
မောင်လူအေး(ရေစကြို)
ဩဂုတ်လ ၁၂ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်ပါသည်။ လူငယ်များသည် နောင်တစ်ချိန် တွင် နိုင်ငံ့တာဝန်များကို လွှဲပြောင်းတာဝန်ယူကြရမည်ဖြစ်ပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ကြပါသည်။
သို့ဖြစ်ရာ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် များတွင် လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍ ကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ ကမ္ဘာတစ်ဝန်း လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရ သည့် စိန်ခေါ်မှုများ၊ အခက်အခဲများကို နိုင်ငံတကာ အသိုက်အဝန်းမှ သိရှိနားလည်ကာ လိုအပ်သည့် မူဝါဒ၊ မဟာဗျူဟာများရေးဆွဲချမှတ် အကောင် အထည်ဖော်နိုင်စေရန်အတွက် လည်းကောင်း ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ဆုံးဖြတ် ချက်အမှတ် ၅၄/၁၂၀ဖြင့် ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်သည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်း အနားများကို ကုလသမဂ္ဂကကြီးမှူး၍ ၂၀၀၀ ပြည့်နှစ်မှစတင်ပြီး ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ရာ ကမ္ဘာတစ်ဝန်းလုံးရှိ အစိုးရအဖွဲ့အစည်း များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်ကာနှစ်စဉ် ဩဂုတ်လ ၁၂ ရက်နေ့တွင် လူငယ် များအား အသိအမှတ်ပြုဂုဏ်ပြုသည့် အခမ်းအနား များ ကျင်းပပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ခဲ့ပါ သည်။
လူငယ်များ၏ အသံ၊ လိုလားချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်လည်း ရပ်ရွာအကျိုးပြုလုပ်ငန်းများ၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာပူးပေါင်းပါဝင်လာစေရန်နှင့် လူငယ်များ၏ အသံ၊ လိုလားချက်များအပေါ် တာဝန်ရှိသူများက ပိုမိုသိရှိ နားလည် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ်မှစတင်ပြီး အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနား များကို အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်စဉ် ဩဂုတ်လ ၁၂ ရက် နေ့တွင် ကျင်းပပြုလုပ်ပေးလျက် ရှိပါသည်။
၂၀၂၂ ခုနှစ်အတွင်း ကောက်ယူခဲ့သည့် ကမ္ဘာလုံး ဆိုင်ရာ နှိုင်းယှဉ်လေ့လာချက်စစ်တမ်းအရ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်ဦးရေ၏ ၇၅ ရာခိုင်နှုန်း (သို့မဟုတ်) လေးပုံသုံးပုံသည် အင်တာနက်အသုံးပြုကြပြီး အဆိုပါ ရာခိုင်နှုန်းသည် အခြားသော အသက်အုပ်စုများထက် ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း ဖော်ပြထားရှိပါသည်။ သို့သော် လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒစ်ဂျစ်တယ်ပစ္စည်း များ သုံးစွဲနိုင်မှုနှင့် အင်တာနက် လက်လှမ်းမီသုံးစွဲ နိုင်မှုတို့တွင် လူငယ်များအကြား ကွာဟချက်များ ရှိနေဆဲဖြစ်ရာ ကျား မ၊ ဆင်းရဲ ချမ်းသာ ကွာဟချက် မရှိဘဲ လူငယ်အားလုံးအတွက် digital inclusion ဖြစ်စေရေး၊ digital platform တွင် လူငယ်တိုင်း လက်လှမ်းမီပါဝင်သုံးစွဲနိုင်ရေး တိုးမြှင့်ဆောင်ရွက် သွားရန် ကုလသမဂ္ဂအဖွဲ့ကြီးက တိုက်တွန်း နှိုးဆော်ထားပါသည်။
