပတ်ပြီးတစ်ပတ် လည်နေခဲ့သည်ကို ဖြတ်တောက်ရုန်းမထွက်နိုင်ပါက စိန်ရတုလွန်၍ ရာပြည့်နှစ် များ   ရောက်သွားသည့်တိုင်  လွတ်နိုင်မည်မဟုတ်။  ထိုအခါ တောင်ပေါ်မြေပြန့်နေထိုင်သမျှသော လူမျိုး ၁၃၀ ကျော်တို့မှာ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်သော်လည်း မစည်းလုံး၊ မညီညွတ်၊ မငြိမ်းချမ်း၊ မဖွံ့ဖြိုး၊ မတိုးတက်သော နိုင်ငံသူ နိုင်ငံသားများအဖြစ်ဖြင့်သာ ဆက်၍သံသရာလည် ကြရဦးမည် ဖြစ်သည်။

 


နိုင်ငံတစ်ဝန်းလုံးရှိ စည်းလုံးညီညွတ်သော တိုင်းရင်းသား၊  တိုင်းရင်းသူ လူငယ်အားလုံးတို့၏ အင်အားဖြင့် နိုင်ငံတော် အတွက် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်၍ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင် ကြစေလိုသည်။ နိုင်ငံငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး သည်   နိုင်ငံအတွင်း  နေထိုင်သူအားလုံးနှင့်  သက်ဆိုင်ပြီး အားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရမှာလည်း ဖြစ်သည်။ ပြည်တွင်း   ပြည်ပ  အဖျက်အင်အားစုများက နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲ၍ နိုင်ငံကို ဖရိုဖရဲပြိုလဲစေရန် နည်း မျိုးစုံဖြင့် အားထုတ်ပြုလုပ်နေသည့်  မျက်မှောက်ချိန်ခါတွင် ငြိမ်းချမ်း‌ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မျိုးဆက်သစ် လူငယ်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စည်းလုံး ညီညွတ်မှုအင်အားဖြင့်       တက်ညီလက်ညီ      ကြိုးပမ်း တည်ဆောက်ကြရပါမည့်အကြောင်း။            ။