ဒစ်ဂျစ်တယ်နည်းပညာနှင့် ဒေတာအချက် အလက်များသည် စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်အပါအဝင် နယ်ပယ်များစွာအတွက် ကြီးမားသော အကျိုးသက်ရောက်မှုရှိကာ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များပါ ရည်မှန်း ချက် ၁၆၉ ခု၏ ၇၀ ရာခိုင်နှုန်းအထိ အထောက်အကူ ဖြစ်စေပြီး သုတေသနတွေ့ရှိချက်များအရ ဒစ်ဂျစ် တယ်နည်းပညာကို ထိရောက်စွာ အသုံးချခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ ပြည့်မီစေရေး အတွက် သုံးစွဲရမည့်ကုန်ကျစရိတ်အား အမေရိကန် ဒေါ်လာ ၅၅ ထရီလီယံအထိ လျှော့ချပေးနိုင်ကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ပေးထား သည့် ဆောင်ပုဒ်မှာ "From Clicks to Progress: Youth Digital Pathways for Sustainable Development" “စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်များရဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဖြင့် ဖော်ဆောင်ပေး”ဖြစ်ပြီး လူငယ်များသည် ဒစ်ဂျစ် တယ်ခေတ်တွင် မွေးဖွားလာကြသူများဖြစ်သည့် အားလျော်စွာ အခြားသော အသက်အရွယ်အုပ်စု များထက် နည်းပညာနှင့် ပိုမိုရင်းနှီးကျွမ်းဝင်ကြသူ များ ဖြစ်ကြသည်။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု နှင့်အတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် များ(Agenda2030) ပြည့်မီစွာ အကောင်အထည်ဖော် နိုင်ရေးအတွက် လူငယ်များက အဓိကအခန်းကဏ္ဍ မှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည်။
ဆန်းသစ်တီထွင်မှုဖြင့် အရှိန်မြှင့်တင်
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Agenda 2030) ပြည့်မီအောင် အကောင်အထည် ဖော်ရန် သတ်မှတ်ရက်သည်လည်း တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ရာ ပန်းတိုင်၊ ရည်မှန်းချက်များ ပြည့်မီစွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်သော လူငယ် များ၏ ဆန်းသစ်တီထွင်မှုဖြင့် အရှိန်မြှင့်တင် ဆောင်ရွက်သွားရန် တိုက်တွန်းထားရှိခြင်း ဖြစ်ပါ သည်။
လူငယ်များသည် နိုင်ငံတော်၏ အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်ပြီး အနာဂတ်နိုင်ငံတော်၏ အကောင်း အဆိုးသည် ယနေ့လူငယ်များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့အပေါ် မှီတည်နေရာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စနစ်တကျ ပြုစုပျိုးထောင်ပေးခြင်းသည် နိုင်ငံတော် ၏ အနာဂတ်ကို အကောင်းဆုံးပုံဖော်ဖန်တီးနေခြင်း ပင်ဖြစ်သည်။
တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံ အုတ်မြစ်သည် အသိပညာ၊ အတတ်ပညာ ပင်ကို အရည်အသွေးစွမ်းရည်များနှင့် ပြည့်စုံသည့် လူငယ် အရင်းအမြစ်များ ပိုင်ဆိုင်ထားရှိခြင်းဖြစ်သည်။ ယင်းကြောင့်လည်း ကမ္ဘာ့နိုင်ငံများတွင် လူငယ်များ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ရေး၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်စေရေး၊ ပညာရည်မြင့်မားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းကောင်းများရရှိရေးအတွက် မူဝါဒများ ချမှတ်ကာ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
၂၀၁၉ခုနှစ် ကြားဖြတ် လူဦးရေသန်းခေါင်စာရင်း အစီရင်ခံစာအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်၊ လူဦးရေ ၁၆ ဒသမ ၈ သန်း သည် အသက် ၁၅ နှစ် မှ ၃၄ နှစ်အထိ လူငယ်များ ဖြစ်ကြပြီး အသက် ၁၅ နှစ်အထက် လူဦးရေ၏ လုပ်သားအင်အားပါဝင်နှုန်းမှာ ၆၃ ရာခိုင်နှုန်း၊ လူဦးရေ ၂၂ ဒသမ ၉ သန်းရှိသည့်အတွက် မြန်မာ နိုင်ငံသည် မှီခိုသူလူဦးရေအချိုးအစား နည်းပါးပြီး အလုပ်လုပ်နိုင်သော လူဦးရေအချိုးအစား များပြားကာ လူသားအရင်းအမြစ် ပေါများသည့် အခြေအနေတစ်ရပ်ဖြစ်သည့် “လူဦးရေဆုလာဘ်” သို့မဟုတ် “အခွင့်အရေးတံခါး” (Demographic Bonus/ Demographic Window of Opportunity) ပိုင်ဆိုင်ရရှိထားသည်ဟု ဆိုနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ အဆိုပါအခွင့်အရေးကို အပြည့်အဝ အသုံးချကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်ရမည့် အချိန်အခါကောင်း ဖြစ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီလက်ထက်တွင် လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စ ရပ်များအား ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁-၈-၂၀၂၁)ရက်စွဲပါ အမိန့်အမှတ်(၁၅၁/၂၀၂၁)အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီး ဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အဖြစ် သီးခြားစီ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
ထို့နောက် ၂-၂-၂၀၂၂ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးအမှတ်စဉ်(၁/၂၀၂၂)၏ သဘောတူခွင့်ပြုချက် အရ လူငယ်ရေးရာဦးစီးဌာနအား အရာထမ်း ၃၆၉ ဦး၊ အမှုထမ်း ၁၅၁၁ ဦး စုစုပေါင်း ၁၈၈၀ ဖြင့် ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် အရာထမ်း ၂၈ ဦး၊ အမှုထမ်း ၉၀ စုစုပေါင်း ၁၁၈ ဦးဖြင့် လူငယ်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်
ထို့အတူ လူငယ်များကို မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိစေပြီး နိုင်ငံတော် ကိုအကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာ စေရေးအတွက် လူငယ်ရေးရာမူဝါဒအား အကောင် အထည်ဖော်ဆောင်ရွက်ရန် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများပါဝင်သည့် မြန်မာ နိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ၊ မြန်မာနိုင်ငံ လူငယ်ရေးရာလုပ်ငန်းကော်မတီနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူငယ်ရေးရာ ကော်မတီများကို ၂၄-၆-၂၀၂၂ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ရာ လူငယ်မျိုးဆက်သစ်များ အဘက်ဘက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်စေမည့် မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲကာ ထိရောက်စွာ အကောင်အထည်ဖော်ပေးနိုင်မည် ဖြစ်သည်။
လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊ အတွေးအခေါ်မှန်ကန်စေရေးနှင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သော အရင်း အမြစ်များ၊ ပံ့ပိုးမှုများ၊ ဝန်ဆောင်မှုများကို စနစ်တကျ ဖော်ညွှန်းထားသော မူဘောင်တစ်ခု ဖြစ်သည့် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ယင်းမူဝါဒနှင့်အညီ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)ကိုလည်း ၂၀၂၀ ပြည့်နှစ်တွင် အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်သည်။
လူငယ်ရေးရာမူဝါဒပါ လူငယ်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အဓိကကဏ္ဍ (၁၆)ရပ်ဖြစ်သည့် ပညာ ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မူးယစ်ဆေးဝါးနှင့်အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍ၊ အားကစားနှင့် အပန်းဖြေခြင်းကဏ္ဍ၊ အလုပ်အကိုင် အခွင့်အလမ်းကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ နိုင်ငံရေး ကဏ္ဍ၊ စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ၊ သုတေသနကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပြည်သူ့ နီတိနှင့်နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ၊ ကျား/မ ညီမျှမှုကဏ္ဍ၊ လူ့အခွင့်အရေးကဏ္ဍနှင့် နိုင်ငံတကာ ဆက်ဆံရေးကဏ္ဍရပ်များအပေါ် ခေတ်စနစ်အခြေ အနေနှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဝန်ကြီးဌာန များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လူငယ်ရေးရာကော်မတီ များ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ ပူးပေါင်းကာ အရှိန်မြှင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
မဟာဗျူဟာစီမံချက်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည့်အတွက် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်၍ မဟာဗျူဟာစီမံချက်ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်မှုအပေါ် ပြန်လည်သုံးသပ် ခြင်းနှင့် ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရေးဆွဲနိုင်ရေး အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
လူငယ်ကဏ္ဍ
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်လျက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေး ဦးတည်ချက်(၃)ရပ်အနက် တစ်ရပ်တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး”ဟု ချမှတ် ထားရှိကာ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ နောင်တစ်ချိန်တွင် နိုင်ငံတော်ကို အကျိုးပြုမည့် နိုင်ငံ့သားကောင်းများ ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီက ဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့်ပူးပေါင်းကာ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အစီ အစဉ်များကို ရေးဆွဲဆောင်ရွက်လျက်ရှိရာ လူငယ် လေ့လာရေးအစီအစဉ်များ၊ လူငယ်နှီးနှောဖလှယ် ရေးအစီအစဉ်များ၊ လူငယ်စကားဝိုင်းများ၊ လူငယ် စာဖတ်ဝိုင်းများ၊ လူငယ်စေတနာ့ဝန်ထမ်းအစီအစဉ် များ၊ လူငယ်ခေါင်းဆောင်မှု အစီအစဉ်များ၊ အားကစားပြိုင်ပွဲများ၊ နွေရာသီအားကစားသင်တန်း များ၊ လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များ၊ လူငယ် နှင့် စာပေအနုပညာပွဲတော်၊ လူငယ်စုံညီပွဲတော်၊ လူငယ်တွေ့ဆုံပွဲများ၊ အာဆီယံနှင့် ဒေသတွင်း လူငယ်ဆိုင်ရာ နိုင်ငံတကာအစည်းအဝေးများနှင့် လူငယ်ဖိုရမ်များ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များ နေ့ အထိမ်းအမှတ်အခမ်းအနား၊ အလုပ်အကိုင်ပြပွဲ များ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
လူငယ်များသည် လူ့ဘောင်အဖွဲ့အစည်း အတွက် အားကိုးအားထားပြုရသည့် တန်ဖိုးမဖြတ် နိုင်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် အနာဂတ် ခေါင်းဆောင်များလည်း ဖြစ်ကြပါသည်။ ခေတ်စနစ် များ မည်ကဲ့သို့ပြောင်းလဲစေကာမူ လူငယ်မျိုးဆက် သစ်များသည် အတွေးအခေါ်၊ အတွေ့အကြုံ၊ အရည် အသွေး၊ အစွမ်းအစများနှင့် ပြည့်စုံကာ ထူးချွန် ထက်မြက်နေသူများ ဖြစ်ရပါမည်။ အသိပညာ၊ အတတ်ပညာနှင့် အတွေးအခေါ် ထက်မြက်မြင့်မား သည့် လူသားအရင်းအမြစ်များဖြင့်သာ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးအတွက် မျက်မှောက်ကာလတွင် ရင်းနှီးမြှုပ်နှံ ရမည်ဖြစ်သည်။ လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံကာ လက်ရှိ ၎င်းတို့ရင်ဆိုင် ကြုံ တွေ့နေရသည့်စိန်ခေါ်မှုများနှင့် အခက်အခဲများ ကို ကျော်လွှားနိုင်စွမ်းရှိရန် လွန်စွာအရေးကြီးလှပါ သည်။ သို့မှသာ မိမိ မိသားစု၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံအကျိုးစီးပွားအတွက် တစ်ထောင့်တစ်နေရာ မှ သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကာ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်သော ပိုမိုကောင်းမွန် သည့် လူ့အဖွဲ့အစည်းကို ဖန်တီးနိုင်မည်ဖြစ် သည်။
(ဆက်လက်ဖော်ပြပါမည်)
- Log in to post comments